အကယ်ဒမီရပြီးနောက်ပိုင်း အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့ သရုပ်ဆောင် ချမ်းသာကြည်စိုးက အကယ်ဒမီရပြီး နောက်ပိုင်း ဇာတ်ကားများရိုက်ကူးဖို့ လာမငှားကြတဲ့အတွက် သရုပ်ဆောင်နည်းပြလုပ်နေပါလို့ ဆိုပါတယ်။
“အနုပညာအလုပ်တွေနဲ့ ဝေးနေတာတော့ မဟုတ်ဘူး။ Laurel Art အနုပညာ သင်တန်းကျောင်းမှာ နည်းပြလုပ်နေပါတယ်။ ဘာကြောင့်နည်းပြ လုပ်ခဲ့သလဲဆို ကျနော်ရခဲ့တဲ့ အကယ်ဒမီပေါ်မှာ ဘာတာဝန်ကျေခဲ့ပြီးပြီလဲ စဉ်းစားတယ်။ ပြန်စဉ်စားတဲ့အခါ သရုပ်ဆောင်လုပ်ရတဲ့ အခွင့်အရေးကတော့ သူများငှားမှ ရိုက်ရမှာလေ။ လူတွေကလည်းမေးတယ်။ ဘာလို့ဆက် မလုပ်တာလဲ။ ဘာလို့ဆက်မရိုက်တာလဲ မေးကြတော့ တော်တော်လည်ဖြေရခက်ပါတယ်။ ကျနော်ကို ရိုက်ဖို့မငှားကြလို့ပါ”
“အဲ့လိုပြောရင်မယုံကြဘူး။ နောက်တယ်ထင်နေကြတယ်။ ကိုယ့်ကို မငှားလို့မရိုက်ရတဲ့အခါ ဒီလိုနဲ့ပဲ ငါလက်လျှော့မလား စဉ်းစားတယ်။ ကျနော်ဒီအရုပ်ပေါ် ဘယ်လိုတာဝန်ကျေရမလဲ။ ကျေးဇူးဘယ်လိုပြန်ဆပ်မလဲပေါ့။ ကိုယ်တကယ်တတ် တယ်ထင်လို့ ပညာလေးတွေ Laurel ကျောင်းမှာ တပည့်တွေကိုမျှဝေကြည့်တော့ ကလေးတွေကလည်းလက်ခံတာနဲ့ သရုပ်ဆောင်နည်းပြလုပ်နေပါတယ်”လို့ သရုပ်ဆောင် ချမ်းသာကြည်စိုးက ပြောပါတယ်။
ချမ်းသာကြည်စိုးက ၂၀၀၅ခုနှစ်အတွက်ပေးအပ်တဲ့ “ဆဋ္ဌဂံ” ဆိုတဲ့ ဇာတ်ကားနဲ့ အကယ်ဒမီဇာတ်ပို့ဆုကို ရရှိခဲ့တာ ဖြစ်ပြီး ဒါနဲ့ ပတ်သက်တဲ့ ခံစားချက်ကိုလည်း အခုလိုဆိုပါတယ်။
“ကျနော်အကယ်ဒမီရခဲ့တဲ့ အချိန်တုန်းကတော့ ရမယ်တောင် မထင်ဘူး။ ကိုယ့်ကိုယ်ကိုလည်း မယုံခဲ့ဘူး။ ငါတကယ် အကယ်ဒမီနဲ့ ထိုက်တန်လားဆိုပြီး တွေးတယ်။ အဲ့တုန်းက Social Media အားမကောင်းခဲ့ဘူး။ အခုမှ နောက်ပိုင်း Social Media အားကောင်းတော့မှ အသိတွေ သူငယ်ချင်းတွေက မင်းအကယ်ဒမီရတဲ့ အခန်းတွေမှာ သရုပ်ဆောင်ကောင်းတယ်။ ပြောကြတော့ ကျနော်ယုံကြည်မှု ရလာတယ်”
“ အကယ်ဒမီရပြီး ၁၀နှစ်လောက်နေမှ တကားရိုက်ခွင့်ရတယ်။ အဲ့ဇာတ်ကား ရုံတင်ဖို့စောင့်နေတာ ၃နှစ်ကျော်သွားပြီ၊ မတင်ရသေးဘူး။ ဘယ်လိုဇာတ်ကောင်တွေ လာခေါ်ခေါ်ရိုက်မှာပါ။ ဒါပေမယ့် ဘယ်သူမှမခေါ်ဘူး။ ကိုယ်တိုင်ထုတ်ရိုက်ဖို့ ကျတော့လည်း အဆင်မပြေဘူး။ ဒါကြောင့် ကားတွေရိုက်ဖို့ ခေါ်ရင်တော့ ရိုက်မှာပါ”
“ ငယ်ငယ်တုန်းကတော့ သရုပ်ဆောင်တဲ့ နည်းစနစ် ဘာညာ ရယ် လို့ နားလည်ပြီး အမူအရာ လုပ်ခဲ့တာ မဟုတ်ပါဘူး။ အဖေခိုင်း သလို လုပ်လိုက်တာပါ။ အခုရော ပညာတွေ တက်ပြီလားမေးရင် ” ဟင့်အင်း ” ပါလို့။ စာတွေ့ ဘယ်လောက် နှံ့စပ် ပါစေ ၊ လကိတွေ့ နည်းနေတဲ့ ဘဝ။ မိမိမှ သရုပ်ဆောင် လိုပါသော်လည်း ခေါ်သုံးသူ မရှိအောင် အောင်မြင်နေေ သာဘဝ။ ကျနော် အပျော်တမ်း သရုပ်ဆောင်အကယ်ဒမီ ချမ်းသာကြည်စိုးပါ”လို့ ချမ်းသာကြည်စိုးက ပြောပါတယ်။
The post အကယ်ဒမီရပြီးမှ လာမငှားကြတော့လို့ အနုပညာလောကနဲ့ ဝေးကွာခဲ့သူ ချမ်းသာကြည်စိုး appeared first on ဧရာဝတီ.