ကိုရီးယားနိုင်ငံမှာ ကြည့်ရှုနှုန်း အမြင့်ဆုံးဖြစ်နေတဲ့ မင်းသား ပတ်ဘိုဂမ်နဲ့ မင်းသမီး ဆောင်ဟေဂိုတို့ ခေါင်းဆောင် ပါဝင်ထားတဲ့ “Encounter” ဇာတ်လမ်းတွဲအပြီးမှာ ပြသတော့မယ့် “Touch Your Heart” ဇာတ်ကားသစ်ကို ဖေဖော်ဝါရီလ ၆ ရက်မှာ ထုတ်လွှင့်သွားမှာပါ။
ကြည့်ရှုနှုန်းအမြင့်ဆုံး “Encounter” ပြီးခါနီးလို့ ပရိသတ်တွေ စိတ်မကောင်းဖြစ်နေကြပေမယ့် ဒီနေရာကို ဇာတ်လမ်းတွဲအသစ် “Touch Your Heart” က ဖြည့်ဆည်းပေးနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။
ဇာတ်ကား မထွက်ခင် Teaser အတိုလေးတွေနဲ့တင် ပရိသတ်စိတ်ဝင်စားခဲ့သလို ပါဝင်မယ့် ခေါင်းဆောင်တွေကလည်း “Goblin” ဇာတ်လမ်းတွဲမှာ ပရိသတ်သဘောကျခဲ့တဲ့ မင်းသား လီဒေါင်ဝုခ်နဲ့ မင်းသမီး ယူအင်နာဖြစ်လို့ စိတ် ဝင်စားမှုအရှိန် ပိုမြင့်နေခဲ့တာပါ။
“Encounter” လိုပဲနောက်ထပ် ရိုမန့်ဇာတ်ကားသစ် “Touch Your Heart” ဟာ နာမည်ကြီးရှေ့နေ နဲ့ ထိတ်ထိတ်ကြဲ မင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်း အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။
မင်းသား လီဒေါင်ဝုခ်ကလည်း ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး “ဒါရိုက်တာ ပါ့ခ်ဂျွန်ဟွာကလည်း ရှေ့နေ ကွမ်ဂျွန်ရော့ ဇာတ်ကောင်အတွက် ကျနော့်ကို အများကြီး ကူညီပေးပါတယ်။ ဇာတ်လမ်းထဲ ပေါ့ပေါ့ပါးပါးနဲ့ အလိုက်သင့် သရုပ်ဆောင်နိုင်အောင် သေချာသင်ပြပေးတယ်”လို့ ဆိုပါတယ်။
“Touch Your Heart” ဇာတ်လမ်းတွဲကို ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းတချက်က တွဲဖက်မင်းသမီး ယူအင်နာ ဖြစ်နေလို့ပါတဲ့။ “ဒီဇာတ်လမ်းကို ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းက အရင်က အတူတူသရုပ်ဆောင်ဖူးတဲ့ မင်းသမီး ယူအင်နာနဲ့ တွဲလုပ်ရမှာမလို့ပါ။ ကျနော်တို့တွေ အရင်ဇာတ်ကားမှာသရုပ်ဆောင်ပုံနဲ့ မတူအောင်လည်း ကြိုးစားထားပါတယ်”လို့ ဆိုပါတယ်။
မင်းသား လီဒေါင်ဝုခ်က သူသရုပ်ဆောင်ရမယ့် ရှေ့နေဇာတ်ကောင်နဲ့ ပတ်သက်ပြီး “ဇာတ်လမ်းထဲက ရှေ့နေ ဂျွန်ရော့က Dating ကိစ္စတွေ စိတ်မဝင်စားတဲ့သူ၊ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ခွဲခြားထားတဲ့ သူတယောက်ပါ။ အလုပ်က လွဲပြီး တခြားဘာမှ စိတ်မဝင်စားဘူးလို့ အများက ထင်ကြပေမယ့် တကယ်တမ်းတော့ ခင်မင်ရင်းနှီးဖို့ ကောင်းတဲ့သူပါ။ ဇာတ်လမ်းထဲက ဇာတ်ကောင်နဲ့ ကျနော့်ရဲ့ အပြင်ပုံစံနဲ့ဆို ၃၀ ရာခိုင်နှုန်းလောက် ထပ်တူကျပါတယ်”လို့ ဆိုပါတယ်။
“Touch Your Heart” ဇာတ်လမ်းတွဲအသစ်ကို ဖေဖော်ဝါရီ ၆ ရက်ကစလို့ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေး နေ့တိုင်း TvN က ထုတ်လွှင့်ပြသပေးသွားမှာပါ။
Ref: Soompi
The post လီဒေါင်ဝုခ်နဲ့ ယူအင်နာတို့အတွဲကို ထပ်မံမြင်တွေ့ရတော့မယ့် “Touch Your Heart” appeared first on ဧရာဝတီ.