တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ Kpop ဖျော်ဖြေလောကကို ဂယက်ရိုက်စေခဲ့တဲ့ ညစ်ညမ်းဗီဒီယို၊ မုဒိမ်းမှုအကြောင်း လျှို့ဝှက်ပြောဆိုမှု၊ ပြည့်တန်ဆာရှာဖွေပေးမှုတို့နဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အဆိုတော်နှစ်ယောက်ကို မတ်လ ၁၄ ရက်နေ့မှာ စုံစမ်းစစ်ဆေးနေပြီ ဖြစ်ပါတယ်။
ကမ္ဘာတဝန်းအထိ ကျော်ကြားတဲ့ တောင်ကိုရီးယားပေါ့ပ်ယဉ်ကျေးမှုထဲက အမျိုးသားအနုပညာရှင် နှစ်ဦးအပေါ် စွဲထားတဲ့ စွပ်စွဲချက်တွေထဲမှာတော့ နာမည်ကျော်ကြားမှုနဲ့ ငွေကြေးပိုင်ဆိုင်မှုကို အသုံးချပြီး အကျင့်စာရိတ္တ ပျက်ပြားမှုတွေ အကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့ထားရပါတယ်။
Seungri လို့ လူသိများတဲ့ အဆိုတော် Lee Seung-hyun ဟာသူ့ရဲ့ စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ပြည့်တန်ဆာရှာဖွေပေးခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ကြားထဲမှာမှ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာပဲ ဖျော်ဖြေရေးလောကကနေ နုတ်ထွက်မယ့်အကြောင်း ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကတော့ BIGBANG အဖွဲ့ဝင် အသက် ၂၈ နှစ်အရွယ် Seungri ကတော့ လိင်ပိုင်းဆိုင်ရာ လာဘ်ထိုးမှုလို့ခေါ်တဲ့အရာနဲ့ သံသယရှိတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် Seungri ကတော့ အမှားတစုံတရာ ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အဆိုတော် နှစ်ယောက်ဖြစ်တဲ့ Seungri နဲ့ Jung Joon Young တို့ နှစ်ယောက်လုံးဟာ လျှို့ဝှက်ညစ်ညမ်း ဗီဒီယိုတွေ ဝေမျှခဲ့ကြတဲ့ အွန်လိုင်းစကားပြောခန်းထဲမှာ ပါဝင်နေကြပြီး အဲဒီ စကားပြောခန်းထဲမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာနဲ့ မူးယစ်ဆေးသုံးတာနဲ့ ပတ်သက်လို့ နောက်ပြောင်ပြောဆိုတာတွေ ရှိတဲ့အကြောင်း SBS က ဆိုပါတယ်။
K-pop လောကမှာကတော့ တောင်ကိုရီးယားရဲ့ နိုင်ငံရေး၊ အားကစားနဲ့ အခြားကဏ္ဍတွေမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတိုက်ဖျက်ရေး #MeToo လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့တာတွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ပြောင်းလဲမှုကြီး ဖြစ်သွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
Seungri ရဲ့ ရှေ့နေ Son Byoung-ho က “သူ (Seungri) ဟာ ပြည့်တန်ဆာတွေကို ရှာဖွေပေးခဲ့တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး” လို့ ရိုက်တာသတင်းဌာနကို ပြောကြားထားပါတယ်။ အဆိုတော် Seungri ဟာ မတ်လ ၁၄ ရက်နေ့မှာတော့ ဆိုးလ်ရဲစခန်းကို စုံစမ်းမေးမြန်းမှုကို လက်ခံဖို့ လာရောက်ဖို့ရှိပါတယ်။
နောက်ထပ်အဆိုတော် Jung Joon Young ကလည်း အဲဒီ အရှုပ်အထွေးထဲမှာ ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာတော့ Jung ဟာ အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံနေစဉ်မှာ လျှို့ဝှက်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ဝေမျှခဲ့တဲ့အကြောင်း ဝန်ခံထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးနေပါတယ်။
Jung ရဲ့အေဂျင်စီ MAKEUS အင်တာတိန်းမန့်ကတော့ သူ့ရဲ့စာချုပ်ကို ရပ်ဆိုင်းလိုက်ပြီး သူဖြန့်ဖြူးခဲ့တယ်လို့ ဆိုတဲ့ ဗီဒီယိုတွေကိစ္စ ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေစဉ်မှာ နိုင်ငံကနေ ထွက်ခွာဖို့ တားမြစ်ခံထားရပြီးလည်း ဖြစ်ပါတယ်။
မတ်လ ၁၄ ရက်၊ ကိုရီးယားစံတော်ချိန် နံနက် ၁၀ နာရီမှာတော့ ဆိုးလ်မှာရှိတဲ့ ရဲစခန်းကို စုံစမ်းမေးမြန်းမှုခံယူဖို့ Jung ဟာ ရောက်ရှိလာခဲ့ပြီး ရဲစခန်းရှေ့မှာရှိတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုတော့ တောင်းပန်ပါကြောင်း စကားတခွန်းကိုသာ ထပ်ခါတလဲလဲ ပြောဆိုတုံ့ပြန်ခဲ့ပါတယ်။ Jung ရဲ့ ရှေ့နေတွေကတော့ မှတ်ချက် တစုံတရာ မပေးသေးပါဘူး။
Ref: asiaone
The post ညစ်ညမ်းဗီဒီယို၊ မုဒိမ်းမှု၊ ပြည့်တန်ဆာအမှုများနဲ့ ပတ်သက်ပြီး Kpop စတားနှစ်ဦးကို ရဲတပ်ဖွဲ့စစ်ဆေးနေ appeared first on ဧရာဝတီ.