ကစ်ကစ်လို့ ခေါ်ကြတဲ့ ပရိသတ်အချစ်တော်အကယ်ဒမီမင်းသမီး ဝတ်မှုံရွှေရည်ရဲ့ ညီမဖြစ်တဲ့ နဒီရွှေရည်ကတော့ အစ်မဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် Beauty Blogger တယောက်လုပ်ဖို့စတင်နေပြီလို့ သိရပါတယ်။
“Blogger လုပ်ဖို့အတွက်က အစ်မကတိုက်တွန်းတာတော့ကြာပြီ။ ကိုယ်ကရှက်လို့ မလုပ်ရဲသေးတာပေါ့။ အပျော်တမ်း ဗီဒီယိုလေးတွေတင်ရင်းနဲ့မှ လုပ်နေပါတယ်။ အရင်ကတည်းက မိတ်ကပ်ပြင်ရတာအရမ်းကြိုက်တယ်။ အပြင်လေး ဟိုနေရာ ဒီနေရာသွားရင်တောင် မိတ်ကပ်လိမ်းလိုက်ရမှ။ ဝါသနာပါလို့ လုပ်ဖြစ်သွားတာပေါ့။ လိုအပ်ချက်တွေကတော့ အကုန်ပြောပြပေးတယ်။ မကစ်ကို ပရက်ရှိုးတပွဲတော့ပြင်ပေးခဲဖူးတယ်” လို့ နဒီရွှေရည်ကပြောပါတယ်။
Blogger တယောက်အဖြစ် “Nadi Shwe Yi – KAY” နာမည်ဖြင့် ဆိုရှယ်မီဒီယာမှာ မိတ်ကပ်ပြင်နည်းများ တင်ပေးတာတော့ သိပ်မကြာသေးဘဲ စလုပ်ခါစဖြစ်တာကြောင့် မသေသပ်သေးဘူးလို့ ဆိုပါတယ်။
“အကုန်လုံးကိုကြည့်တယ်။ မိတ်ကပ်ပြင်တာဝါသနာပါတော့ ဗီဒီယိုလေးတွေတက်လာတိုင်းကြည့်ဖြစ်တယ်။ မကစ်က တော့ အရမ်းကိုလုပ်စေချင်တာတော့ကြာပြီ။ သူကတဖွဖွနဲ့ပြောနေတာ ဗီဒီယိုလေးတွေ ရိုက်တင်ပါလား ဆိုပြီးတော့။ အခုနောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့တော့ ပြောင်းလဲသွားမှာပေါ့လေ။ အခုမှစလုပ်တာဆိုတော့ အရမ်းတော့ မသေသပ်သေးဘူး။ နောက်တော့သေသပ်သွားမှာပေါ့လေ” လို့ နဒီရွှေရည်ကပြောပါတယ်။
အစ်မဖြစ်သူ ဝတ်မှုံရွှေရည်နဲ့ အသက် ၁၀နှစ်ခန့်ကွာပြီး အစ်မဖြစ်သူက သူမရဲ့ Blogger အလုပ်ကိုအားပေးသလို အမျိုးသားဖြစ်သူကလည်း ပံ့ပိုးပေးတယ်လို့ ပြောပါတယ်။

“အမျိုးသားကတော့ သူအလုပ်မအားတဲ့ကြားထဲကနေ ညီမရိုက်ထားတဲ့ ဗီဒီယိုတွေကို Editing လုပ်ပေးပါဦးဆိုရင် လုပ်ပေးရှာတယ်။ ရိုက်ပေးပါဦးဆိုလည်း ရိုက်ပေးတယ်။ အမျိုးသားကတော့ အများကြီး ပံ့ပိုးပေးတယ်” လို့ နဒီရွှေရည်ကပြောပါတယ်။
ညီအစ်မ ၂ယောက်တည်းရှိပြီး အသက် ၁၀နှစ်ခန့်ကွာသော်လည်း သူမကအိမ်ထောင်အရင်ကျကာ သားလေး တယောက်ရနေပြီး အစ်မဖြစ်သူ ဝတ်မှုံရွှေရည်ကတော့ အပျိုကြီးတယောက်အဖြစ်ရှိနေတဲ့အပေါ်လည်း အခုလိုပြောပါတယ်။
“အပျိုကြီးပဲကောင်းပါတယ်။ ဘာလို့ယူမှာလဲနော်။ ကိုယ့်အစ်မဆိုတော့လည်း နှမြောတယ်။ သူစိတ်ချမ်းသာ အောင်ထားမယ်ဆိုရင်တော့ ဘာမဆိုသူ့သဘောပါပဲ။ ကိုယ်ကတော့ ညီမဆိုတော့ နှမြောတာပေါ့။ အစ်မကိုစိတ်ချမ်းသာအောင်ထားရင် ပြီးတာပါပဲ။ စိတ်ချမ်းသာရင်ပြီးရော” လို့ နဒီရွှေရည်ကပြောပါတယ်။
အစ်မဖြစ်သူ ဝတ်မှုံရွှေရည်ကတော့ လက်ရှိမှာတယောက်တည်းပဲရှိနေပြီး စိတ်ချမ်းသာအောင်ထားမယ့်သူဆို သဘောတူမှာဖြစ်တယ်လို့ ဆိုပါတယ်။
“မကစ်က စိတ်မာတယ်။ ညီမကျတော့ စိတ်ပျော့တယ်။ အစ်မဆိုတာထက် ၁၀နှစ်လည်းကွာတော့ အမေလိုဖြစ်နေတာပေါ့နော်။ ကိုယ့်အပေါ်ကို ကာကွယ်မှုတွေပေးတဲ့ အစ်မတယောက်ပါ။ အိမ်မှာတော့ ညီမ၂ယောက် ရုပ်ရှင်ကြည့်တယ်။ မုန့်စားတယ်။ စားချင်တာလေးတွေ ချက်စားကြတယ်” လို့နဒီရွှေရည်က ပြောပါတယ်။
The post Beauty Blogger လုပ်နေပြီဖြစ်တဲ့ ဝတ်မှုံရွှေရည်ရဲ့ ညီမဖြစ်သူ နဒီရွှေရည် appeared first on ဧရာဝတီ.