Netflix က ထုတ်လွှင့်ခဲ့တဲ့ မင်းသား ဂျူးဂျီဟွန်းနဲ့ မင်းသမီး ဘယ်ဒူနာတို့ ပါဝင် သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို ကိုရီးယားဇာတ်လမ်းတွဲ Kingdom 2 ရဲ့ ရိုက်ကူးရေးပိုင်းမှ ဝန်ထမ်းတဦး မတော်တဆမှုနဲ့ ကွယ်လွန်သွားတယ်လို့ မတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
မစ္စတာ လီဟာ Kingdom ဇာတ်လမ်းတွဲမှာ ဇာတ်ဝင်ပစ္စည်းပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးနေရတဲ့ အဖွဲ့ဝင် တဦးဖြစ်ပြီး မတ်လ ၁၂ ရက်မှာ ရိုက်ကူးရေးအတွက် လာရင်းလမ်းမှာ ယာဉ်မတော်တဆမှုဖြစ်ကာ ကွယ်လွန် သွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ကျနော်တို့ရဲ့ ရိုက်ကူးရေး ဝန်ထမ်းတယောက် အခုလို မတော်တဆမှုနဲ့ ကွယ်လွန်သွားတဲ့ သတင်းကို ကြားရတာ အကုန်လုံး စိတ်သောကဖြစ်ရပါတယ်။ သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်”လို့ ဆိုပါတယ်။ မစ္စတာ လီဟာ Kingdom 2 ရိုက်ကူးရေးမှ ပါဝင်လာသူဖြစ်ပြီး အငယ်ဆုံး ရိုက်ကူးရေး အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
မတ်လ ၁၃ ရက်နေ့အတွက် ရိုက်ကွင်းတည်ရှိရာ ပြုံချန်းကိုလာရင်း လမ်းမှာ မတော်တဆမှုဖြစ်ပွားကာ အသက် ဆုံးရှုံးခဲ့ရတာပါ။ ရိုက်ကူးရေး ဝန်ထမ်းအားလုံးကတော့ Namyangju မှာလုပ်မယ့် မစ္စတာ လီ ရဲ့ နာရေးကို တက်ရောက်ကြမှာဖြစ်လို့ ဒီတပတ်ရိုက်ကူးမယ့် အစီအစဉ်တွေကို ရပ်နားခဲ့ကြပါတယ်။
မစ္စတာ လီ ကွယ်လွန်တာဟာ Kingdom ရိုက်ကူးရေးအဖွဲ့အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ Kingdom season 1 မှာလည်း အနုပညာပိုင်းအဖွဲ့ဝင်တဦး နာမကျန်းရောဂါနဲ့ ကွယ်လွန်ခဲ့ဖူးပါတယ်။
Kingdom ဇာတ်လမ်းတွဲကို ဇန်နဝါရီလမှာ စတင်ပြသခဲ့တာဖြစ်ပြီး ကိုရီးယားနိုင်ငံတွင်းသာမက နိုင်ငံတကာ ပရိသတ်တွေကပါ နှစ်သက်အားပေးခဲ့ကြပါတယ်။ ဒါကြောင့်လည်း Kingdom season 2 ကို ဆက်လက် ရိုက်ကူးဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး ဖေဖော်ဝါရီလမှာပဲ ရိုက်ကူးရေးတွေ ပြန်လည်စတင်ခဲ့ပါတယ်။
Ref: Soompi
The post “Kingdom 2” ရဲ့ အငယ်ဆုံး ရိုက်ကူးရေးအဖွဲ့ဝင် မတော်တဆမှုနဲ့ ကွယ်လွန် appeared first on ဧရာဝတီ.