ဒါရိုက်တာညွန့်မြန်မာညီညီအောင်က မကြာခင်ရုံတင်ပြသတော့မယ့် “ထာဝရထက် နှစ်ဆ” ဇာတ်ကားကြီးနဲ့ ပတ်သက်လို့ ဒီဇာတ်ကားဟာ အိန္ဒိယ ဇာတ်ကားကို ကျောရိုးယူထားတာ မှန်တယ်ဆိုပေမယ့် တင်ပြပုံမတူပါဘူးလို့ ဧရာဝတီကို ဆိုပါတယ်။
“အခု “ထာဝရထက် နှစ်ဆ” ကားကို ကော်ပီကားဆိုပြီး ဝေဖန်နေကြတယ်။ နာမည်ကြီးအဆိုတော်တွေလည်း ကော်ပီသီချင်းတွေနဲ့ စခဲ့ကြတာပါ။ အခုထိလည်း ကော်ပီသီချင်းတွေဆိုနေကြတုန်း သဘာဝခြင်းတူတယ်နော်။ ဘာသာပြန်ဝတ္ထုတွေလည်း ရှိခဲ့တယ်။ အခုဒီကားသည် ဘာသာပြန် နိုင်ငံခြားကားဟုတ်ပါတယ်။ မှီငြမ်းကားက ဒီလောက်အရေးကြီးနေတာလား။ ကျနော်တို့ ငယ်ငယ်က “ဆောင်းအိမ်မက်”ဆိုတာရှိတယ်။ အဲ့ကားလည်း နိုင်ငံခြားကားပါ”
“သီတာရေစင်တို့ သီချင်းတွေဆိုလည်း ကော်ပီတွေ ရှိတယ်။ ဒါကို ဘာလို့ ဟိုက်လိုက်လုပ်ချင်တာလဲ။ ကော်ပီမကြိုက်ရင် မကြည့်နဲ့။ ကြိုက်တဲ့ သူကြည့်မယ်။ ကျနော်လည်း တော်တော်လေးဆဲခံနေရတာ ပွနေတာပါ။ ကျနော်က ကျနော်ဘာသာဖြတ်သန်းတာပါ။ ညွန့်မြန်မာညီညီအောင်ဆိုတာ ကော်ပီဘဝနဲ့ လာခဲ့တာ မဟုတ်ဘူး။ အချိန်အနေရ အချိန်အခါ အရပါ။ ကျနော်တို့မှာလည်း အခက်အခဲတွေရှိတယ်”
“ ရိုက်ခါနီးကျမှ ထုတ်လုပ်သူပေးတာရိုက်လိုက်တာ။ ရုံမှာလာကြည့်ရင် ကျနော်နိုင်ငံခြားကားကို ကျောရိုးယူထားတာ မှန်တယ်။ Presentation မတူပါဘူး။ ကျနော်စိတ်ကူးနဲ့ ကျနော်ရိုက်ထားတာပါ။ ကျနော်တို့ ပုထုဇဉ်။ ပရိသတ်ဖြစ်နေ လို့သာ ဘာမှမပြောတာ။ ကျနော်တို့လည်း ခံစားရတာပါဘဲ။ ဇာတ်ညွှန်းကလည်း ရေးတင်လိုက်တာ ပိုဆိုးတာ။ “ကျွန်” ဇာတ်ကားတုန်းကလိုပေါ့။ အခု ကျနော် ဘာမှမပြောချင်တော့ပြောရင် အမှားပါမှာစိုးလို့။ ကျွန်တုန်းကလည်း ဂယက်ထတယ်” လို့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ဧရာဝတီကို ဆိုပါတယ်။
ထာဝရထက် နှစ်ဆ ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်ရုံတင်ပြသမှာဖြစ်ပြီး ဒီဇာတ်ကားက ဘောလိဝုဒ်ဇာတ်ကားကို ကော်ပီယူပြီး ရိုက်ကူးထားတဲ့အတွက်ကြောင့် ပရိသတ်များရဲ့ ဝေဖန်မှုများခံနေရတာ ဖြစ်ပါတယ်။
“အခု ထာဝရထက် နှစ်ဆမှာ ဂယက်ထတဲ့ အပေါ်ခံစားချက်ကတော့ ကျနော်တို့ရဲ့ ပရိသတ်ရှိမှရပ်တည်လို့ရတာ။ ပရိသတ်ကလွတ်လပ်စွာပြောခွင့်ရှိပါတယ်။ ပရိသတ်ကို Complain မလုပ်ပါဘူး။ ကျနော်ဒါကို ရှင်းပါသေးတယ်။ ရှင်းရင်းနဲ့ရပ်တော့ မပြောဘူး။ အဲ့တော့ ကျနော်မေတ္တာရပ်ခံချင်တာက ၁၈ရက်နေ့ရုံတင်မယ်လာကြည့်ပါပဲ ပြောချင်တယ်။ ကြည့်လိုက်ရင်တော့ရှင်းသွားမှာပါ”လို့ ညွန့်မြန်မာညီညီအောင် ကပြောပါတယ်။
ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ဟာ ၂၀၁၆ ခုနှစ်မှာ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်နဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ “အမှောင်မှာ ရွာချတဲ့ မိုးတိမ်” (ကျွန်) ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး အဲဒီဇာတ်ကားမှာ သရုပ်ဆောင် မြင့်မြတ်က အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။
ယခုသူရိုက်ကူးထားတဲ့ “ထာရထက် နှစ်ဆ” ရုပ်ရှင် ဇာတ်ကားထဲမှာတော့ မင်းမော်ကွန်း၊ မြင့်မြတ်၊ ရွှေမှုံရတီတို့က အဓိက ပါဝင်ထားကြပါတယ်။
The post “ထာဝရထက် နှစ်ဆ” ရုပ်ရှင်ကား ဝေဖန်မှုတွေအပေါ် ဒါရိုက်တာညွန့်မြန်မာညီညီအောင်ရဲ့ အပြော appeared first on ဧရာဝတီ.