အဆိုတော်စိုးလွင်လွင်ကွယ်လွန်ခဲ့တဲ့ အနှစ်၂၀ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီအတွက် အဆိုတော်စိုးလွင်လွင်ရဲ့ ဇနီးဖြစ်သူ မဖြူဖြူက အမှတ်တရပွဲတခုပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“ဇူလိုင်လ ၂၅ရက်နေ့မှာ ကိုစိုးလွင်လွင် ဆုံးတာ အနှစ်၂၀ ပြည့်ပါပြီ။ အဲဒီအတွက် ပွဲလုပ်ဖို့ ကျမတို့ကြိုးစားနေပါတယ်။ “လို့တေးသံရှင်ကြီးစိုးလွင်လွင်ရဲ့ဇနီး မဖြူဖြူက ဧရာဝတီကိုပြောပါတယ်။
စိုးလွင်လွင်အတွက် အမှတ်တရပွဲကို ၂၀၀၄ ခုနှစ်က လုပ်ခဲ့ဖူးတာဖြစ်ပြီး (၅)နှစ်မြောက်အမှတ်တရအဖြစ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
“သူ့ရဲ့အမှတ်တရပွဲက တခါပဲ ထွက်ရပါသေးတယ်။ ဒါကြောင့် အခုအမှတ်တရအနေနဲ့ ဒုတိယမြောက်ပွဲကိုလုပ်နိုင်အောင် ကျမတို့ကြိုးစားနေတာပါ။၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလကတည်းက ကြိုးစားနေတာပါ”လို့ ဆိုပါတယ်။ ပွဲကျင်းပဖို့နေရာရွေးချယ်မှုနဲ့ ပတ်သက်ပြီးလည်း မဖြူဖြူက အခုလိုဆိုပါတယ်။
“ရန်ကုန်နဲ့မန္တလေးဘယ်မှာ လုပ်ဖြစ်မလဲဆိုတာကို ကျမတို့ သေချာဆွေးနွေးတိုင်ပင်နေကြပါတယ်။ မန္တလေးမှာလုပ်လို့ အဆင်ပြေသွားခဲ့ရင် ရန်ကုန်အတွက်စဉ်းစားမှာပါ။ အခုပထမဆုံး ဦးစားပေးထားတာတော့ မန္တလေးပါ။ဘာလို့လဲဆိုတော့ သူ့ပရိသတ်တွေက မန္တလေးမှာ အရမ်းများပါတယ်။ လွတ်လပ်ရေးနေ့တို့၊ဘာပွဲ၊ညာပွဲဆိုရင် သူဟာ တနေ့တည်း နဲ့လေးစင်ကူးခဲ့ရတဲ့အဆိုတော်ပါ။ သူ့ပရိသတ်တော်တော်များပါတယ်”
“ဒါကြောင့် ကျမတို့ မန္တလေးကို ဦးစားပေးရွေးချယ်ထားပါတယ်။ အဆိုတော်တွေ္ပကိုတော့ ပထမအမှတ်တရပွဲတုန်း ကလိုပဲ ၁၁ယောက်၊၁၂ယောက်ပဲ မှန်းထားပါတယ်။ ပေးထားတဲ့ပွဲချိန်အတိုင်း ဘယ်လိုဆန်းသစ်ရမလဲဆိုတာကိုလည်း ကျမတို့စဉ်းစားနေပါတယ်။ သူ့သီချင်းထဲမှာ အရမ်းနာမည်ကြီးတဲ့သီချင်းတွေ၊ ဥပမာ-‘ချစ်လူမိုက်’၊’ငယ်သူမို့ ‘ပေါ့။ဒါတော်တော်များများသိကြပါတယ်”
