မကြာမီ အနာဂတ် ကာလတခုမှာ အက်ရှင် အသားပေး “Mission: Impossible” ရုပ်ရှင်အသစ်တွေကို ပရိသတ်တွေက ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Christopher McQuarrie ကတော့ နောက်ထပ် ရိုက်မယ့် အဲဒီရုပ်ရှင်နှစ်ကားကို ကိုင်တွယ်ရိုက်ကူးဖို့ သဘောတူ ထားပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် နဲ့ ၂၀၂၂ခုနှစ် နွေရာသီကာလတွေ မှာ ရုံတင်ပြသနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
နောက်ဆုံး ရုပ်ရှင်နှစ်ကား ဖြစ်တဲ့ “Rogue Nation” နဲ့ “Fallout” တို့ကို ရိုက်ကူးခဲ့တဲ့ အဲဒီဒါရိုက်တာကြီးကတော့ ရုပ်ရှင်နှစ်ကားကို ဆက်တိုက်ရိုက်ကူးနိုင်ဖို့ ထုတ်လုပ်ရေး အချိန်ဇယားကို ထပ်တိုးထားပြီး စတူဒီယိုအနေနဲ့ ၂ နှစ်ဆက်တိုက် ရုပ်ရှင်ဖြန့်ချိစေမှာ ဖြစ်တယ်လို့ Variety မီဒီယာမှာ ပြောဆိုပါတယ်။
ဒါရိုက်တာကြီး McQuarrie ကတော့ အဲဒီ စိတ်လှုပ်ရှားစရာ သတင်းနဲ့ ပတ်သက်လို့ Twitter မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စူပါစပိုင် Ethan Hunt ရဲ့ ရုပ်ရှင် ၆ ကားလုံးမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Tom Cruise ကတော့ နောက်ထပ်ရိုက်မယ့် “Mission: Impossible” ရုပ်ရှင်တွေမှာ သူပါဝင်မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
မင်းသားဟာ “M:I” ဆိုတဲ့ ငွေရောင် စာသားနှစ်ခုဘေးမှာ မီးလောင်နေတဲ့ လောင်စာကြိုးနှစ်ခု ပါဝင်တဲ့ ဗီဒီယိုတခုကိုပါ မျှဝေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ့ပို့စ်မှာတော့ “Summer 2021 and Summer 2022” (၂၀၂၁ နွေရာသီနဲ့ ၂၀၂၂ နွေရာသီ)လို့ ရေးသားထားတာကို တွေ့ရပါတယ်။
ဒါရိုက်တာ McQuarrie ရဲ့ လက်ရာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Rogue Nation” ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၆၂၈ ဒဿမ ၇ သန်းနဲ့ ၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Fallout” ရုပ်ရှင်ကတော့ ဒေါ်လာ ၇၉၁ ဒဿမ ၁ သန်း ရရှိခဲ့ပါတယ်။
သူဟာ မင်းသား Cruise နဲ့အတူ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Jack Reacher” ရုပ်ရှင်မှာ ပါဝင်ခဲ့တာမို့လို့ အခုရုပ်ရှင်ဟာ သူတို့ရဲ့ ပဉ္စမမြောက်နဲ့ ဆဋ္ဌမမြောက် ပြန်လည် ဆုံစည်းမှုလည်း ဖြစ်ပါတယ်။
“Fallout” ရုပ်ရှင်ဟာ ဝင်ငွေပမာဏ တော်တော်များများ ရရှိခဲ့တဲ့နည်းတူ အဲဒီရုပ်ရှင်ဟာ မင်းသား Cruise အတွက် အန္တရာယ်အများဆုံး စတန့်ပြကွက်တွေကို မြင်တွေ့ခဲ့ကြရပါတယ်။
Ref: etcanada
The post “Mission: Impossible” ရုပ်ရှင်အသစ် ၂ကားမှာ မင်းသား Tom Cruise ကို ထပ်မံမြင်တွေ့ရဦးမည် appeared first on ဧရာဝတီ.