သရုပ်ဆောင် နန်းဆုဦးက မကြာခင် ရုံတင်ပြသတော့မယ့် “မဟူရာရုပ်ရှင်ရုံ” ဇာတ်ကားကြီးမှာ Filmmaking ကို ဝါသနာပါတဲ့ သူတယောက်၊ အရမ်းစိတ်ကောက်တတ်သူ တယောက်အနေနဲ့ ပါဝင်ထားပြီး ဒီဇာတ်ကား ရိုက်ကူးစဉ်က ရိုက်ကူးရေးနားလို့ လူ မရှိရင်တော့ စိတ်ချောက်ချားတယ်လို့ ဆိုပါတယ်။
“ဒီကားထဲမှာ Filmmaking ကို ဝါသနာပါတဲ့ သူတယောက်၊ အရမ်း စိတ်ကောက်တတ်သူ တယောက်အနေနဲ့ ပါဝင်ထားပါတယ်။ ကာရိုက်တာအတွက် ထွေထွေထူးထူး မပြင်ဆင်ရပါဘူး။ အမှောင်ထဲမှာ နေခဲ့ရပေမယ့် သရဲကားရိုက်တယ် ဆိုတာကို သိနေတယ်လေ။ ကင်မရာတွေနဲ့ ချိန်ထားတယ်ဆိုတာ သိနေတဲ့အတွက် တခါတလေ Mood ကို ပြန်ထည့်ရတယ်။ မီးတွေထိုးထားတော့ သိပ်ကြောက်ဖို့ မကောင်းဘူး”
“နန်းဆုတို့ ရိုက်တဲ့ ရုပ်ရှင်ရုံကြီးကလည်း အဟောင်းကြီး။ နန်းဆု အမှောင်ထဲမှာပဲ နေရတယ်။ တခါတလေနားလို့ တယောက်တည်းရှိရင် စိတ်ချောက်ချားတယ်။ အဲ့လိုစိတ်ချောက်ချားတဲ့ ဖီလင်တော့ ရနေတယ်”လို့ နန်းဆုဦးက ပြောပါတယ်။
“မြန်မာပြည်မှာ ရိုက်ထားတဲ့ ကားလေးတကားဟာ နိုင်ငံခြားကနေမှ အသိအမှတ်ပြုခြင်း ခံရတဲ့အတွက် ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ကားလေးလည်းဖြစ်တဲ့အတွက် နန်းဆု ဝမ်းလည်း ဝမ်းသာပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်”လို့ နန်းဆုဦးက ဆိုပါတယ်။
ကြောက်စရာများစွာနဲ့ ရင်တုန်ဖွယ်ရာ ကြည့်ရှု့ရမယ့် “မဟူရာရုပ်ရှင်ရုံ” ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပေမယ့် ကိုယ်တိုင်က သရဲကို တခါမှ မမြင်ဖူးတဲ့အတွက် သိပ်တော့ အယုံအကြည် မရှိဘူးလို့ နန်းဆုဦးက ဆိုပါတယ်။
“သရဲရှိတာယုံလားဆို တခါတလေ တယောက်တည်းရှိနေတဲ့ အချိန်မျိုးတို့၊ မီးပျက်သွားတာမျိုးတို့ဆို လူဆိုတာကတော့ သရဲကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ တယောက်တည်း ရှိနေချိန် စိတ်ချောက်ချားစရာနဲ့ တွေ့တဲ့အချိန်မှာ အကုန်လုံး ဖြစ်ဖူးမယ်တော့ ထင်တယ်။ ကိုယ်တိုင်က သရဲကို တခါမှမမြင်ဖူးတဲ့အတွက် သိပ်တော့ အယုံအကြည် မရှိပါဘူး”
“ဇာတ်လမ်းဦးစားပေးနဲ့ ပရိသတ်တွေကို ဆွဲခေါ်သွားရတာမို့ ဇာတ်လမ်းကို ပေါ်လွင်အောင် သေချာလေး ရိုက်ပြရတယ်။ ရိုက်ကူးနေတုန်းကတော့ အမှတ်တရတွေပါပဲ။ စီနီယာ အစ်ကိုတွေနဲ့ ရိုက်ရတယ်။ ကိုကြံ့နဲ့ ဆိုလည်း ပထမဦးဆုံး ဆုံဖူးတာ။ ကိုနေတိုးနဲ့ကတော့ ရှေ့မှာ ဆုံဖူးတယ်။ သူတို့အလုပ် ဘယ်လိုလုပ်လဲ အမြဲလေ့လာတယ်။ အမြဲ သင်ယူပါတယ်။ ကိုမင်းသွေးနဲ့ကလည်း ပထမဦးဆုံး စဆုံဖူးတာ အလုပ်တူတူတခါမှ မလုပ်ဖူးဘူးလေ။ ပထမဦးဆုံး အကြိမ်နဲ့ နောက်ဆုံးအကြိမ် ဖြစ်သွားတော့စိတ်လည်း မကောင်းဘူး။ ရုံတင်ချိန်မရှိတာလည်း စိတ်မကောင်းဖြစ်ရတယ်” လို့ နန်းဆုဦးက ဆိုပါတယ်။
နန်းဆုဦးပါဝင် သရုပ်ဆောင်ထားတဲ့ “မဟူရာ ရုပ်ရှင်ရုံ” ဇာတ်ကားကြီးကို ဒါရိုက်တာ ပြည့်ဇော်ဖြိုး ရိုက်ကူးထားကာ 7th Sense Film Production မှ ထုတ်လုပ်ထားပြီး သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ရီယာရေး၊ နန်းဆုဦး ၊ ထွန်းမင်း၊ ခေးလရောင်တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဧပြီလ၂၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
The post “မဟူရာ ရုပ်ရှင်ရုံ” ဇာတ်ကား ရိုက်ကူးစဉ်က ချောက်ချားမှုတွေအကြောင်း ပြောပြတဲ့ နန်းဆုဦး appeared first on ဧရာဝတီ.