“ဟောင်ကောင် ဂျက်မ” လို့ လူသိများတဲ့ အဆိုတော်၊ မင်းသမီး Karen Mok ဟာ သူ့ရဲ့ အနုပညာသက်တမ်း ၂၅ နှစ်ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုတဲ့အနေနဲ့ “The Ultimate Karen Mok Show” လို့ အမည်ပေးထားတဲ့ လက်ရှိ နယ်လှည့်ဖျော်ဖြေပွဲကို အဆုံးသတ်ပြီးတဲ့နောက် နယ်လှည့်ဖျော်ဖြေပွဲတွေကို နောက်ထပ်ပြုလုပ်တော့ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
အဲ့ဒါကြောင့် လာမယ့် ဇွန်လ ၁၅ ရက်နေ့၊ Singapore Indoor Stadium မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲဟာ အဆိုတော်၊ မင်းသမီး Mok အတွက်တော့ နောက်ဆုံး ဖျော်ဖြေပွဲ ဖြစ်လာမှာပါ။
အဲ့ဒီဖျော်ဖြေပွဲ ပရိုမိုးရှင်းအတွင် စင်ကာပူနိုင်ငံကို ရောက်နေတဲ့ မင်းသမီးက “အခုတော့ အချိန်ကျပြီဆိုတဲ့ ခံစားချက် ရနေပါတယ်။ ကျမရဲ့ အနုပညာလုပ်ငန်းတွေကို စတင်ခဲ့တဲ့ ပထမဆုံးရက်မှာ တရက်ကျရင်တော့ ထိပ်ဆုံးနေရာကနေ အနားယူဖို့ ကြိုးစားသင့်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ဖူးပါတယ်” လို့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။
မင်းသမီးက တောင်ဆင်းလမ်းကို မရောက်ခင် ဘယ်အချိန် တောင်ထိပ်ကို ရောက်မယ်ဆိုတာ သိဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ အနုပညာလုပ်ငန်းဟာ တော်တော်လေး စွဲလမ်းလွန်းပြီး နောက်ထပ်မြင့်တဲ့ အမြင့်တောင်ထိပ်နေရာ (ပိုမြင့်တဲ့ပန်းတိုင်နေရာ) ရှိဦးမယ်လို့ လူတွေက အမြဲတမ်းထင်ကြတဲ့ အကြောင်းလည်း ပြောဆိုပါတယ်။
သူဟာ တောင်ဆင်းလမ်းလို နာမည်ကျဆင်းနေပြီလို့ ထင်တဲ့အကြောင်း ပြောဆိုခဲ့တာမျိုး မရှိပေမယ့် အသက် ၄၉ နှစ်အရွယ် မင်းသမီးကတော့ သူဟာ လက်ရှိမှာ အထွဋ်အထိပ်ကာလကို ရောက်ရှိနေပြီလို့ ဆိုထားပါတယ်။
မင်းသမီးဟာ ဟောင်ကောင်မှာ ၁၉၉၃ ခုနှစ်တုန်းက ကန်တုံပေါ့ပ် အယ်လ်ဘမ် ‘Karen’ နဲ့အတူ အနုပညာ လောကထဲ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ၂၆ နှစ်ကြာ အနုပညာလောကထဲ ဖြတ်သန်းပြီးချိန်မှာတော့ ဂီတအယ်လ်ဘမ်ပေါင်း ၃၀ ကျော်ကို ဖြန့်ချိခဲ့ပြီး တရုတ်ဂီတလောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံးလို့ ဆိုနိုင်တဲ့ Golden Melody Awards ကိုလည်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် “God of Cookery”, “Tempting Heart” နဲ့ “Man of Tai Chi” ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။
မင်းသမီးဟာ နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်တာကနေ အနားယူလိုက်တယ်ဆိုပေမယ့် ရုပ်ရှင်တွေ ရိုက်ကူးတာနဲ့ ဂီတတွေ ဖန်တီးတာတွေကိုတော့ ဆက်လုပ်သွားဦးမှာ ဖြစ်ပါတယ်။ အော်စကာဆုရ ဒါရိုက်တာကြီး Ang Lee နဲ့ အလုပ် အတူတူ လုပ်ချင်တယ်လို့လည်း မင်းသမီးက ပြောဆိုထားပါတယ်။
Ref: CNA Lifestyle
You may also like these stories:
တတိယမြောက် အိမ်ထောင်ပြုဖို့ ပြင်ဆင်နေတဲ့ မင်းသမီး စကားလက် ဂျိုဟန်ဆန်
ဇာတ်ကောင်နဲ့ လိုက်တဲ့ ခန္ဓာကိုယ် ထိန်းသိမ်းရန် Marvel က ဖိအားမပေးကြောင်း Elizabeth Olsen ဆို
လန်ဒန်နဲ့ ဒေလီမှာရှိတဲ့ Madame Tussauds ပြတိုက်မှာ Deepika Padukone ရဲ့ ဖယောင်းရုပ်တု ထားရှိမည်
The post နယ်လှည့်ဖျော်ဖြေပွဲတွေ လုပ်တော့မှာ မဟုတ်ကြောင်း ဟောင်ကောင် အဆိုတော် Karen Mok ပြော appeared first on ဧရာဝတီ.