အသက်အရွယ်တခုကို ရောက်လာပြီ ဖြစ်ပေမယ့် တကိုယ်တည်းသမားအဖြစ် ဖြတ်သန်းလာခဲ့တဲ့ သရုပ်ဆောင် ခန့်စည်သူကတော့ အခုလို တကိုယ်တည်းသမားဖြစ်တာကြောင့် ဘယ်သူ့ရဲ့ ခွင့်ပြုချက်မှ မလိုဘဲ အလှူအတန်းတွေ လုပ်နိုင်တာလို့ ပြောပါတယ်။
“လက်တွဲဖော်ဆိုတာကတော့ လောကကြီးမှာ ရှိလည်း ဖြစ်တယ်၊ မရှိလည်း ဖြစ်တယ်။ အိမ်ထောင်ရှိတဲ့သူတွေ၊ သားသမီးရှိတဲ့သူတွေ သူတို့ကိုယ်စား ဝမ်းသာတယ်။ ကိုယ့်မိသားစုကို စောင့်ရှောက်နိုင်တယ်။ ဒါ မင်္ဂလာတပါးပဲ။ ကောင်းတယ်။ ကိုယ်ကတော့ မရှိဘူး။ အဲ့အတွက် မိဘကို စောင့်ရှောက်တယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ လောကသားတွေကို နိုင်သလောက်လေး ပြန်စောင့်ရှောက်နိုင်တဲ့ ကိုယ့်အတွက်ကလည်း ယူတတ်ရင် ကုသိုလ်ပဲ မင်္ဂလာပဲ”
“ဒီအချိန်မှာ ဘယ်သူ့ရဲ့ခွင့်ပြုချက်မှ ယူစရာ မလိုဘူး။ တယောက်တည်း ဖြစ်နေတဲ့ အခါကျတော့ သားသမီးအတွက် ငဲ့ရတာတွေ မိသားစုအတွက် ငဲ့ရတာတွေ သိပ်မရှိဘူးပေါ့။ မိဘကိုလည်း ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပြီး အလုပ်အကျွေး ပြုနိုင်တယ်။ အလှူအတန်းလေးတွေလည်း တတ်နိုင်သလောက်လေးလုပ်နိုင်တယ်”လို့ ခန့်စည်သူက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၁၁ ရက်နေ့က ခန့်စည်သူရဲ့ မွေးနေ့ဖြစ်ပြီး အခုလို အသက် တနှစ်ထက် တနှစ်ကြီးလာတဲ့အခါမှာ အမှားနည်းအောင် ဆင်ခြင်ရတယ်လို့လည်း ဆိုပါတယ်။
“အသက်တနှစ်ထက် တနှစ်ကြီးလာတဲ့အခါမှာတော့ လူဆိုတာတော့ အမှားနဲ့ မကင်းဘူးပေါ့။ အမှားနည်းအောင်တော့ ဆင်ခြင်ရတာပေါ့။ အသက်ကြီးလာတဲ့အခါမှာ နောက်အရှည်ကြီးကို နောက်မှ လုပ်မယ်ဆိုတာတွေ မထားတော့ဘူး။ ပစ္စုပ္ပန်ပဲ တည့်တည့် ရှုတယ်။ ဒီနေ့တနေ့ ကုန်သွားတဲ့အခါမှာ ကိုယ့်အတွက် ပညာရမှာလား၊ ဥစ္စာရမှာလား။ မရရင်တော့ ကုသိုလ်တော့ ရရမယ်။ ကုသိုလ်ရအောင် လုပ်ခဲ့တယ်။ အဲ့တော့ ပစ္စုပ္ပန်ပဲ တည့်တည့် ရှုတယ်”
“ပစ္စုပ္ပန်မှာ လုပ်စရာရှိတာတွေ လုပ်တယ်။ နောင်ဆိုတာ မသေချာဘူး။ ကျနော်တို့ လူဖြစ်တဲ့အချိန်မှာ ကိုယ်ယူခဲ့တဲ့ အရာတွေအကုန်လုံးကို ထားခဲ့ရမှာ။ ကိုယ်ပေးခဲ့တဲ့အရာတွေကို ယူသွားရမှာ” လို့ ခန့်စည်သူက ပြောပါတယ်။
မွေးနေ့အလှူအဖြစ် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မဝိဟာရ ပထမကျော်စာသင်တိုက်ရဲ့ သိမ်တော်အထပ်မြှင့်တင် ပြန်လည်ပြင်ဆင်ရန်အတွက် မတည်အလှူငွေ သိန်း ၁၀၀ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါး မိသားစု (၂၆၀) အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အာလူး၊ ကြက်သွန်၊ ဆပ်ပြာ၊ ကြာဆံ၊ ထမင်းထုပ်တို့ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်
မွေးနေ့အလှူကိုတော့ မိဘများက ကျန်းမာရေးမကောင်းတာကြောင့် လာရောက် ပါဝင်လှူဒါန်းနိုင်ခြင်း မရှိဘဲ အိမ်မှ သာဓုခေါ်ပါဆိုပြီး ထားခဲ့ရတယ်လို့ သိရပါတယ်။
“ခါတိုင်း မွေးနေ့ဆိုရင် အဖေ၊ အမေ ပါတယ်။ အလှူငွေကို ကိုင်ပြီးတော့ ကိုယ်ထိလက်ရောက် အဖေနဲ့အမေ ကုသိုလ်ရအောင် အမြဲလှူတယ်။ ဒီနှစ်ကတော့ ကျန်းမာရေး မကောင်းတဲ့အတွက် ကိုယ်ခံအားနည်းတော့ တခြားရောဂါတွေ ဖြစ်မှာစိုးလို့ အိမ်မှာပဲ သာဓုခေါ်ပါဆိုပြီး ထားခဲ့ရတယ်” လို့ ခန့်စည်သူက ပြောပါတယ်။
မွေးနေ့လက်ဆောင်အဖြစ် ဘာမှမရပေမယ့် ပြုလုပ်ခဲ့တဲ့ အလှူအတန်းများမှ ရရှိတဲ့ကုသိုလ်များမှာ အကောင်းဆုံး လက်ဆောင်ဖြစ်တယ်လို့ ခန့်စည်သူက ဆိုပါတယ်။
You may also like these stories:
သက်ကြီး အနုပညာရှင်များအား လှူဒါန်းခဲ့တဲ့ ဇာဂနာတို့ အဖွဲ့
“အားလုံး အဆင်မပြေဖြစ်နေချိန် ရုပ်ရှင်အစည်းအရုံးက ဘာလုပ်ပေးနိုင်မလဲ သိချင်တယ်”
The post တကိုယ်တည်းသမားဖြစ်တဲ့အတွက် မိဘကို စောင့်ရှောက်နေတဲ့ ခန့်စည်သူ appeared first on ဧရာဝတီ.