အနုပညာလောကမှာ အောင်မြင်မှုတခုကို ရရှိပိုင်ဆိုင်ထားပြီး ယခုအချိန်ထိ တကိုယ်တည်းဘဝနဲ့ နေထိုင်လျက်ရှိတဲ့ အကယ်ဒမီနေတိုးကတော့ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ချစ်ခြင်းတရားနဲ့ ဖူးစာကိုယုံတယ်လို့ ပြောပါတယ်။
“အခုချိန်ထိတော့ တယောက်တည်းပါပဲ။ မရွေးချယ်ရသေးပါဘူး။ လက်တွဲဖော် မိန်းကလေးကို အရည်အချင်းထား တယ်တော့ မဟုတ်ပါဘူး။ အဓိကကတော့ ကျနော်က ချစ်ခြင်းတရားနဲ့ ဖူးစာကို ယုံပါတယ်။ ကံတရားပေါ်မှာ အခြေခံပြီး ကြည်နူးစရာကောင်းတဲ့ချစ်ခြင်းမျိုးကို ဖြစ်စေချင်ပါတယ်” လို့ နေတိုးက ပြောပါတယ်။
လက်ရှိအချစ်ရေးကတော့ ထူးထူးခြားခြားမရှိသေးဘဲ ဘယ်သူ့ကိုမှလည်း မရွေးရသေးဘူးလို့ သိရပါတယ်။ နေတိုးကတော့ ၂၀၁၉ ခုနှစ်မှာ သူပြောင်းလဲနေထိုင်သွားမယ့်ပုံစံများနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါသေးတယ်။
“၂၀၁၉ မှာတော့ ရုပ်ရှင်ကားကြီးတွေကို ဦးစားပေးရိုက်သွားမယ်။ ရုံတင်မယ့်ကားတွေလည်း အများကြီးရှိတယ်။ ရိုက်ကူးမယ့်ကားတွေလည်း အများကြီးစီစဉ်ထားတာရှိပါတယ်။ နောက်ပြီးတော့ ၂၀၁၉ မှာ လူနေမှုပုံစံအနေနဲ့ရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ဖက်ရှင်အချို့ကိုရောပြင်ဆင်ဖို့အတွက်ကိုအတတ်နိုင်ဆုံးအကောင်းဆုံးလုပ်သွားဖု့ိရှိပါတယ်” လို့ နေတိုးကပြောပါတယ်။
မကြာခင်မှာလည်း အကယ်ထူးချွန်ဆုပေးပွဲကြီး ပေးတော့မှာဖြစ်ပြီး ယခုနှစ်မှာလည်း နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများမှာ အကယ်ဒမီစာရင်းဝင်နေတဲ့အတွက် သူ့ရဲ့ရင်ခုန်မှုကိုလည်းအခုလိုပြောပါတယ်။
“အကယ်ဒမီနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးရင်ခုန်တာတော့မရှိပါဘူး။ နှစ်တိုင်းလိုလို ကိုယ့်ကားတွေက ပါနေတယ်ဆိုပေမယ့် ပရိသတ်ရဲ့အသံကို နားထောင်ပြီးတော့ ကျနော့်အတွက် အကယ်ဒမီခန့်မှန်းပေးရင် ကျေနပ်တယ်။ ကြည်နူးတယ်။ ဒီလိုပဲရခဲ့တဲ့နှစ်ရှိသလို လွဲခဲ့တဲ့နှစ်ရှိတယ်။ အဲဒါကြောင့် အကယ်ဒမီနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးရင်ခုန်တာတော့ မရှိတော့ပါဘူး” လို့ နေတိုးကပြောပါတယ်။
ဒါ့အပြင် ယခုနှစ်မှာ ထူးခြားစွာနဲ့ သတင်းစာဆရာအသင်းမှ ပေးအပ်ချီးမြှင့်မယ့် Star Awards ဆုနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို မေးကြည့်တဲ့အခါမှာတော့ အခုလိုဆိုပါတယ်။
“ဆုတွေပေါ်လာတာတော့ ကောင်းပါတယ်။ အကုန်လုံးကတော့ တိကျမှုနဲ့ ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်လို့ မြင်ပါတယ်။ မုန်းစွဲနှုတ်ထွက်သွားတဲ့အပေါ်တော့ မပြောတတ်ဘူး။ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေနဲ့ အများကြီးဆိုင်မယ်လို့ထင်ပါတယ်” လို့ နေတိုးက ပြောပါတယ်။
နေတိုးကိုတော့ ‘မုန်းစွဲ’ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီခန့်မှန်းပေးနေကြတာ ဖြစ်ပါတယ်။
The post ချစ်ခြင်းတရားနဲ့ ဖူးစာကိုယုံတဲ့ သရုပ်ဆောင် နေတိုး appeared first on ဧရာဝတီ.