မြန်မာ့ရုပ်ရှင် ပရိသတ်များကြား စိတ်ဝင်စားမှုရှိနေတဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးကို မတ်လ ၂၃ ရက်နေ့၊ ရန်ကုန်မြို့၊ The One Entertainment Park မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲမှာ အများစိတ်ဝင်စားကြတာကတော့ အကယ်ဒမီ ပွဲတက်ဖက်ရှင်တွေပဲ ဖြစ်ပါတယ်။
အကယ်ဒမီပွဲအတွက် ဘယ်ရုပ်ရှင် သရုပ်ဆောင်တွေကို ဘယ်ဒီဇိုင်နာတွေက ချုပ်လုပ်ပေးမလဲ ဆိုတာဧရာဝတီ သတင်းဌာနမှ အနုပညာ သတင်းထောက် ချစ်ပိုးက ဒီဇိုင်နာ မျိုးမင်းစိုး၊ ဒီဇိုင်နာ မေမြတ်ဝါဆိုနဲ့ ဒီဇိုင်နာ Ah Latt တို့ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဒီဇိုင်နာမျိုးမင်းစိုး
“ဒီနှစ်မှာတော့ နန်းဆုရတီစိုး၊ မျိုးသန္တာထွန်း၊ ဘီလီလမင်းအေး၊ နန်းခင်ဇေယျာ၊ မြန်မာပြည်သိန်းတန်တို့ စုံတွဲ၊ ဝါဝါအောင်၊ တက္ကသိုလ်ဂွမ်းပုံ၊ G-Fatt၊ ရဲရင့်အောင်တို့ကို ကျနော် ဖန်တီးချုပ်လုပ်ပေးမှာပါ။ တယောက်နဲ့ တယောက် မတူအောင်တော့ ဒီဇိုင်းလေးတွေ ဖန်တီးပေးထားတယ်။ အသားအရေနဲ့ အသက်ကိုလိုက်ပြီး ချုပ်ပေးထားပါတယ်။ နန်းဆုကို လုံးဝမထင်ထားတဲ့ ပုံစံလေး ဖန်တီးထားပါတယ်။ အရင်ကတော့ ပန်းချီတွေလည်း များပြီး ရွှေချည်ထိုးတွေလည်း များပါတယ်။ နန်းဆန်ဆန်တွေလည်း အရမ်းများပြီဆိုတော့ ဒီနှစ်မှာတော့ Beauty ဖြစ်တဲ့ပုံစံလေးနဲ့ Attraction ရှိတဲ့ ပုံစံလေးတွေ ဖန်တီးမှာပါ”လို့ ဒီဇိုင်နာ မျိုးမင်းစိုးက ပြောပါတယ်။
ဒီဇိုင်နာ မေမြတ်ဝါဆို
“ဒီနှစ်တော့ စိုးပြည့်သဇင်၊ ချစ်စနိုးဦး၊ မိုးယုစံတို့စုံတွဲနဲ့ ခရစ္စတီးနားတို့အတွက် ဖန်တီး ချုပ်လုပ်ပေးမှာပါ။ စိုးပြည့်ဝတ်စုံကတော့ သူတို့ ရွှေမင်းသမီ းပိုးထည်တိုက်က ချိတ်နဲ့ ဇာလေးကို ပေးတာနဲ့ ဘာဒီဇိုင်းမှ မလုပ်ဘဲ ရှင်းရှင်းလေး ချုပ်ထားတယ်။ အရောင်လည်း အနုလေးပဲ။ ချစ်စနိုးဦးကတော့ အရောင်က နို့ခရင်မ်ရောင်လေးချုပ်ပေးမယ်။ မိုးထိနန်း ပိုးထည်တိုက်က စပွန်စာပေးထားတယ်။ မိုးယုတို့ အတွဲနဲ့ ခရစ္စတီးနားကတော့ ကျမတို့ ပန်းချီတွေကို ဝတ်မယ်။ ရှေးဆန်ဆန်လေး ချုပ်ပေးထားပါတယ်။ သူတို့တွေနဲ့လိုက်မယ့် ပုံစဲဒီဇိုင်းတွေကို တိုင်ပင်ပြီး ချုပ်ထားပါတယ်”လို့ ဒီဇိုင်နာ မေမြတ်ဝါဆိုက ဧရာဝတီကို ပြောပါတယ်။
ဒီဇိုင်နာ Ah Latt
“ဒီနှစ် အကယ်ဒမီအတွက် နေခြည်ဦးနဲ့ သင်ဇာဝင့်ကျော်ကို Excited ဖြစ်စေမယ့် ဝတ်စုံလေးတွေ စီစဉ်ထားတယ်။ မနှစ်က ဖန်တီးပေးတဲ့ ဝတ်စုံတွေက အရောင်နည်းနည်း ဖျော့တာများတယ်။ ဒီနှစ်မှာတော့ အရောင်တောက်တဲ့ ဖက်ရှင်တွေ ချုပ်ဖြစ်လိမ့်မယ်။ အခုတလောကလည်း Wow ဖြစ်တဲ့ Color တွေကို ဒီဇိုင်နာတော်တော်များများက မျက်စိကျနေတယ်။ သူတို့နှစ်ယောက်က လူတွေရဲ့ အာရုံစိုက်မှုကို တော်တော်များများ ရထားတဲ့အတွက်ကြောင့် သူတို့ကို ချုပ်ပေးမယ့် ဝတ်စုံကို ပိုပြီးတော့ စိတ်ဝင်စားကြတယ်”
“အခြေအနေနဲ့ လိုက်ပြီး ဝတ်စုံကို ဖန်တီးရတဲ့အတွက်ကြောင့် ဘယ်လို ဝတ်စုံမျိုးချုပ်မလဲ ဆိုတာ ပြောလို့ မရသေးပေမယ့် နှစ်ယောက်စလုံးအတွက် အလှဆုံး ဖန်တီးချုပ်လုပ်ပေးသွားမှာပါ။ နေခြည်ဦးနဲ့ သင်ဇာဝင့်ကျော်အတွက် ဒီဇိုင်း စဉ်းစားရမှာမို့ အရမ်း ရင်ခုန်နေပြီ။ သူတို့အတွက် မြန်မာတော့ဆန်မှာ မဟုတ်ဘူး။ ဝတ်စုံနဲ့ လိုက်ဖက်အောင် ဖိနပ်၊ အိတ်၊ ဆံပင် ပုံစံ အကုန်လုံးကိုလည်း နှစ်ယောက်လုံးနဲ့ တိုင်ပင်ပြီး စီစဉ်ထားပါတယ်”လို့ ဒီဇိုင်နာ Ah Latt က ပြောပါတယ်။
The post ဒီနှစ် အကယ်ဒမီ ပွဲတက်ဖက်ရှင်တွေကို ဒီဇိုင်နာတွေ ဘယ်လို ဖန်တီးကြမလဲ appeared first on ဧရာဝတီ.