ဗြိတိသျှမင်းသမီး Emma Watson ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ G7 ကျား၊ မ တန်းတူညီမျှမှု ရှိစေရေး အကြံပေးကောင်စီရဲ့ ပထမဆုံးအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် မင်းသမီးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှာ UN Women Goodwill Ambassador ဖြစ်လာခဲ့ပြီး UN Women အဖွဲ့ရဲ့ ကျား၊မ တန်းတူအခွင့်အရေးရရှိဖို့ လှုံ့ဆော်တဲ့ ကမ်ပိန်းဖြစ်တဲ့ HeForShe အစီအစဉ်မှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
အမျိုးသမီးများအတွက် ဥပဒေပြုရေးဆိုင်ရာ အစီအစဉ်တွေနဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်များကို ဖော်ထုတ်ရေး အစည်းအဝေးကို ပဲရစ်မြို့မှာရှိတဲ့ Elysee နန်းတော်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ပြင်သစ်သမ္မတ Emmanuel Macron ၊ တက်ကြွလှုပ်ရှားရေးအဖွဲ့တွေနဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေနဲ့အတူ မင်းသမီးက တက်ရောက်ခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကုလသမဂ္ဂသံအမတ်အဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာ မင်းသမီးက “UN Women’s Goodwill Ambassador အနေနဲ့ ထမ်းဆောင်ရတာ တကယ့်ကိုပဲ စိတ်လှုပ်ရှားရပါတယ်။ တကယ့်ကို ကွဲပြားမှုတွေကို ဖန်တီးဖို့ အခွင့်အရေးဟာ လူတိုင်းကိုပေးထားတဲ့ အခွင့်အလမ်းမဟုတ်ဘဲ ကျမက ဒါကို ပေါ့ပေါ့ပါးပါးအနေနဲ့ စဉ်းစားထားတာမျိုးလည်း မဟုတ်ပါဘူး” လို့ဆိုပါတယ်။
HeforShe ကမ်ပိန်းမှာ ပါဝင်ရတာဟာ မင်းသမီး Emma အတွက် ဂုဏ်အယူရဆုံးအရာဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ကျား၊ မ တန်းတူ ညီမျှမှုရှိတဲ့ ကမ္ဘာနဲ့ နီးကပ်တယ်လို့ ခံစားရပြီး လွန်ခဲ့တဲ့ ၂ နှစ်ကထက် ပိုမိုနီးကပ်လာတယ်လို့ ခံစားရကြောင်း ပြောဆိုထားပါတယ်။ ပြီးတော့ အခုလိုမျိုး ကမ်ပိန်းမှာ တတပ်တအား ပါဝင်နိုင်ခွင့်ရတာ တော်တော်လေးကို ကံကောင်းတယ်လို့လည်း ဆိုပါတယ်။
၄၅ ကြိမ်မြောက် G7 ထိပ်သီးအစည်းအဝေးကို လာမယ့် သြဂုတ်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်အထိ၊ ပြင်သစ်နိုင်ငံ Nouvelle-Aquitaine မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် အစည်းအဝေးကိုတော့ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။
Ref: asiaone
The post ပြင်သစ်သမ္မတနဲ့အတူ G7 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့မင်းသမီး Emma Watson appeared first on ဧရာဝတီ.