မကြာခင် ကျရောက်တော့မယ့် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် ဂုဏ်ပြုပွဲအတွက် ဂုဏ်ပြုဇာတ်လမ်းမှာ ပါဝင်ဖြစ်တဲ့အကြောင်း သရုပ်ဆောင် ထွန်းထွန်းဝင်းက အခုလိုပဲ ပြောပါတယ်။
“မြန်မာ့ရုပ်ရှင်က နောက် ၄၊ ၅ လလောက်နေရင် နှစ် ၁၀၀ ပြည့်တော့မယ်။ အဲ့တော့ ရုပ်ရှင်သမားတွေ စုပေါင်းပြီး ငွေရတုသဘင်တို့၊ ရွှေရတုသဘင်တို့၊ စိန်ရတုသဘင်တို့ အဲ့ကားတွေကို ပြခန်းမှာ ပြထားတာ။ အဲ့မှာ ကျနော်တို့တော့ ဘယ်ကားမှာ ပါခဲ့ကြတယ်ဆိုတာကို ပြန်လည်ပြီး ဂုဏ်ပြုတဲ့အနေနဲ့ နှစ် ၁၀၀ ဂုဏ်ပြုဇာတ်လမ်းတွေ ရိုက်ပေးဖြစ်တယ်”
“ကျနော် အကယ်ဒမီရခဲ့တဲ့ “နှောင်ထုံးဖွဲ့ မေတ္တာ” ဇာတ်ကားနဲ့ ဘယ်လို အကယ်ဒမီရခဲ့ရတယ် ဆိုတာတွေ ၂၅ နှစ်ကြာမှရတဲ့ ဒီအကြောင်းလေးတွေ၊ နှစ် ၁၀၀ အတွင်းမှာ ရေခဲတောင် သွားရိုက်ခဲ့တဲ့ ကား ၂ ကားပဲ ရှိတယ်။ “နေခြည်ဖြာမှ နွေးသောကြောင့်” နဲ့ “လျှို့ဝှက်သော နှင်း” ပေါ့။ အဲ့ လျှို့ဝှက်သောနှင်းမှာ အခက်အခဲတွေ ပြောပြတာတွေပေါ့။ တချိန်က အမှတ်တရတွေ ပြန်ပြောတော့ သတိရတာပေ့ါ”လို့ ထွန်းထွန်းဝင်းက ပြောပါတယ်။
ကိုယ့်ကိုယ်ကိုယ် မင်းသားဖြစ်လာမယ်လို့ မထင်ထားဘူးဆိုတဲ့ ထွန်းထွန်းဝင်းက ကျောင်းတက်ရင်း ရုပ်ရှင်ရိုက်ခဲ့တာ အခုဆို ရုပ်ရှင် သက်တမ်း ၄၇ နှစ်ရှိသွားပြီလို့ ဆိုပါတယ်။
“ကျနော်က မင်းသားသာ ဖြစ်ခဲ့တာ။ ကိုယ့်ကိုယ်ကိုယ်လည်း မင်းသား ဖြစ်လာလိမ့်မယ်တောင် မထင်ဘူး။ ကံတရားကနေ မင်းသားရွေးခံပြီး ဇာတ်ကား ရိုက်လိုက်တာ။ ကျနော်က ဒုတိယနှစ် ကျောင်းသွားနေတာ၊ ညနေဆို ပြန်လာရပြီ။ အဲ့မှာ လိုင်းကားစီးတော့ ကျနော်ဆင်းတဲ့ မှတ်တိုင်မှာ လူတွေက အုံနေလို့ ဘာဖြစ်တာလဲ မေးတာ”
“ကျနော့်ကားကို အားပေးနေကြတာဆိုတော့ ဇာတ်ကားထဲပါတဲ့ မင်းသား လိုင်းကား တိုးစီးတော့ မျက်နှာဖွက်ပြီး သွားရတယ်။ တပတ်လောက်နေတော့ ဆရာ တင်အောင်မြင်ဦး ရောက်လာပြီး ရုပ်ရှင် လောကထဲဝင်တော့ ကျနော် ကျောင်းပြီးမှ ရိုက်လို့ရမယ်။ ကျောင်းလည်းတက်ရင်း ရုပ်ရှင် ရိုက်ခဲ့ရတာပေါ့။ အခုဆို ရုပ်ရှင် သက်တမ်း ၄၇ နှစ်ရှိသွားပါပြီ”လို့ ထွန်းထွန်းဝင်းက ပြောပါတယ်။
ဇာတ်ကားဟောင်းတွေ ပြန်ကြည့်ရင် ကိုယ်နဲ့တွဲဖက် သရုပ်ဆောင်တွေ မရှိတော့ကို ဝမ်းနည်းတယ်လို့ ထွန်းထွန်းဝင်းက ဆိုပါတယ်။
“ကျနော်တို့က အဖြူအမည်း ခေတ်ကတည်းက ရုပ်ရှင် ရိုက်ခဲ့ရတာဆိုတော့ ရုပ်ရှင်ပဲ ပေါ်ခဲ့တာ ကာလာတောင် မပေါ် သေးဘူး။ Television မပေါ်ခင် ရုပ်ရှင်ကိုပဲ ပရိသတ်တွေက အရမ်းအားပေးတာ။ ကျနော်တို့ ရိုက်ခဲ့တဲ့ ဇာတ်ကားဆို ၃၊ ၄ လလောက် ကြာတယ်။ ဇာတ်ကား အောင်မြင်ရင်လည်း ရုံပေါ်ကနေ ၃၊ ၄ လလောက် မဆင်းဘူး။ ဇာတ်ကားရုံ တင်ထားတော့ ပျော်စရာကြီးပေါ့”
“အခုခေတ်ကျတော့ ၅ ပတ်လောက် ရုံတင်ရရင်ကို အောင်မြင်တယ်လို့ ပြောရမယ်။ ပြန်တွေးရင် ဝမ်းနည်းစရာကြီး။ ဇာတ်ကားဟောင်းတွေကို ပြန်ကြည့်ရင်ကို ကိုယ်နဲ့တွဲဖက် သရုပ်ဆောင်တွေ မရှိတော့ဘူး။ အရင်ခေတ်ကလို ပျော်စရာ သိပ်မကောင်းတော့ ဝမ်းနည်းစရာကြီးပေါ့”လို့ ထွန်းထွန်းဝင်းက ပြောပါတယ်။
သရုပ်ဆောင် ထွန်းထွန်းဝင်းကတော့ ဟိုးယခင် အဖြူအမည်းခေတ်ကတည်းက ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဝါရင့် သရုပ်ဆောင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ဂဠုန်ဦးစော ဇာတ်ရုပ် လူပြောင်းတဲ့အကြောင်း ပြောပြတဲ့ လူမင်း
“မြန်မာရုပ်ရှင်တွေမှာ သဘင်က ကူးလာတဲ့ အိုက်တင်တွေ များနေတယ်”
The post အရင်ခေတ်က ရုပ်ရှင် အမှတ်တရတွေအကြောင်း ပြောပြတဲ့ ထွန်းထွန်းဝင်း appeared first on ဧရာဝတီ.