The Voice Myanmar အဆိုပြိုင်ပွဲမှာ Hip Hop သီချင်းတွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အဆိုတော် Woofer ရဲ့ “Autobiography” အခွေမိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းမှာရှိတဲ့ The Corner Bar မှာ ပြုလုပ်ခဲ့ပါတယ်။
အခွေထုတ်ဖြစ်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော် Woofer က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“အခွေကို လုပ်ဖြစ်ဖို့တော့ ကျနော်နဲ့ ကိုကျား(ဟန်ထူးလွင်) နဲ့ တိုင်ပင်ထားတာ မဟုတ်ပါဘူး။ ကိုကျားက Music Instrumental တွေ ပို့ပေးတာကို ကျနော်က သီချင်းစာသားတွေ ဆိုထည့်တယ်။ အဲဒီအချိန် စိတ်ထဲမှာရှိတဲ့ အကြောင်းအရာတွေကို ထည့်ဆိုရင်းနဲ့ သီချင်းတွေများလာလို့ အခွေလုပ်ဖြစ်တာပါ။ အခွေလုပ်မယ်ဆိုပြီး တည်ပြီးလုပ်ခဲ့တဲ့ သီချင်းတော့ မရှိပါဘူး”လို့ အဆိုတော် Woofer က ဧရာဝတီကို ပြောပါတယ်။
Woofer ရဲ့ သီချင်းခွေထဲမှာ သီချင်း ၅ ပုဒ်ပါပြီး ၅ ပုဒ်လုံးကို အဆိုတော် ကျားပေါက်က တီးထားပေးတာဖြစ်ပါတယ်။ ပရိသတ်တွေကို ချပြမယ့် ဒီသီချင်းခွေမှာ သီချင်း ၅ ပုဒ်ပဲ ပါတဲ့ အပေါ် အဆိုတော် Woofer က အခုလိုပဲ ပြောပါတယ်။
“သီချင်းတွေ ထပ်ထည့်ဖို့ ကျနော်တို့ စဉ်းစားသေးတယ်။ ဒါပေမယ့် Bipolarbear Production အောက်ကပဲ ထွက်ချင်တဲ့အတွက် ကိုကျား တီးထားပေးတဲ့ သီချင်းတွေကိုပဲ အခွေထဲ ထည့်လိုက်တာပါ။ တခြားသီချင်း တွေတော့ရှိပေမယ့် Bipolarbear က လုပ်တဲ့ Music တွေနဲ့ပဲ သီးသန့် လုပ်ဖြစ်သွားတာပါ။ Featuring အနေနဲ့တော့ The Voice Myanmar က Jawa အောင်မွန်နဲ့ မြတ်မြတ်မျိုးထက်တို့ ပါဝင်ထားပေးပါတယ်” လို့ Woofer ကပြောပါတယ်။
အဆိုတော် Woofer က The Voice Myanmar မပြိုင်ခင်မှာ Hip Hop Underground မှာ သီချင်းတွေ ၈ နှစ်လောက် သီဆိုခဲ့ပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။
“Hip Hop က ခုံးတံတားအောက်မှာ Freestyle လက်တန်း ပြိုင်တာတို့ Night Club တွေမှာ ပြိုင်တာတို့လောက်ပဲ ရှိပြီး ရုပ်သံတွေမှာ ယှဉ်ပြိုင်မှုတွေ မရှိသေးလို့ ဝင်ပြိုင်ခဲ့တာပါ။ ဒါပေမယ့် ဒိုင်တွေက ဘယ်သူမှန်းမသိရသေးဘူး။ ပထမဆုံး သိရတာက ကိုရန်ရန်ချန်း ဖြစ်နေလို့ Hip Hop ကို ပြိုင်လို့ရပြီဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားပြိုင်ဖြစ်တာပါ” လို့ Woofer က ပြောပါတယ်။
ဆက်လက်ပြီးသူက The Voice မှာ နောက်ထပ်ယှဉ်ပြိုင်မယ့် သူတွေအတွက် စကားလက်ဆောင်အနေနဲ့ အခုလိုပဲ ပြောခဲ့ပါတယ်။
“ကိုယ်ချပြချင်တဲ့ဟာကို အကောင်းဆုံး ချပြပါ။ သီချင်းကို မှန်ကန်အောင် ရွေးပါ။ ဘေးစကားတွေကို ခံနိုင်ရည်ရှိအောင် ကြိုးစားထားပါ။ ကျန်တာတွေ ဘာကိုမှ ဂရုမစိုက်ဘဲ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးဖြစ်အောင်လုပ်ပါလို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
“Autobiography” အခွေဟာ Woofer ရဲ့ ပထမဆုံးခွေဖြစ်ပြီး နောက်ပိုင်း အနုပညာလှုပ်ရှားမှု အနေနဲ့ “ရွှေ” တေးထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ အခွေမှာ အဆိုတော် ချစ်ကောင်း၊ အိမ့်ချစ်၊ ဆုန်သင်းပါရ် တို့နဲ့ အတူ တွဲပြီး သီချင်းခွေထွက်ဖို့ ရှိပါတယ်။
နောက်ပြီး The Voice Myanmar က အဆိုတော် ၁၀ ယောက်ပေါင်းပြီး အခွေတခွေ ထွက်ဖို့ ရှိသေးတယ်လို့ သိရပါတယ်။ နောက်ပြီးရင်တော့ ဒုတိယ တကိုယ်တော်အခွေ ထပ်မံထုတ်ဖို့ ရှိသေးတယ်လို့ Woofer က ဧရာဝတီကို ပြောပါတယ်။
အဆိုတော် Woofer နဲ့ ဧရာဝတီ သတင်းဌာန အင်တာဗျူး ရုပ်သံ
အခွေအကြောင်း ပြောပြလာတဲ့ Hip Hop အဆိုတော် Woofer
အခွေအကြောင်း ပြောပြလာတဲ့ Hip Hop အဆိုတော် Woofer (ရုပ်/သံ)ဧရာဝတီ ၊ ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၉"အခွေရယ်ဆိုပြီး လုပ်ဖြစ်ဖို့က ကိုကျားပေါက်နဲ့ တိုင်ပင်ထားတာ မဟုတ်ပါဘူး။ ကိုကျားက Music Instrumental ပို့လိုက်တာကို ဒီဘက်ကနေ သီချင်း Random တွေ ဆိုထည့်ပေးလိုက်ပြီး အကြောင်းအရာတွေ တည်ပေးလိုက်တယ်။ ကိုယ့်စိတ်ထဲက ဖြစ်လာတာတွေကို လုပ်လိုက်တာပါ"လို့ Hip Hop အဆိုတော် Woofer က ပြောပါတယ်။အင်တာဗျူး – ရေဗန် ရိုက်ကူး/တည်းဖြတ် – နေပိုင်
Posted by The Irrawaddy Lifestyle on Friday, February 22, 2019
The post ပထမဆုံး တကိုယ်တော်သီချင်းခွေ ထွက်လာတဲ့ အဆိုတော် Woofer appeared first on ဧရာဝတီ.