Disney ရုပ်ရှင် ထုတ်လုပ်ရေးရဲ့“Dumbo” ရုပ်ရှင်ဟာ စတူဒီယိုရဲ့ အန်နီမေးရှင်း ရုပ်ရှင်တွေကို live-action (လူသားသရုပ်ဆောင်တွေနဲ့ ပြန်လည် ရိုက်ကူးထားတဲ့ ပုံစံ) အဖြစ် ပြန်လည် ဖန်တီးထားတဲ့ တခြားရုပ်ရှင်တွေထက် မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဝင်ငွေမရခဲ့တာကို တွေ့ရပါတယ်။
Walt Disney ကုမ္ပဏီကတော့ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ သန်း ၁၇၀ ရှိခဲ့ပေမယ့် ပြည်တွင်းမှာ ဒေါ်လာ ၄၅ သန်းလောက်ပဲ ရမယ်လို့ မျှော်မှန်းထားတဲ့အကြောင်း ပြောဆိုထားပါတယ်။ တကယ်တော့လည်း အဖွင့်ဝင်ငွေမှာ “Beauty and the Beast” ၊ “The Jungle Book” နဲ့ “Alice in Wonderland” ရုပ်ရှင်တွေရဲ့ အဖွင့်ဝင်ငွေ တဝက်ကိုတောင် မမီခဲ့ပါဘူး။
၁၉၄၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ အန်နီးမေးရှင်းရုပ်ရှင်ကို ပြန်လည်ဖန်တီးမှုမှာ မင်းသား Colin Farrell နဲ့ မင်းသား Danny DeVito တို့ ပါဝင်ထားကြပါတယ်။ ဝေဖန်သူတွေထံကနေ အဆိုးမြင်မှတ်ချက်ပေးထားခံရပြီးတော့ ရုပ်ရှင်ဝေဖန်ရေး ဝက်ဘ်ဆိုက် Rotten Tomatoes မှာလည်း ၅၃ ရာခိုင်နှုန်းပဲ မှတ်ချက်ပေးခံထားရပါတယ်။
နိုင်ငံတကာမှာတော့ “Dumbo” ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၇၁ သန်း ရရှိခဲ့ပြီး အဲဒီအထဲမှာ တရုတ်ကနေ ဒေါ်လာ ၁၀ ဒဿမ ၇ သန်း၊ ယူကေကနေ ၇ ဒဿမ ၄ သန်းနဲ့ မက္ကဆီကိုကနေ ဒေါ်လာ ၇ ဒဿမ ၂ သန်းရရှိထားတာ ဖြစ်ပါတယ်။
အခုလိုမျိုး Live-action ပုံစံရိုက်ကူးထားတဲ့ ရုပ်ရှင် နှစ်ကားကို ဒီနှစ်အတွင်းမှာပဲ Disney က ဖြန့်ချိဖို့ ရှိနေပါသေးတယ်။ အဲဒါတွေကတော့ မေလ ၂၄ ရက်နေ့မှာ “Aladdin” ရုပ်ရှင်နဲ့ ဇူလိုင်လ ၁၉ ရက်နေ့တို့မှာ “The Lion King” ရုပ်ရှင်တို့ပဲ ဖြစ်ပါတယ်။ “Us” ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ ၃၃ ဒဿမ ၆ သန်းနဲ့ ဒုတိယနေရမှာ ရပ်တည်နေပါတယ်။
ရုံတင်တာ ဒုတိယသီတင်းပတ်အရောက်မှာပဲ ဒေါ်လာ ၁၂၈ ဒဿမ ၂ သန်းရရှိခဲ့ပြီး ရိုက်ကူး ကုန်ကျစရိတ်က ဒေါ်လာ သန်း ၂၀ ပဲရှိခဲ့တယ်လု့ိ ဆိုပါတယ်။“Captain Marvel” ရုပ်ရှကင်ကတော့ ဒေါ်လာ ၂၀ ဒဿမ ၅ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ အခုတော့ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ သန်း ၃၅၀ ရရှိခဲ့ပြီး အခုသီတင်းပတ်ထဲမှာ ကမ္ဘာတဝန်းကနေရုံဝင်ငွေ ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်သွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
လူငယ် အချစ် ဟာသဇာတ်မြူး Five Feet Apart” ရုပ်ရှင်ကတော့ စတုတ္ထနေရာမှာ ဒေါ်လာ ၆ ဒဿမ ၃ သန်းနဲ့ ရပ်တည်နေပါတယ်။ “Unplanned” ရုပ်ရှင်ကတော့ ပဉ္စမနေရာမှာ ဒေါ်လာ ၆ ဒဿမ ၁ သန်းနဲ့ ရပ်တည်နေပါတယ်။
Ref : AP
The post ရုံဝင်ငွေ မျက်နှာပန်း မလှဖြစ်ခဲ့တဲ့ “Dumbo” ရုပ်ရှင် appeared first on ဧရာဝတီ.