ယခုနှစ်မှာ ကျင်းပတဲ့ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကြီးမှာ အကယ်ဒမီ ၄ ဆုရှင် ဖြစ်သွားတဲ့ ဒါရိုက်တာ ဝိုင်းကတော့ သူ အကယ်ဒမီ ရတာဟာ ပရိသတ်တွေကို စေတနာထားတဲ့အတွက် ပြန်လည် အရောင်ဟပ်တယ် ထင်ပါတယ်လို့ အကယ်ဒမီ ကျေးဇူးတင်စကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ကျနော် ပရိသတ်ကို စေတနာ ထားပါတယ်။ အဲဒီစေတနာက ပြန်ပြီး အရောင်ဟပ်တယ် ထင်ပါတယ်။ ပရိသတ်တွေရဲ့ မေတ္တာတွေကြောင့် ပါပါတယ်။ ပြီးတော့ ကျနော့်ကို အသက် ၂၃၊ ၂၄ နှစ်အရွယ် ဘိန်းစားဘဝကတည်းက ချော့တခါ၊ ခြောက်တလှည့်နဲ့ ဇာတ်ညွှန်းပညာကို သင်ပြီး လူကောင်း၊ သူကောင်းဖြစ်အောင် ပို့ဆောင်ပေးခဲ့တဲ့ ကျနော့်ဆရာ ညီညီထွန်းလွင်ရဲ့ ကျေးဇူးကြောင့် ရခဲ့တာပါ။ ပြီးတော့ ကျနော့်ဘဝပြောင်းလဲအောင် စာတွေ ရေးတတ်အောင် စာပေတွေ လေ့လာခဲ့တဲ့၊ စာပေတွေကို ရေးသားခဲ့တဲ့ စာရေးဆရာများအားလုံးကို ကျေးဇူးတင် ဂါရဝ ပြုပါတယ်”လို့ ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။
ဒါရိုက်တာ ဝိုင်းကတော့ စာရေးဆရာမ ပုညခင်ရဲ့ “အရှေ့တခါးအဝင်” ဝတ္ထုကို “ရွှေကြာ”အဖြစ် ဇာတ်ညွှန်း ပြန်လည် ရေးသားကာ ရုပ်ရှင်အနေနဲ့ ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပြီး “အကောင်းဆုံး ဇာတ်ညွှန်းဆု”ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
“ဒီစာအုပ်ကို ရေးသားခဲ့တဲ့ ဆရာမ ပုညခင်၊ ကျနော်တို့ အဖွဲ့သားတွေအားလုံးကို ကျေးဇူးတင်စကား ပြောချင်ပါတယ်။ အဆဲခံ၊ အဆိုခံပြီး ၃၊ ၄ လကြာအောင် အလုပ်ပျက်၊ အကိုင်ပျက် စီးပွားပျက်ခံပြီး အမှတ်ပေးခဲ့တဲ့ ဒိုင်လူကြီးတွေကို ကျေးဇူးတင်ပါတယ်။ ကျနော် ကြိုးစားပါမယ်။ ဒီထက်ပိုကောင်းအောင် ကြိုးစားပါမယ်”လို့ ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။
ဒါ့အပြင် အဆိုပါ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ၂၀၁၈ ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများထဲမှ “အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆု”ကို ရရှိခဲ့ပြီး “အကောင်းဆုံး တည်းဖြတ်ဆု” ၊ “ဇာတ်ညွှန်းဆု” ၊ “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”တို့ကိုလည်း ရရှိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဆိုပါ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကိုတော့ စာရေးဆရာမ ပုညခင် ရေးသားခဲ့စဉ်က ပရိသတ်မျာ းကြိုက်နှစ်သက်ခဲ့ရတဲ့ ဝတ္ထုတပုဒ် ဖြစ်ခဲ့ပြီး ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ရာမှာတော့ ဝေဖန်မှုများစွာ ရှိခဲ့ရာ အခုလိုမျိုး အကယ်ဒမီဆုများ ရရှိခဲ့တဲ့အချိန်မှာတော့ ပိုမိုပြင်းထန်တဲ့ ဝေဖန်မှုများ ရရှိနေပါတယ်။
ဒီဝတ္ထုကိုတော့ စာရေးဆရာမ ပုညခင်က စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတဲ့၊ ဘဝမလုံခြုံသော မိန်းကလေးများ လမ်းမှား မလိုက်မိကြရန် ပြည့်တန်ဆာ မိန်းကလေးတယောက်ရဲ့ဘဝ လူဖြစ်ရှုံးပုံကို ရေးသားထားတာ ဖြစ်ပါတယ်။
The post “အကယ်ဒမီရတာ ပရိသတ်ကိုထားတဲ့ စေတနာ အရောင်ဟပ်တာပါ”လို့ ပြောတဲ့ ဒါရိုက်တာ ဝိုင်း appeared first on ဧရာဝတီ.