အဆိုတော် Lady Gaga ဟာ လတ်စ်ဗေးဂတ်မြို့မှာပြုလုပ်ခဲ့တဲ့ “Enigma” ဖျော်ဖြေပွဲမှာ “Million Reasons သီချင်းကို ဖျော်ဖြေနေစဉ်မှာပဲ ခေတ္တရပ်နားပြီးတော့ အစိုးရယန္တရားတွေ ရပ်ဆိုင်းနေရတဲ့အတွက် အမေရိကန်ဒုသမ္မတကို ဝေဖန်ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ဖျော်ဖြေမှုမှာ စန္ဒယားတီးခတ်မှုကို ခေတ္တရပ်ဆိုင်းလိုက်ပြီးတော့ အဆိုတော် Gaga က အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေတဲ့အကြောင်းနဲ့ LGBT ကျောင်းသားတွေနဲ့ အလုပ်သမားတွေကိုလက်မခံတဲ့ စပရင်းဖီးလ်မြိုက ခရစ်ယာန်ကျောင်းမှာ အချိန်ပိုင်းစာသင်ဖို့ ဒုသမ္မတကတော် Mike Pence ရဲ့ ဇနီးသည် ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဆိုတော် Gaga က “အမေရိကန်ရဲ့ သမ္မတဆိုသူတွေရေ ကျေးဇူးပြုပြီး အစိုးရလုပ်ငန်းတွေ ပြန်လုပ်ခွင့်ပေးပါတော့။ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေ၊ ငွေလိုနေတဲ့သူများ အများကြီးရှိနေတယ်။ ပြီးတော့ LGBTQ ကို တားမြစ်ထားတဲ့ ကျောင်းတခုမှာ ဇနီး အလုပ်လုပ်တာဟာ လက်ခံသင့်တယ်လို့ ထင်နေတဲ့ Mike Pence ရေ ရှင်တော့မှားနေပြီ။ ကျမတို့က ခရစ်ယာန်တွေကို ဆန့်ကျင်ပြီး ခွဲခြားဆက်ဆံမှုတွေ မလုပ်သင့်ဘူးလို့ ပြောတယ်။ ရှင်ဟာ ခရစ်ယာန်တယောက်ဆိုတဲ့ အဓိပ္ပါယ်ကို အဆိုးရွားဆုံး ပုံဖော်နေတဲ့သူပဲ”
“ကျမက ခရစ်ယာန် အမျိုးသမီး တယောက်ပါ။ ပြီးတော့ ခရစ်ယာန်နဲ့ ပတ်သက်လို့ ကျမသိထားတာက တပါးသူကို ထိခိုက်အောင်မလုပ်ရဘူး။ လူတိုင်းကို ကြိုဆိုရမယ်။ ဒါကြောင့် မစ္စတာ Pence အနေနဲ့ မှန်ထဲမှာ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပြီး အမှန်တရားကို ရှာဖွေလိုက်ပါဦးနော်” လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် တဒင်္ဂလောက် စိတ်မကောင်းဖြစ်သွားရသည့်အတွက် တောင်းပန်ပါကြောင်း ပြောဆိုခဲ့ပြီး သီချင်းဆက် ဆိုခဲ့ပါတယ်။
Gaga ဟာ လိင်တူချစ်သူ LGBTQ အသိုင်းအဝန်းကို ထောက်ခံကြောင်း မကြာခဏပြောကြားလေ့ရှိသူဖြစ်ပြီး အိမ်ခြေရာမဲ့ LGBTQ လူငယ်တွေကို ကူညီဖို့ ပရဟိတအဖွဲ့တွေနဲ့လည်း ပူးပေါင်းထားသူဖြစ်ပါတယ်။
ဒါ့အပြင် ပတ်ဝန်းကျင်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူတွေကိုလည်း တတ်စွမ်းသလောက် ကူညီပေးနေသူလည်း ဖြစ်ပါတယ်။
Ref:Variety
The post အမေရိကန်အစိုးရ ယန္တရားတစိတ်တပိုင်း ရပ်ဆိုင်းနေသည့်ကိစ္စကို Lady Gaga ဝေဖန် appeared first on ဧရာဝတီ.