ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးမယ့် “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်ဒေါင်း၊ အိန္ဒြာကျော်ဇင်နဲ့ ဝင်းခန့်မိုးတို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ကြမယ့် အနုပညာရှင်တွေရဲ့ ဇာတ်ကောင်တွေရွေးချယ်ဖြစ်တဲ့ အကြောင်းကို ဒါရိုက်တာ ထူးပိုင်ဇော်ဦး ကအခုလိုပဲ ဧရာဝတီကိုပြောပါတယ်။
“ကျနော် လရောင်အောက်ဘက်မိုင်အဝေးမှာ ဝတ္ထုကို ဆယ်ကျော်သက် အရွယ်ကတည်းက တနေ့နေ့ တချိန်ချိန် ဒါရိုက်တာဖြစ်ရင် ရိုက်ချင်တယ်ဆိုတဲ့ အဲ့ စိတ်လေးရှိထားတယ်။ ဝတ္ထုကို အရမ်းကြိုက်တယ်။ အကြောင်းအရာကို အရမ်းကြိုက်တယ်။ တကယ်ဒါရိုက်တာဖြစ်လာတယ်။ အတွေ့အကြုံတခုရောက်လာပြီ။ အနေအထားတခုရောက်လာ တဲ့ အချိန်မှာ ဒီဝတ္ထုကို ကိုင်တွယ်နိုင်ပြီလို့ ယုံကြည်တဲ့အချိန်မှာ ဒိဝတ္ထုကို ရိုက်ဖို့ စဖြစ်ခဲ့တာပါ”
“ ဒေါင်းနဲ့ မအူဝဲ ကိုရွေးချယ် ဖြစ်တာကတော့ ဆရာမဂျူးဆီက ၂၀၁၆ ခုနှစ်မှာ သဘောတူညီမှုရပြီးနောက်ပိုင်း သရုပ်ဆောင်တွေကို စဉ်းစားတယ်။ အရင်တုန်းကတော့ စိတ်ကူးယဉ်ခဲ့တာတွေရှိတာပေါ့။ အရင်က စိတ်ကူးယဉ်ခဲ့တာက အသက်အရွယ်အပိုင်းအခြား တခုက သရုပ်ဆောင်တွေရှိခဲ့တယ်။ အဲ့ဒီ သရုပ်ဆောင်တွေက အသက်အရွယ်တခု ရလာချိန်မှာ ကျနော်ရိုက်မယ်ဆိုတော့ အရွယ်တွေက ပိုပြီးကြီးနေတာ တွေလည်း ရှိတယ်လေ”
“ အဲ့တော့ ဇာတ်နဲ့ အလိုက်ဖက်ဆုံးသရုပ်ဆောင်ကို ရွေးချယ်လိုက်တာပါ။ ကျနော် “နေရောင်ခန့်” နေရာမှာ “ဒေါင်း”ကို မြင်ပြီး ဖတ်ကြည့်ချိန်မှာ ဒေါင်းက ကျနော်အတွက် နေရောင်ခန့်ဖြစ်တယ်။ အဲ့လိုပဲ “ ဒေါ်ခင်သန့်စင်”နေရာကို “မအူဝဲ” ကိုမြင်ပြီ ဖတ်ချိန်မှာ မအူဝဲနဲ့ အလိုက်ဖက်ဆုံး ဖြစ် တာကြောင့် မအူဝဲကို ရွေးချယ်ဖြစ်တာပါ။ ကျနော် ဇာတ်ကိုဖတ် ကတည်းက “သိဒ္ဓိ” နဲ့ “ဒီပါ” နေရာကို အသစ်ပဲ တင်မယ်လို့စိတ်ကူးထားပြီးသားမို့ အသစ်တွေပဲ ရွေးချယ်ဖြစ်တယ်။ သူတို့ကို Train ပေးတာ ၆လလောက်ရှိပါပြီ”လို့ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
ဇာတ်ကားတကားနဲ့ တကားပုံစံတွေ မတူဘဲ ဇာတ်ကားတကားရိုက်ကူးမှုအပေါ် သူရဲ့ ခံယူချက်ကိုလည်းအခုလိုဆိုပါတယ်။
“ဒီကားမှာ ရွေးချယ်ထားတဲ့ ဝါရင့်ပဲဖြစ်ဖြစ် အသစ်ပဲ ဖြစ်ဖြစ် ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေကို အပြည့်စုံဆုံး ပုံဖော်နိုင်မယ်လို့ ယုံကြည်နဲ့ သရုပ်ဆောင်တွေ ကိုရွေးထားတာပါ။ ကျနော်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေကတကားနဲ့ တကား ပုံစံတွေ မတူဘူး။ ဘာတူလဲ ဆိုတော့ ကျနော် တန်ဖိုးမှုကတော့ အတူတူပါပဲ။ အဲ့တန်ဖိုးထားတဲ့ အပေါ်မှာ ပရိသတ်ခံစားရမယ့် အနုပညာရသကို ကျနော်ဘက်က ဖြည့်စည်းပေးနိုင်ဖို့ ကျနော်ကားတိုင်းမှာ ၁၀၀ရာခိုင်နှုန်းအား ထုတ်ပါတယ်။ ဇာတ်ကားကိုတော့ ဖေဖော်ဝါရီလမှာ စတင်ရိုက်ကူးမှာပါ”လို့ ထူးပိုင်ဇော်ဦးကပြောပါတယ်။
ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ဆိုတဲ့ ရုပ်ရှင်ဟာ စာရေးဆရာမဂျူးရဲ့ ဝတ္ထုကို ပုံဖော်ရိုက်ကူးသွားမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။
ထူးပိုင်ဇော်ဦးကိုတော့ “ည” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပုံဖော်သူအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ အဲ့ဒီနောက် “သူစိမ်းအိမ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ ဖွေးဖွေး တို့နဲ့ ရိုက်ကူးထားပါသေးတယ်။
The post “လရဲ့အောက်ဘက် မိုင်အဝေးမှာ” သရုပ်ဆောင်ရွေးချယ်မှု အကြောင်းပြောတဲ့ ထူးပိုင်ဇော်ဦး appeared first on ဧရာဝတီ.