ယခုနှစ်မှာ ကျင်းပမယ့် ဂျပန်ရုပ်ရှင်ပွဲတော်ကိုတော့ ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၃ ရက်နေ့ထိ ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများမှာ ၁၀ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး မန္တလေးမြို့မှာတော့ ဖေဖော်ဝါရီ ၈၊ ၉၊ ၁၀ ရက်များမှာ ၃ ရက်ကြာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
“အရင်က ဂျပန်ရုပ်ရှင်ပွဲတော်တွေနဲ့ မတူဘဲ ၂၀၁၈ ခုနှစ်က စတင်ပြီးတော့ ဂျပန်ရုပ်ရှင်တွေကို ပိုကောင်းတဲ့ ရုပ်ရှင်တွေ၊ ဒီဇိုင်းတွေကို အသစ်ပြန်လည် ဖန်တီးတာက ၂၀၁၈ ခုနှစ်က စတာဖြစ်တဲ့အတွက် အခုအကြိမ်ကတော့ ၂ ကြိမ်မြောက် ဖြစ်ပါတယ်”လို့ The Japan Foundation မှ Mr.Koji Sato က ပြောပါတယ်။
အဆိုပါ ဂျပန်ရုပ်ရှင်ပွဲတော်ကိုတော့ ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံ ၊ JCGV Cinema Junction City တို့မှာ ပြုလုပ်ကာ ဂျပန်ရုပ်ရှင်ကားများ ပြသသွားမှာဖြစ်ပြီး မန္တလေးမြို့မှာတော့ ဝင်းလိုက် ရုပ်ရှင်ရုံမှာ ပြသသွားမယ်လို့ သိရပါတယ်။
“အဓိကကတော့ ရုပ်ရှင်တကားတည်းနဲ့ နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုကို မိတ်ဆက်ဖို့က ခက်ခဲတယ်။ အဲဒါကြောင့် ရုပ်ရှင်ကား တကားတည်းက မဟုတ်ဘဲနဲ့ ရုပ်ရှင်တွေထဲကနေ ဆက်စပ်နေတဲ့ အပိုင်းတွေက ရိုးရာယဉ်ကျေးမှုတွေကို ဂရုစိုက်မိအောင် ထည့်ထားပါတယ်။ တကားတည်းမှာပဲ ရိုးရာယဉ်ကျေးမှုတွေ ထည့်ဖို့အတွက်က ခက်ခဲပါတယ်”လို့ Mr.Koji Sato က ပြောပါတယ်။
ဂျပန်ရုပ်ရှင်ပွဲတော်မှာတော့ ရုပ်ရှင်ကား ၁၃ ကား ပြသသွားမှာဖြစ်ပြီး မြန်မာစာတန်းထိုး အင်္ဂလိပ်စာတန်းထိုးများနဲ့ ပြသပေးသွားမယ်လို့ သိရပါတယ်။ ဒီပွဲကိုတော့ မြန်မာနိုင်ငံ ဂျပန်သံရုံးနဲ့ The Japan Foundation Yangon တို့က ကြီးမှူးကျင်းပတာဖြစ်ပါတယ်။
အဆိုပါ ဂျပန် ရုပ်ရှင်ပွဲတော်ဟာ မည်သူမဆို အခမဲ့ သွားရောက်ကြည့်ရှုနိုင်တဲ့ ပွဲဖြစ်ပြီး ပွဲတော်အတွင်း ပါဝင်ပြသသွားမယ့် ရုပ်ရှင်ကားများထဲမှ ဒါရိုက်တာများနဲ့ ပရိသတ်များကို တွေ့ဆုံပေးဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
The post ယခုနှစ် ဂျပန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့တွင် ၁၀ ရက်ကြာ ပြုလုပ်မည် appeared first on ဧရာဝတီ.