ဇာတ်ရုပ်အမျိုးမျိုးကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီနေတိုးက မိန်းကလေးအသွင်နဲ့ သရုပ်ဆောင်ထားတဲ့ “တာတူး” ဆိုတဲ့ရုပ်ရှင်ကားကြီးဟာ ရိုက်ကူးနေစဉ်မှာပင် ပရိသတ်အများရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။
“တာတူး” ရုပ်ရှင်ကားကြီးမှာ မိန်းကလေးအသွင်သရုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံများကိုပြောပြခဲ့ပါတယ်။
“တာတူးဆိုတဲ့ကားပေါ့။ ဟာသကိုအခြေခံထားတယ်။ ဟော်မုန်းဆေးကို မှားယွင်းပြီးတော့ ထိုးသွင်းမိတဲ့ အတွက်ကြောင့် သူ့ရဲ့အသားအရေ ၊အနေအထိုင် ၊အပြောအဆိုတွေ ပြောင်းလဲလာတဲ့ပုံစံမျိုးနဲ့ ဟာသ ဇာတ်ကား တကားကို ကျနော်တို့တည်ဆောက်ထားတယ်။ မိန်းကလေးအသွေးအမွေး ၊ အသွင်အပြင်မျိုးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်တဝက်လောက်က သာမန်ပုံစံနဲ့တွေ့ရမှာဖြစ်ပြီးတော့ နောက်တဝက်က မိန်းကလေးပုံစံနဲ့ မြင်တွေ့ရမှာဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ မတူညီတဲ့ပုံစံကိုတွေ့ရမှာပါ” လို့ သရုပ်ဆောင် နေတိုးက ပြောပါတယ်။
ဒီကားထဲမှာတော့ ဇာတ်ကားရဲ့တဝက်မှာ သာမန်ယောကျ်ားတယောက်အနေနဲ့ သရုပ်ဆောင်ရမှာဖြစ်ပြီး ကျန်တဝက်မှာ ဟော်မုန်းဆေးမှားယွင်းသောက်သုံးမှုကြောင့် မိန်းကလေးအသွင်ပြောင်းလဲသွားတဲ့အသွင်ကို သရုပ်ဆောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။
မိန်းကလေးတယောက်အသွင် သရုပ်ဆောင်ရတဲ့အခါမှာ ရှိုးတိုးရှန်းတန်းဖြစ်နေတာမျိုးရှိလားဆိုတာကိုတော့ နေတိုးက “ရိုက်နေတဲ့အချိန်မှာတော့ ရှိုးတိုးရှန်းတန်းဖြစ်တာ တချက်တချက်တော့ရှိတယ်။ ရေကူးတဲ့အခန်းတွေဆို တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုဝေခွဲမရဘူး။ ယောကျ်ားကြီးတယောက် အိပ်မက်ထဲရောက်သွားသလို ဒီဘဝကြီး တခုလုံးကို အိပ်မက်ထဲရောက်သွားသလားပေါ့။ အဲဒီလိုခံစားမှုပေါ့။ ဒီဇာတ်ကားထဲမှာလည်း အသေးစိတ်လေးတွေ အိုက်တင်တွေကို ပြောင်းလဲထားတဲ့ပုံစံလေးတွေလည်းရှိပါတယ်။ ရှက်ကိုးရှက်ကန်းအိုက်တင်လေးတွေလည်း ပါအောင်လုပ်ပေးရတာပေါ့” လို့ နေတိုးက ပြောပါတယ်။
“တာတူး” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ကရိုက်ကူးထားကာ အကယ်ဒမီလွင်မိုး ၊ အကယ်ဒမီ နေတိုး ၊ အကယ်ဒမီသက်မွန်မြင့် နှင့်ယွန်းရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားပြီး မတ်လ ၁၅ရက်နေ့မှစတင်ကာ မြန်မာ ၊ ထိုင်း ၊ စင်ကာပူ ၃နိုင်ငံမှာ တပြိုက်နက်တည်း ပြသသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။
“ပြင်ဆင်မှုက ဘယ်လိုရှိလဲဆိုရင်တော့ ဒီဇာတ်ကောင်ထဲမှာ ဝတ်စားဆင်ယင်မှု ၊ မိတ်ကပ်တွေရော တိုင်ပင်ဆွေးနွေး ရတဲ့အချိန်မှာ တကယ့်မိန်းကလေးလိုမျိုးဖြစ်သွားတာပါ။ အဓိကကတော့ ယောကျ်ားလေးတယောက်ကနေ မိန်းကလေးဖြစ်သွားတာဆိုပေမယ့် ဟော်မုန်းဆေးကြောင့်သာပေါ့။ အရမ်းကြီး ဂေးပုံစံမျိုးတော့မဟုတ်ဘူး။ နူးညံ့တဲ့မိန်းကလေးတယောက်အသွင်ပြောင်းသွားတဲ့အခါကျတော့ အိုက်တင်လမ်းကြောင်းလေးကလည်း နူးညံ့တဲ့မိန်းကလေးအသွင်သွားတာပေါ့”
“ ပုံစံကလည်း ပုံမှန်ရှိနေတဲ့ ယောကျ်ားတယောက်ရဲ့ ခန္ဓာကိုယ်ကနေ မိန်းကလေးတယောက်ပုံစံဖြစ်အောင် မိတ်ကပ်တွေနဲ့လည်း ပြင်ဆင်ရတယ်။ ဝတ်စားဆင်ယင်မှုနဲ့လည်း ပြင်ဆင်ရတယ်။ ကွန်ပျူတာပြုလုပ်ချက်တွေလည်းပါတယ်” လို့ နေတိုးကပြောပါတယ်။
နေတိုးကတော့ သူပါဝင်ထားပြီး ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားများမှာ ၇ကား ၊ ၈ကား ခန့်ကျန်ရှိနေသေးပြီး မကြာခင်မှာလည်း အိန္ဒြာကျော်ဇင်နဲ့အတူ “Box 88” ဆိုတဲ့ရုပ်ရှင်ကားကြီး ရိုက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
The post မိန်းကလေးပုံစံဝတ်ပြီး သရုပ်ဆောင်ရတဲ့အပေါ် ခံစားချက်ပြောပြတဲ့ နေတိုး appeared first on ဧရာဝတီ.