ကမ္ဘာကျော် ဘောလိဝုဒ် မင်းသား ရှာရွတ်ခန်းရဲ့ သမီး ဆူဟာနာခန်းက မကြာသေးခင်က သူ့ရဲ့ Instagram အကောင့်ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်အတွင်းမှာ အများက ထင်မှတ်မထားတဲ့သူနဲ့ ဒိတ်လုပ်ချင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
ပရိသတ်တယောက်က “ဒိတ်လုပ်ချင်တဲ့ သရုပ်ဆောင်က ဘယ်သူလဲ” ဆိုပြီးမေးလာခဲ့တာပါ။ အဲဒီအခါ ဆူဟာနာက တောင်ကိုရီးယားနာမည်ကျော် EXO အဖွဲ့ခေါင်းဆောင်၊ သရုပ်ဆောင် Suho ရဲ့ ဓာတ်ပုံနဲ့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ အဲဒီပရိသတ်ရဲ့ အမေးကို “သူပါ” ဆိုပြီးတော့လည်း ပြန်ဖြေခဲ့တာပါ။ Suho ရဲ့ နာမည်အရင်းကတော့ Kim Jun-Myeon ဖြစ်ပါတယ်။
ဆူဟာနာဟာ သရုပ်ဆောင်တယောက် ဖြစ်ချင်တယ်ဆိုတာ လျှို့ဝှက်ချက်တခုတော့ မဟုတ်ပါဘူး။ သူမဟာ Vogue မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ ရှာရွတ်ခန်းနဲ့ ဇနီးသည် ဂူရီခန်းတို့ဟာ မကြာခဏဆိုသလို ဆူဟာနာနဲ့ ကလေးတွေဖြစ်တဲ့ အာယန်နဲ့ အက်ရန်တို့ရဲ့ ပုံတွေကို ဝေမျှလေ့ရှိပါတယ်။

ဆူဟာနာဟာ ရိုမီယိုနဲ့ ဂျူလီးယက် မှီးငြမ်းပြဇာတ်မှာ ဂျူးလီယက်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သမီးလေးရဲ့ ဖျော်ဖြေတင်ဆက်သူမှုကို ကြည့်ရှုဖို့ ဖခင်ဖြစ်သူ ရှာရွတ်ခန်းဟာ လန်ဒန်ကို သွားရောက်ခဲ့ပါသေးတယ်။
ဆူဟာနာဟာ ဇာတ်လမ်းတိုတခုကို သူငယ်ချင်းတွေနဲ့အတူ ရိုက်ကူးပြီးတော့ အွန်လိုင်းပေါ်မှာ ဝေမျှခဲ့ဖူးပါသေးတယ်။ ရှာရွတ်ခန်းကတော့ သမီးလေး ဆူဟာနာဟာ သရုပ်ဆောင်ဖြစ်ချင်တာလို့ Hindustan Times နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်သင့်တယ်လို့ ပြောဆိုထားပါတယ်။
မင်းသားက “ဆူဟာနာဟာ သူက သရုပ်ဆောင် ဖြစ်ချင်တယ်ဆိုရင် နောက်ထပ် ၃၊ ၄ နှစ်လောက် သရုပ်ဆောင် အလုပ်ကိုလေ့လာဖို့ လိုပါသေးတယ်။ မနက်ဖြန် ရုပ်ရှင်တွေထဲမှာ ကျနော့်ရဲ့ကလေးတွေက သရုပ်ဆောင်သင့်ပြီလို့ ခံစားရတဲ့ အနုပညာလုပ်ငန်းထဲက သူငယ်ချင်း တော်တော်များများကို ကျနော် သိပါတယ်” လို့ ပြောဆိုခဲ့ဖူးပါတယ်။
Ref: hindustantimes
The post EXO အဖွဲ့ဝင် Suho နဲ့ တွဲချင်တယ်ဆိုတဲ့ ရှာရွတ်ခန်းရဲ့ သမီး ဆူဟာနာခန်း appeared first on ဧရာဝတီ.