အဆိုတော် Rဇာနည်နဲ့ ဇနီးဖြစ်သူ ဝမ်းတို့က ပရိသတ်တွေ အားကျရတဲ့ အနုပညာ အိမ်ထောင်ရှင် ဖြစ်သလို ပရိသတ်တွေလည်း ချစ်ကြရတဲ့ မိသားစုပါ။ သားနှစ်ယောက် မွေးထားတဲ့ မိခင်အနေနဲ့ သားတွေကိုဘယ်လို ထိန်းသိမ်းတယ်ဆိုတာကို ဝမ်းက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“သားကြီးက ၉ နှစ်ကျော် ၁၀ နှစ် မပြည့်သေးဘူး။ သူ့ကို ပြောပြနေရတုန်းပေါ့။ အခု ဘာဖြစ်လဲဆိုတော့ ကျမတို့က သူ့ကို အကုန်သိနေပြီလို့ ထင်နေတာ တကယ်တမ်း သူက ကလေးဆိုတာကို ကျမတို့က မသိဘူး။ တခါတလေ ဒါကို မသိရ ကောင်းလားဆိုပြီး သူ့ကို ဆူမိတယ်။ သူက ကလေး သူအကုန် မသိသေးဘူးဆိုတာကို မေ့နေတာ။ အဲ့အခါကျတော့ မိဘနဲ့ သားသမီးကြား ညှိရတာလေးတွေ ရှိတယ်”
“ချော့တခါ ခြောက်တလှည့်နဲ့ သွားရတာပေါ့။ ငယ်ငယ်တုန်းကတော့ ဟန့်လိုက်ရင် ကြောက်တတ်တယ်။ အခု ကြီးလာတော့ ဟန့်ရင်တာင် လုပ်ချင်မှ လုပ်တာလေ။ ခြောက်ပြီး ထိန်းတာထက် ကိုယ့်ကိုချစ်ပြီး ကိုယ်ဖြစ်တာတွေ ဖြည်းဖြည်းပြောရတာပေါ့။ သူဖြစ်ချင်တာရော ကိုယ်ဖြစ်ချင်တာရော အားလုံးကို ညှိပြီး လုပ်ရတာပေါ့။ အဲ့လိုလုပ်တာ ပိုကောင်းတယ်ပေါ့”လို့ ဝမ်းက ပြောပါတယ်။
နည်းပညာခေတ်ဖြစ်တာကြောင့် သားတွေကို နည်းပညာ ပစ္စည်းတွေသုံးတဲ့အခါ စည်းကမ်းနဲ့ သုံးခိုင်းတယ်လို့ ဝမ်းက ဆိုပါတယ်။
“ကျမကလေ သားကို ငယ်ငယ်ကတည်းက စည်းကမ်းလေးနဲ့ ထားတယ်။ အခု ခေတ်ကလည်း Youtube ကြည့်တာဆိုတော့ သောကြာ၊ စနေ၊ တနင်္ဂနွေဆို သူ iPad ဖုန်းကြည့်ပေါ့။ Alarm ပေးထားတယ်။ Alarm မြည်ရင် ရပ်ပေါ့။ တီဗီကိုလည်း အဲ့ ၃ ရက် ၁ ရက် ၁ ကားကြည့်ပေါ့။ သူစာတွေလည်း အကုန်လုပ်ပြီးမှ အဲ့ဒါတွေ အကုန်လုပ်ခွင့်ပြုတာပေါ့။ ကျမခရီးသွားရင်တော့ အဘွားတွေက အလိုလိုက်တော့ မလွန်ရင်တော့ ခွင့်ပြုထားတာပေါ့။ လွန်ရင်တော့ အဘွားကိုပါ အလိုမလိုက်ဖို့ပြောရတာပေါ့”လို့ ဝမ်းက ပြောပါတယ်။
သားနှစ်ယောက်က ငယ်သေးတာကြောင့် သူတို့ ဝါသနာတွေကို ခန့်မှန်းလို့ မရသေးပေမယ့် သူတို့ ဝါသနာတွေကိုပဲ အကောင်းဆုံးပံ့ပိုးမှာပါလို့ ဝမ်းကပြောပါတယ်။
“သားမွေးထားတဲ့ အမေဆိုပြီး အရင်တုန်းကတော့ သားကို ဘယ်လို ထိန်းကျောင်းမယ်။ ဘာလုပ်မယ်။ ဘာလုပ်မယ်ဆိုပြီး Plan ထားတာပေါ့။ တကယ်တမ်းကျတော့ သူတို့ လက်ရှိဖြစ်နေတဲ့အပေါ်မှ ာမူတည်ပြီးတော့ ကိုယ်က အကောင်းဆုံး လေ့လာပြီး မေးမြန်းရတာပေါ့။ ကိုယ်လည်း အခုမှ အမေ စဖြစ်တာကို။ ဘာမှမသိဘူးလေ”
“ကိုယ့်အမေကို မေးတော့လည်း ငါတို့ခေတ်က အရမ်းကျနေပြီ။ နင်တို့ခေတ်က တမျိုး။ အမေတို့က မိန်းကလေးထိန်းလာတာ အခုက ယောကျာ်းလေး ဆိုတော့ မတူတာတွေ အများကြီး ဆိုတော့ လက်ရှိဖြစ်နေတာကိုပဲ သေချာမေးပြီး လုပ်ရတာပေါ့။ သားနှစ်ယောက်က တယောက် တမျိုး။ သားကြီးက ငယ်ငယ်ကတည်းက အဆိုတော် မလုပ်ဘူးပဲ ပြောတယ်။ အငယ်လေးကတော့ သီချင်းသံကြားရင်ကို ကတာ။ သူတို့ ဘာဖြစ်ချင်လည်း ခန့်မှန်းလို့ မရသေးဘူး။ ကျမကတော့ သူတို့ ဝါသနာတွေကိုပဲ အကောင်းဆုံးပံ့ပိုးမှာပါ”လို့ ဝမ်းက ပြောပါတယ်။
အဆိုတော် Rဇာနည်နဲ့ ဝမ်းတို့ ဇနီးမောင်နှံ နှစ်ဦး လက်တွဲခဲ့တာ အခုဆိုရင် အိမ်ထောင်သက် ၁၅ နှစ်ကျော် ရှိနေပါပြီ။ မိသားစုအနေနဲ့ သား ၂ ယောက် ထွန်းကားပြီး သားကြီးဖြစ်သူ “ဖစ်ဖစ်တုန်” နဲ့ သားငယ် “ချစ်ချစ်တုန်”တို့ကိုလည်း ပရိသတ်တွေက ချစ်ခင်ကြပါတယ်။
The post သားတွေအပေါ် ထိန်းကျောင်း ပဲ့ပြင်မှုအပိုင်းကို ပြောပြတဲ့ ဝမ်း appeared first on ဧရာဝတီ.