Myanmar Idol Season 2 သီချင်းဆို ပြိုင်ပွဲကနေစပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ အဆိုတော် ပိုးမီက ဒုတိယခွေအတွက် ပြင်ဆင်နေသလို အွန်လိုင်းကနေ ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ Music Video တပုဒ်ကို ပရိသတ်တွေ နားဆင်ဖို့ တင်ပေးမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“လတ်တလောတော့ ဒုတိယအခွေအတွက် ပြင်ဆင်နေပါတယ်။ ၅ လပိုင်းမှာ ဒုတိယခွေမှာ ပါမယ့် သီချင်းအသစ်လေးတပုဒ် Music Video လေး အဲ့ဒါလေး ထွက်ဖို့ ရှိပါတယ်။ အွန်လိုင်းကနေ ဖြန့်ပေးမှာပါ။ Edit လေးနည်းနည်း ကျန်နေလို့ပါ။ ပြီးတာနဲ့တင်ပေးမှာပါ။ ဒီသီချင်းနာမည်လေးက ‘ဆုံးဖြတ်ပေါ့’ တဲ့။ သုံးပွင့်ဆိုင်အချစ် ဇာတ်လမ်းလေးပါပဲ။ ကိုယ်တိုင် သရုပ်ဆောင်ထားတယ်။ ညီမလေး မေမဒီလည်း သရုပ်ဆောင်ထားပေးပါတယ်”
“ကိုယ်တိုင် သရုပ်ဆောင်ရတဲ့အခါ အခက်အခဲတွေ အများကြီးရှိတယ်။ ကိုယ်က ရှက်တာလေ။ အဲ့ဒါကြောင့်လည်း ကိုယ်နဲ့ခင်တဲ့ ညီမလေး မေမဒီကို ခေါ်ပြီး ရိုက်ထားတာ။ သူနဲ့ကျတော့ ပြောမနာဆိုမနာ သိပ်မရှက်တော့ အဆင်ပြေတယ်လေ။ သရုပ်ဆောင်လုပ်ဖို့တော့ မရှိဘူး။ အနုပညာနဲ့ ပတ်သက်တာ အကုန်လုံးတော့ လုပ်ကြည့်ချင်တယ်။ ဒုတိယခွေထဲမှာတော့ အချိုလေးတွေရော အကြမ်းလေးတွေရော ပါမယ်”လို့ အဆိုတော် ပိုးမီက ပြောပါတယ်။
သီချင်းနဲ့ ပတ်သက်ပြီး မူပိုင်ခွင့်တွေ ရှိလာတဲ့အခါ ပိုပြီးကြိုးစားချင်စိတ်တွေ၊ ပိုပြီးကြိုးစားရမယ်ဆိုတဲ့ အသိတွေ ဖြစ်လာစေသလို တေးရေးနဲ့ တိုက်ရိုက်သွားညှိ နားလည်မှုရှိရှိပြောရင်တော့ အဆင်ပြေပါတယ်လို့ ပိုးမီက ပြောပါတယ်။
“မူပိုင်ခွင့် ရှိတာတော့ ကောင်းပါတယ်။ မူပိုင်ခွင့်လေးရှိလာပြီ ဆိုတဲ့အခါကျတော့ အဆိုတော်သစ်တွေလည်း ပိုပြီးကြိုးစားချင်စိတ်တွေ ဖြစ်လာကြတယ်။ ကိုယ့်ကိုယ်ပိုင်သီချင်းလေးနဲ့ ကိုယ်အောင်မြင်အောင် လုပ်ရမယ် ဆိုတဲ့ အသိတွေလည်း ပိုးမီတို့ကိုယ်တိုင် ဝင်လာခဲ့တော့ ပိုပြီးကြိုးစားချင်စိတ်ဖြစ်လာတယ်”
“ကောင်းတဲ့ အမြင်နဲ့ကြည့်ရင်တော့ ကောင်းပါတယ်။ ပိုပြီးတော့ များများပြေးရမှာပေါ့။ မူပိုင်ခွင့်ဆိုပေမယ့် အရမ်း စည်းကြပ်ထားတာမျိုး မဟုတ်ဘူးပေါ့။ တေးရေးတွေ အနေနဲ့ ရှိသင့်တဲ့ မူပိုင်ခွင့်လေးကို တောင်းကြတယ်။ Respect တခုအနေနဲ့ သူတို့လိုချင်ကြတာ ဖြစ်တဲ့အခါ ကျတော့ အဆိုတော်သစ်တယောက် ဖြစ်လာတဲ့အခါမှာ ဟိုသီချင်း ယူဆိုမယ်၊ ဒီသီချင်း ယူဆိုမယ်မျိုး မရတော့ဘူးနော်”
“ဒီသီချင်းလေး ဆိုမယ်ဆို တေးရေးနဲ့ တိုက်ရိုက်သွားညှိ နားလည်မှုရှိရှိပြောရင်တော့ အဆင်ပြေတာပေါ့။ အဓိကက တေးရေးတေးဆိုကြားထဲမှာ Respect ပေါ့”လို့ ပိုးမီကပြောပါတယ်။
အဆိုတော် ပိုးမီက Myanmar Idol Season 2 မှာ Top 3 အထိ ပါဝင်ခဲ့ပြီး သီချင်းဆိုပြိုင်ပွဲကြီး ပြီးသွားတဲ့ အခါမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူတဦးပါ။ အဆိုတော် ပိုးမီက “နောက်ထပ် တစ်ယောက် မရှိ” ဆိုတဲ့ ပထမဆုံး တကိုယ်တော် တေးစီးရီးကိုလည်း ထွက်ရှိထားပါတယ်။
The post ဒုတိယမြောက် တကိုယ်တော် တေးစီးရီးအတွက် ပြင်ဆင်နေတဲ့ အဆိုတော် ပိုးမီ appeared first on ဧရာဝတီ.