သရုပ်ဆောင် ဆုပန်ထွာကတော့ သူမရဲ့ တူမတယောက်ဖြစ်တဲ့ Miss Universe Myeik ရရှိထားတဲ့ သက်တံ့ကဗျာကို သရုပ်ဆောင် တယောက်ဖြစ်စေချင်ပြီး အနုပညာလမ်းကြောင်းပေါ်လျှောက်စေချင်တယ်လို့ ပြောပါတယ်။
“ပန်ပန်ကတော့ အနုပညာ အလုပ်လုပ်ချင်တာပေါ့။ သူ့ ပညာရေးလည်း ရှိသေးတယ်။ ဘွဲ့ရအောင် သင်ရမယ်။ အားပေးတယ် လုပ်၊ ပညာရေးကိုလည်း ဘွဲ့ရအောင် လုပ်ရမယ်။ သူကတော့ ဘာလုပ်မယ်ဆိုတာ အမြဲ တိုင်ပင်တယ်။ ကိုယ်လည်း အနုပညာအလုပ်ကို လျှောက်လာတာဖြစ်တဲ့အတွက် အမှားလည်း မဖြစ်စေချင်ဘူး။ အကောင်းဆုံးဖြစ်အောင်နဲ့ လုပ်မယ့်လုပ်တော့ အောင်မြင်တဲ့သူ ဖြစ်စေချင်တယ်။ အိုက်တင် လုပ်ဆိုရင်လည်း ထိထိမိမိ လုပ်နိုင်တဲ့သူတယောက် ဖြစ်စေချင်တယ်”လို့ ဆုပန်ထွာက ပြောပါတယ်။
မကြာခင်မှာ ထွက်ရှိမယ့် ဆုပန်ထွာရဲ့ဒုတိယမြောက် အခွေထဲမှ “အတူနေချင်တာ မင်းနဲ့” ဆိုတဲ့ သီချင်းထဲမှာလည်း တိုင်ရွန်နဲ့ အတူ သက်တံ့ကဗျာက တွဲဖက် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ပန်ပန့် အခွေထဲက အတူနေချင်တာမင်းနဲ့ သီချင်းကို ပန်ပန့် တူမလေးနဲ့ တိုင်ရွန်နဲ့ကို သရုပ်ဆောင်ခိုင်းထားတာ။ တူမလေးက သရုပ်မဆောင်တတ်ဘူး။ တီငယ် ဖြစ်ပါ့မလား၊ သူကြောက်တယ်ပေါ့။ တူမလေးက မြိတ်က Miss Universe သူကလည်း Miss တောင် ရထားတာဆိုတော့ ရုပ်အဆိုးကြီး မဟုတ်ဘူးလေ။ ခေါ်ရိုက်လိုက်တာ”လို့ ဆုပန်ထွာက ပြောပါတယ်။
တူမဖြစ်သူ သက်တံ့ကဗျာကတော့ Miss ရရှိထားသော်လည်း သရုပ်ဆောင်တဲ့ အတွေ့အကြုံ မရှိတဲ့အတွက် ကြောက်ခဲ့ရပြီး နောက်ထပ်လည်း ကြိုးစားသရုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
“ကြောက်တယ်။ အရမ်းကြောက်တယ်။ Miss နဲ့ကျတော့ မတူဘူးလေ။ ပထမဆုံး သရုပ်ဆောင်တာ ဆိုတော့ ရှက်နေတာပေါ့။ အကောင်းဆုံးတော့ လျှောက်သွားမှာပါ။ ဝါသနာက တော်တော်ပါတာ။ တီငယ်နဲ့ ကပ်နေတော့ အမြဲတမ်း မင်းသမီး ဖြစ်ချင်တာ။ ကျောင်းက ပထမနှစ်တက်ဖို့ လုပ်နေတယ်”လို့ သက်တံ့ကဗျာက ပြောပါတယ်။
ဆုပန်ထွာကတော့ သူမကို အားပေးသလို တူမလေးကိုလည်း အားပေးစေချင်ပြီး အနုပညာမောင်နှမများလည်း ဝိုင်းဝန်းချစ်ခင် ဝေဖန်ပေးကြပါလို့ အပ်နှံခဲ့ပါတယ်။
“အနုပညာလမ်းကြောင်းလေးပေါ် လျှောက်တဲ့အချိန်မှာ အကောင်းဆုံးဖြစ်အောင် လုပ်စေချင်တာ။ လမ်းမှားလည်း မရောက်စေချင်ဘူး။ သူ့ကို ဝေဖန်ပါ။ အကြံပေးပါ။ အနုပညာလောကထဲ ဝင်လာခဲ့ရင် ပန်ပန့်ကို ချစ်သလိုပဲ သူ့ကိုချစ်ပြီး ဝိုင်းပြီးဝေဖန်ပေးပါ။ ပရိသတ်တွေလည်း ပန်ပန့်ကို ချစ်သလို သူ့ကိုချစ်ပေးပါလို့ အပ်နှံချင်ပါတယ်”လို့ ဆုပန်ထွာက ပြောပါတယ်။
The post Miss Universe Myeik ရထားတဲ့ တူမကို အနုပညာအလုပ်တွေ လုပ်စေချင်တဲ့ ဆုပန်ထွာ appeared first on ဧရာဝတီ.