ငယ်ရွယ်စဉ်ကတည်းက မော်ဒယ်တယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပေမယ့် အသက်အရွယ်တခု ရောက်လာတဲ့အချိန်မှာတော့ အေးဝတ်ရည်သောင်းဆိုတဲ့နာမည်မှ မအေးသောင်းဆိုပြီး ပရိသတ်အများရဲ့ ချစ်ခြင်းမေတ္တာကို ရရှိခဲ့တဲ့အတွက် အေးဝတ်ရည်သောင်းကတော့ ကိုယ့်ကိုယ်ကို ပရိသတ်က အမျိုးမျိုးဖန်တီးနိုင်တဲ့ အရုပ်တရုပ်ပါလို့ ပြောပါတယ်။
မအေးသောင်းဖြစ်ပြီးနောက်ပိုင်းမှာ ပထမဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ခဲ့တဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားနဲ့ ဒီနှစ်မှာ ပရိသတ်ရဲ့အကယ်ဒမီတစ်ကြိုပေးခြင်းလည်း ခံနေရပါတယ်။
“လွန်ခဲ့တဲ့ တလလောက်ကမေးတုန်းကတောင် အဲဒီလောက်ရင်မခုန်သေးဘူး။ ရုံမတင်ခင်ကပေးတဲ့ ရင်ခုန်မှုက လည်းတအားကြီးတယ်။ အရမ်းအသိအမှတ်ပြုလို့ အတိုင်းမသိဝမ်းသာရတယ်။ မုန်းစွဲမှာဆိုရင်လည်း “မကြာဥ”ဆိုတာကို ပရိသတ်တွေအားပေးမှုအများကြီးလုပ်ပေးလို့ ယုံကြည်မှုပိုရသွားတယ်” လို့ အေးဝတ်ရည်သောင်းကပြောပါတယ်။
အဆိုပါ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ သူမရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် ရုံမတင်ခင်အချိန်မှာတော့ ပရိသတ်လက်ခံမခံကို ပိုရင်ခုန်ခဲ့တယ်လို့ ပြောပါတယ်။
ပရိသတ်ရဲ့အားပေးလာမှုကြောင့်ပဲ အနုပညာအလုပ်များလုပ်တဲ့အခါမှာတော့ ယုံကြည်မှုများပိုရှိလာခဲ့ပြီး အဆင်ပြေလာခဲ့တယ်လို့ ဆိုပါတယ်။
“ပေါက်စီရဲ့အမျိုးတွေက ပေါက်စီကို Surprise တွေပေးလွန်းအားကြီးတယ်။ အေးသောင်းဆိုတာကိုလည်း သူတို့တွေပေးခဲ့လို့ပဲ။ တကယ်တော့ ပေါက်စီက သူတို့ရဲ့အရုပ်ပဲ။ သူတို့လုပ်လို့ အေးသောင်းဆိုတာဖြစ်ခဲ့တယ်။ သူတို့က ပေါက်စီကို အမျိုးစုံဖန်တီးနိုင်တယ်။ သူတို့မှာ အစွမ်းရှိတယ်။ သူတို့တွေခြယ်လှယ်တယ်လို့ပဲ ပြောရမလား။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ အလုပ်လုပ်ရတာအဆင်ပြေလာတယ်” လို့ အေးဝတ်ရည်သောင်း ကပြောပါတယ်။
ယခုနှစ်မှာတော့ ထူးခြားစွာဖြင့် စာနယ်ဇင်ဆရာများအသင်းက ပေးအပ်မယ့် Star Award ဆုလည်းရှိတဲ့အတွက် ရုပ်ရှင်ထူးချွန်သူများကို ထပ်မံဆုချီးမြှင့်ပေးမယ့် ဒီဆုအပေါ်မှာလည်း သူ့အမြင်ကိုပြောပြခဲ့ပါတယ်။
“အကယ်ဒမီပဲဖြစ်ဖြစ် Star Award ပဲဖြစ်ဖြစ် ဆုရတဲ့သူတွေကို လက်ခုပ်တီးပေးမှာပဲ။ ကိုယ့်မောင်နှမတွေရဖို့ပဲလေ။ ကိုယ့်အိမ်သားတယောက်ယောက် ဆုရရင်ပျော်သလိုပဲ။ အဲဒီအတိုင်းပါပဲ။ ကလေး ၂ယောက်ကိုလည်း ရစေချင်ပါတယ်။ အကုန်လုံးအတွက်လည်း ရင်ခုန်ပါတယ်” လို့ အေးဝတ်ရည်သောင်းကပြောပါတယ်။
လတ်တလောမှာတော့ “ရင်ခွင်ရှင်းတမ်း” ဆိုတဲ့ ဇာတ်လမ်းတွဲရိုက်ကူးထားပြီး မကြာခင်မှာလည်း ဆရာမခင်ခင်ထူးရဲ့ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ဖို့အတွက် ဖတ်နေတယ်လို့ သိရပါတယ်။
“ရင်ခွင်ရှင်းတမ်းဇာတ်လမ်းတွဲ ရိုက်ပြီးပါပြီ။ နောက်တကားကတော့ “မြစိမ်းစိမ်း”ဆိုတဲ့ ဇာတ်ကား ဒါရိုက်တာသားညီနဲ့ ရိုက်ဖို့ရှိပါတယ်။ ၇လပိုင်းမှာတော့ ဆရာမခင်ခင်ထူးရဲ့ ဝတ္ထုတခုကို ရုပ်ရှင်ကားကြီးရိုက်ဖို့အတွက် ပြောထားတာရှိတယ်။ ဖတ်နေတုန်းပါပဲ” လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။
The post “မအေးသောင်းဆိုတာ ပရိသတ်ရဲ့အရုပ်လေးပါ” appeared first on ဧရာဝတီ.