သရုပ်ဆောင် အောင်ရေချမ်းကတော့ ကိုဗစ်ကာလအတွင်း ကြီးကြီးမားမား ထိခိုက်တာမျိုး မရှိဘဲ ကိုဗစ်ပြီးရင် ဘာတွေပြင်ဆင်ရမလဲဆိုတာပဲ ခေါင်းထဲရှိတယ်လို့ ဆိုပါတယ်။
“ထိခိုက်ပျက်စီးတာတော့ ကျနော့်အတွက် ကြီးကြီးမားမားတော့ မရှိပါဘူး။ အဓိကက အလုပ်တွေ နားလိုက်ရတာပဲ ရှိပါတယ်။ ကျန်တာတော့ ထွေထွေထူးထူးတော့ မရှိပါဘူး။ ခံစားနေဖို့ အချိန် မရှိဘူး။ ခံစားနေရင်ကိုယ်ပဲ စိတ်ပိုပူရတယ်။ ကိုဗစ်ပြီးရင် ဘာတွေပြင်ဆင်ရမလဲ။ အဲဒါပဲ ခေါင်းထဲထားပါတယ်”လို့ အောင်ရေချမ်းက ပြောပါတယ်။
ကိုဗစ်ကာလအတွင်းမှာလည်း မိသားစုနဲ့နေဖြစ်ပြီး Depression (စိတ်ဓာတ်ကျခြင်း) မဝင်အောင်လည်း စိတ်ကိုလျှော့ပြီးနေရတယ်လို့ ဆိုပါတယ်။
“ဒီအတောအတွင်းမှာ အဓိကက မိသားစုနဲ့နေတယ်။ Depression မဝင်ရအောင်လို့တော့ စိတ်ကိုလျှော့ပြီးနေတယ်။ နောက်ပိုင်းကျတော့ နည်းနည်းအသားကျလာတော့ ကိုယ်လုပ်စရာရှိတာ သင်ယူစရာ ရှိတာ သင်ယူပြီးနေပါတယ်” လို့ အောင်ရေချမ်းက ပြောပါတယ်။
အိမ်မှာနေတဲ့အချိန်အတွင်း ဖတ်ရမယ့် ဇာတ်ညွှန်းများနဲ့ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကို ပြန်ကြည့်ရင်း လိုအပ်ချက်တွေကို လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို Stay home ကာလမှာတော့ အနုပညာရှင်အများစုဟာ Tiktok ရိုက်လာကြတာကို တွေ့ရတဲ့အတွက် အောင်ရေချမ်းအနေနဲ့ရော ရိုက်ဖြစ်လားဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။
“ကျနော် ၁ ခု ၂ ခုလောက်ပဲ ဆော့ဖြစ်ပါတယ်။ ဒါကတော့ ကျနော့်ရဲ့ Life မဟုတ်ဘူးလေ။ အပျော်သဘောလောက်ပဲ ၁ ခု ၂ ခု ဆော့ဖြစ်တယ်။ သူများလုပ်တာပဲကြည့်ပြီးတော့ ပျော်ရွှင်ရပါတယ်” လို့ အောင်ရေချမ်းက ပြောပါတယ်။
ဇာတ်လမ်းတွဲအသစ်အနေနဲ့တော့ ပြဖို့မရှိသေးဘဲ “မူယာပုလဲ” ဆိုတဲ့ ဇာတ်လမ်းတွဲရိုက်ရင်း ကိုဗစ်ဖြစ်တာကြောင့် နားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“ဇာတ်လမ်းတွဲအသစ်ကတော့ ပြဖို့ မရှိပါဘူး။ အသစ်က ရိုက်နေတုန်း တန်းလန်းဆိုတော့ ကိုဗစ်ဖြစ်တော့ နားလိုက်ရတာပေါ့။ ရိုက်တာ တလတောင် မပြည့်သေးပါဘူး။ မူယာပုလဲပေါ့။ ကျနော်၊ မေမီကိုကို၊ ဟိန်းထက်၊ နေခြည်ရွှန်းလဲ့ ပါမယ်” လို့ အောင်ရေချမ်းက ပြောပါတယ်။
အောင်ရေချမ်းကတော့ ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အဆင်မပြေတဲ့ ရုပ်ရှင်လောကသားများကို သရုပ်ဆောင် ခန့်စည်သူတို့နဲ့အတူ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။
You may also like these stories:
“အင်တာနက်မှာ နေရာ တနေရာရဖို့ မလွယ်ဘူး”လို့ အမွန်း ပြော
ကိုဗစ်ကြောင့် အကြွေးနွံနစ်နေကြရတဲ့ အိမ်ရှင်မများ
The post ကိုဗစ်ပြီးရင် ဘာတွေ ပြင်ဆင်ရမလဲ တွေးထားတဲ့ အောင်ရေချမ်း appeared first on ဧရာဝတီ.