ဒီဇိုင်နာ မပုံ့ (My Favorite) ဖက်ရှင်က သူမရဲ့ သမီးကြီးနဲ့အတူ ဖြန့်ချိလိုက်တဲ့ “ZOEY” အမှတ်တံဆိပ် အိတ်မျိုးစုံ အရောင်းဆိုင်သစ် မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းက City Mart Marketplace မှာ ပြုလုပ်ခဲ့ပါတယ်။
တိုင်းရင်းသားရိုးရာများကို အခြေခံပြီး စိတ်ကူးကောင်းကောင်းနဲ့ ထုတ်လုပ်ထားတဲ့ “ZOEY” ကို ချစ်ခင် နှစ်သက်ကြသူများ၊ ဒီဇိုင်နာ မပုံ့ကို ချစ်ခင်တဲ့ အနုပညာရှင်များ၊ မော်ဒယ်များရဲ့ ZOEY Fashion Show ၊ သီဆိုဖျော်ဖြေမှုများနဲ့ အားပေးကြတဲ့ ပရိသတ်များ စည်ကားခဲ့ပါတယ်။

ZOEY အမှတ်တံဆိပ် ဖြစ်ပေါ်လာတဲ့ အပေါ် ဒီဇိုင်နာ မပုံ့က အခုလိုပဲ ဆိုပါတယ်။
“အဓိက Main ကတော့ အိတ်ပေါ့။ ပြီးတော့ မိခင်မေတ္တာပေါ့နော်။ My Favorite Brand ကို အရင်က ဆိုင်ဖွင့်ဖို့ ရည်ရွယ်တယ်။ ဒါပေမဲ့ သမီးလေးရဲ့ဆိုင်က Brand ကို အရင်အောင်မြင်စေချင်တော့ သူ့အတွက် အားစိုက် လုပ်ဖြစ်တယ်။ ဒီတနှစ်အတွင်းမှာ အရင်ဆုံးပေါက်သွားတဲ့ သဘောပေါ့”လို့ မပုံ့က ဆိုပါတယ်။

“ကျမက အရင်ကတည်းက တိုင်းရင်းသားလူမျိုးတွေကို ချစ်တယ်။ ချစ်တော့ ဘယ်ဒေသရောက်ရောက် တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ အစတွေ၊ ပုဝါတွေ၊ အိပ်ရာခင်းတွေ၊ စောင်တွေကို လေ့လာဖြစ်တယ်။ ဝယ်ယူ ဖြစ်တယ်။ တချိန်ချိန်ကျရင် ဒီဟာလေးနဲ့ လုပ်မယ်ဆိုတဲ့ စိတ်ကူးထားတဲ့ အိုင်ဒီယာလည်း ရှိတယ်။ ဒီဇိုင်နာလုပ်လာတဲ့ သက်တမ်း အနှစ် ၂၀ ပြည့်ပြီ။ ကိုယ့်အနေနဲ့ ကိုယ့်နိုင်ငံကို သဲတပွင့်လောက် အကျိုးပြုပြုပေါ့နော်”

“ကိုယ့်တိုင်းရင်းသားတွေရဲ့ Pattern တွေကို အသုံးပြုပြီးတော့ ဖက်ရှင်တွေ တီထွင်လာရင် တိုင်းရင်းသားတွေအတွက်လည်း အခက်အခဲတွေ အလုပ်အကိုင် အခွင့်အလမ်း အများကြီး ကောင်းလာတယ်။ ပြီးတော့ ကိုယ့်နိုင်ငံရဲ့ ဖက်ရှင်တွေ ဆိုတာလည်း နိုင်ငံတကာကို ကိုယ်က ထိုးဖောက်လာတဲ့ အချိန်မှာ ကိုယ်ကချပြခွင့် ရှိမယ်ဆိုတော့ ကိုယ်ကတတ်နိုင်တဲ့ ဘက်က ကြိုးစားတာပါ”လို့ ဒီဇိုင်နာ မပုံ့က ပြောပါတယ်။
ZOEY အမှတ်တံဆိပ်မှာ အဓိကအနေနဲ့ အိတ်ကို ဦးစားပေး ထုတ်လုပ်တာဖြစ်ပြီး နောက်ပိုင်းမှာ ZOEY နဲ့ ပတ်သက်တဲ့ အင်္ကျီတွေလည်း တင်သွားမယ်လို့ သိရပါတယ်။

ZOEY ဆိုင်ခွဲအနေနဲ့ စင်္ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာ ဆိုင်ခွဲများ ဖွင့်လှစ်ထားပြီး အမေရိကန်နဲ့ ဂျပန်နိုင်ငံမှာလည်း ဆိုင်ခွဲများ ဖွင့်လှစ်သွားမယ့်အပြင် တိုင်းရင်းသား အဆင်များနဲ့ ZOEY ဒီဇိုင်း ဝတ်စုံများကို ဆက်လက် ထုတ်လုပ်သွားမယ်လို့ ဒီဇိုင်နာ မပုံ့က ပြောပါတယ်။
The post တိုင်းရင်းသားတွေကို ချစ်တဲ့စိတ်နဲ့ ထုတ်တဲ့ ဒီဇိုင်နာ မပုံ့ရဲ့ “ZOEY” အမှတ်တံဆိပ် appeared first on ဧရာဝတီ.