ရော့ခ်စတား Bon Jovi ဟာ စတူဒီယိုထဲမှာ အယ်လ်ဘမ် အသစ်အတွက် အလုပ် စလုပ်နေပြီ ဖြစ်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ သူဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက Ocean Way Nashville အသံသွင်းစတူဒီယိုမှာ ရှိနေခဲ့ပြီး Instagram မှာ သီချင်းအသစ်တပုဒ်အမြည်းအနေနဲ့ တီးခတ်ပြခဲ့တာကြောင့် ပရိသတ်တွေကတော့ အဲဒီ့သီချင်းခွေ အသစ်ကို တော်တော်လေး စိတ်ဝင်စားနေကြပြီဖြစ်ပါတယ်။
သူ့ရဲ့ ၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ “This House is Not for Sale” အယ်လ်ဘမ်ဟာလည်း ဂီတဇယား တော်တော်များများမှာ ထိပ်တန်းရောက်နေခဲ့တာပါ။ စက္ကန့် ၃၀ ကြာမြင့်ခဲ့တဲ့ ဗီဒီယိုအဆုံးသတ်မှတော့ Jon Bon Jovi က “ပထမဆုံးနေ့၊ သီချင်းတပုဒ်၊ အသံသွင်းမှု အသစ်၊ မကြာခင်တွေ့မယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။
အဲဒီ ဗီဒီယိုထဲမှာ စတူဒီယိုနဲ့အတူ နားကြပ်ကိုယ်စီ တပ်ထားကြတဲ့ Tico Torres, David Bryan, Phil X နဲ့ Hugh McDonald တို့အပါအဝင် ကျန်တီးဝိုင်းအဖွဲ့ ဝင်တွေကိုလည်း မြင်တွေ့ ခဲ့ရပါတယ်။ သူတို့အဖွဲ့ဟာ ၆ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ ယူကေနိုင်ငံ တဝန်းမှာ Stadium နယ်လှည့်ပွဲကို အခုလာမယ့် နွေရာသီကာလမှာ ပြုလုပ်မှာပါ။ လန်ဒန်မြို့မှာရှိတဲ့ ဝင်ဘလေ အားကစားကွင်းနဲ့ လီဗာပူးမြို့က အန်းဖီးလ်အားကစားကွင်းတို့မှာလည်း ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမှာပါ။
လီဗာပူးမြို့မှာ လုပ်မယ့် ဖျော်ဖြေပွဲကို ဇွန်လ ၁၉ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဇွန်လ ၂၃ ရက်မှာတော့ Coventry မြို့က Ricoh Arena မှာ ဖျော်ဖြေပွဲကို အဆုံးသတ်မှာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကာလတုန်းက ဝင်ဘလေကွင်းကြီး တည်ဆောက်တာ မပြီးသေးလို့ လန်ဒန်မှာ မဖျော်ဖြေလိုက်ရတဲ့ သူတို့တီးဝိုင်းအတွက် တကျော့ပြန် ဖျော်ဖြေမှုကိုလည်း မြင်တွေ့ရမှာပါ။
အဲဒီ အကြောင်းနဲ့ ပတ်သက်လို့ ခေါင်းဆောင် Bon Jovi က “အဲဒီလိုမျိုးကြီးမားတဲ့ ဖျော်ဖြေပွဲတွေ၊ လူထောင်ပေါင်းများစွာ ကို နေရာတစ်ခုတည်းမှာ စုဝေးနေတာ အဲဒါ ကျနော် တို့ လုပ်မှာပါ။ ဝင်ဘလေအားကစားကွင်းမှာ ဖျော်ဖြေဖု့ိ အခွင့်အရေးလည်း ရခဲ့ပါပြီ။ အဲဒီကွင်း အသစ်ကြီးမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံးတီးဝိုင်းဆိုတော့ ကျနော်တို့ အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ အဲဒီလိုမျိုး ဖြစ်လာအောင် ကိုယ်တိုင်တည်ဆောက်ဖို့ ကူညီမှာပါ။ ဒါကြောင့် အဲဒီ့မှာ ကျနော်တို့ သမိုင်းသစ်ကို ရေးထိုးဖို့ရှိပါတယ်” လို့ ကြေညာချက်ထဲမှာ ပြောကြားခဲ့ပါတယ်။
“This House Is Not For Sale” နယ်လှည့်ပွဲမှာ Manic Street Preachers ရော့ခ်တီးဝိုင်းဟာလည်း အထူး ဧည့်သည်တော်အနေနဲ့ ပါဝင်လာမှာပါ။
Ref : contactmusic
The post Instagram မှာ အယ်လ်ဘမ် အသစ်နဲ့ မိတ်ဆက်လိုက်တဲ့ Bon Jovi appeared first on ဧရာဝတီ.