“တချို့သီချင်းတွေကျတော့ ကောင်းပြီးတော့ လိုက်ဆိုလို့လည်းရတယ်။ အရမ်းကောင်းတယ်။ ဒါပေမယ့် လူသိပ်မသိတဲ့သီချင်းတွေ ရှိပါတယ်။ အဲဒီသီချင်းမျိုးကို ဦးစားပေးပြီးထည့်သွားမယ်လို့ ရည်စူးထားပါတယ်”လို့ပြောပါတယ်။ မိသားစုကဏ္ဍအနေနဲ့သမီးဖြစ်သူ ရွှေအိမ်စည်ကပါဝင်သီဆိုမယ်လို့ သိရပါတယ်။ သီချင်းတွေသိပ်မဆိုဖြစ်တဲ့သမီးနဲ့ ပတ်သက်ပြီးလည်း မဖြူဖြူက အခုလိုဆိုပါတယ်။
“ကျမက အရမ်းပဲခွင့်ပြုပါတယ်။ သမီးကပညာရေးကြောင့် သိပ်မဆိုဖြစ်သေးတာပါ။ ပြီးတော့ကျန်းမာရေးကြောင့်ပါ။သမီးက နည်းနည်းဝတယ်။ ဒီတော့ သူအားငယ်တယ်။ ဆိုင်တော့ မဆိုင်ဘူးပေါ့နော်။ သီချင်းဆိုတာနဲ့တော့ ဒါပေမယ့် အဆိုတော်ဆိုတော့ လှလှပပတော့ ဖြစ်နေရမယ်လေ။ ခုတော့သူပြန်ပိန်နေပါပြီ”
“ သမီးက စီးရီးအတွက် သီချင်းခုနှစ်ပုဒ်တော့သွင်းပြီးပြီ။ ဆက်ပြီးမသွင်းဖြစ်သေးတာ။ သွင်းထားတဲ့ခုနှစ်ပုဒ်ကိုလည်း မကြိုက်ဖူးဖြစ်နေတယ်။ အဲဒီတော့ သူသီချင်းရေးရင်း၊သွင်းရင်းနဲ့ပဲ ချာချာလည်နေတာပါ။ ကျမကတော့ သူတို့ကို ငယ်ငယ်လေးကတည်းက အဆိုတော်ဖြစ်စေချင်ခဲ့တာပါ။ အဖေ့ရဲ့အမွေကိုရစေချင်တာပါ”လို့ ဆိုပါတယ်။
စိုးလွင်လွင်ရဲ့သီချင်းတွေလာဝယ်တဲ့သူတွေနဲ့ ပတ်သက်ပြီးလည်းမဖြူဖြူ က”ကျမကတော့ သီချင်းလာဝယ်တဲ့သူတွေကို မေးပါတယ်။သီချင်းဆိုဖူးလား။ တခါမှ မဆိုဖူးတဲ့သူလားလို့။ အရမ်းနာမည်ကြီးတဲ့အဆိုတော်တွေလည်း လာဝယ်ကြသလို အဆိုတော်သစ်လေးတွေလည်း လာဝယ်ကြပါတယ်။ တချို့ကလေးတွေကျတော့ သီချင်းဆိုချင်တယ်။ ငွေကြေးကျတော့ မတတ်နိုင်ဘူး။ အဲဒီလိုကလေးမျိုးဆိုရင် ကျမက သက်ညှာပါတယ်”
“ ပြီးတော့ ကျမက သီချင်းရောင်းရုံတင်မကဘူး။သူတို့ဘယ် Bandနဲ့ဆိုမှာလဲ။ ဘယ်သူတွေပါလဲ၊ဘယ်တော့ထွက်မှာလဲ ဆိုတာကအစ အသေးစိတ်မေးပါတယ်။ မေးတယ်ဆိုတာက ကျမက ကိုစိုးလွင်လွင်သီချင်းတွေကို ပစ်စလခတ်ဖြစ်မှာစိုးလို့ပါ။ အသစ်တွေအတွက်ကျတော့ ပိုက်ဆံက အဓိကမဟုတ်ဘူး။သီချင်းတွေကိုဘယ်လိုကောင်းအောင် ထိန်းသိမ်းဖို့က ကျမတို့ရဲ့တာဝန်ဆိုတော့လေ အဲဒါက အဓိကပါ”လို့ ဧရာဝတီကိုပြောပါတယ်။
The post တေးရေး၊ တေးဆို စိုးလွင်လွင် အနှစ်၂၀ပြည့်အမှတ်တရလုပ်ဖို့ ကြိုးစားနေတဲ့ ဇနီး မဖြူဖြူ appeared first on ဧရာဝတီ.