ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့တုန်းက မင်းသား Sushant Singh ဟာ သူ့ရဲ့နေအိမ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပြီးနောက် ဘောလိဝုဒ်လောကအတွင်း သတင်းတွေ တော်တော်လေး ဂယက်ထနေတာကို မြင်တွေ့ရပါတယ်။
လူပြောအများဆုံး ဖြစ်ရပ်ကတော့ မင်းသား Sushant ဟာ ၂၀၁၉ ခုနှစ်တုန်းက Chhichhore ရုပ်ရှင်နဲ့ အောင်မြင်ခဲ့ပြီးတဲ့နောက် ရုပ်ရှင် ၇ ကားမှာ သရုပ်ဆောင်ဖို့ စာချုပ်ချုပ်ခဲ့ပေမယ့် ၆ လအတွင်း အဲ့ဒီရုပ်ရှင် ၇ ကားလုံးရိုက်မယ့် အစီအစဉ် ပျက်ခဲ့ရတယ်ဆိုတဲ့သတင်း ဖြစ်ပါတယ်။
ဒါရိုက်တာ Shekhar Kapur ရဲ့ Twitter ပို့စ်ကနေ အဲ့ဒီသတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပေမယ့် သူကတော့ မင်းသား ရိုက်ကူးဖို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ရုပ်ရှင်တွေရဲ့ နာမည်ကိုတော့ မဖော်ပြခဲ့ပါဘူး။ ရဲတပ်ဖွဲ့က ကိုယ့်ကိုယ်ကို အဆုံးစီရင်တာဖြစ်တယ်လို့ အတည်ပြုထားတဲ့ မင်းသားရဲ့ သေဆုံးမှုနောက်ပိုင်းမှာ ဘောလိဝုဒ် ရုပ်ရှင်လောကအတွင်း ဝေဖန်မှုတွေ တော်တော် ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်လာခဲ့ပါတယ်။
အကြောင်းကတော့ မင်းသားရဲ့ ကွယ်လွန်မှုသတင်းကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြသူ တော်တော်များများဟာ ဇွန်လ ၁၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြခြင်း မရှိခဲ့ပါဘူး။
မင်းသားရဲ့ ဈာပနကို တက်ရောက်ခဲ့ကြတဲ့ နာမည်ကျော်ကြား ဘောလိဝုဒ် စတား တယောက်မှ လာရောက်ခဲ့ခြင်း မရှိတာက ပရိသတ်တွေရဲ့ ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ တခြားသရုပ်ဆောင်တွေထဲမှာ Kriti Sanon, Shraddha Kapoor, Rajkummar Rao နဲ့ Vivek Oberoi တို့ပါဝင်ကြပါတယ်။
နာမည်ကျော် နိုင်ငံရေးသမား Sanjay Nirupam ကတော့ ရုပ်ရှင်လုပ်ငန်းရဲ့ ရက်စက်မှုဟာ တော်တော်မြင့်တဲ့ အဆင့်ကို ရောက်နေပြီဖြစ်ကြောင်း၊ အဲ့ဒီရက်စက်မှုက မင်းသားကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Twitter ကနေ ဝေဖန်ခဲ့ပါတယ်။
မင်းသားရဲ့ အချိန်ရွှေ့ဆိုင်းထားရတဲ့ ရုပ်ရှင် “Panni” ကို ရိုက်ကူးမယ့် ဒါရိုက်တာ Shekhar Kapur ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မစ္စတာ Nirupam က မင်းသား Sushant ဟာ ဖယ်ထုတ်ခံရတာနဲ့ အထီးကျန်တဲ့ ပြဿနာတွေကို ရင်ဆိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
မင်းသားရဲ့ ဈာပနကို တက်ခဲ့တဲ့ မင်းသား Vivek Oberoi ကလည်း ဘောလိဝုဒ်အနေနဲ့ အချင်းချင်း ဂရုစိုက်မှုတွေကို ပိုမိုလုပ်ဆောင်သင့်တယ်လို့ ဝေဖန်ပါတယ်။
အခုလိုမျိုး ဂယက်ထဲမှာ နောက်ထပ် ပါဝင်လာခဲ့တဲ့ သားကောင်ကတော့ မင်းသား Salman Khan တို့ မိသားစု ဖြစ်ပါတယ်။ မင်းသား Salman ရဲ့ ဖခင် ဒါရိုက်တာ Salim Khan ကတော့ သူတို့မိသားစုက အနုပညာ လမ်းကြောင်းကို ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲထားတဲ့ ဒါရိုက်တာ Abhinav Kashyap ရဲ့ ပြောဆိုချက်တွေကို တုံ့ပြန်ခဲ့ပါတယ်။
မင်းသား Salman Khan ကို ခေါင်းဆောင်နေရာမှာ ထားပြီး “Dabangg” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Abhinav က မင်းသား Salman နဲ့ ညီအစ်ကိုတွေဖြစ်ကြတဲ့ Arbaaz နဲ့ Sohail တို့ဟာ သူ့ကို အနိုင်ကျင့်ကြပြီး တခြားသူ့ရဲ့ ရုပ်ရှင်တွေ ဖြန့်ချိမယ့်ကိစ္စကို အနှောင့်အယှက်ပေးခဲ့ကြတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မင်းသား Sushant ဟာ ၂၀၁၃ ခုနှစ်မှာ Kai Po Che! ရုပ်ရှင်နဲ့ အနုပညာလောကထဲ ရောက်ရှိလာသူဖြစ်ပြီး Pavitra Rishta ရုပ်သံစီးရီးနဲ့ နာမည်ကျော်ကြားလာသူ ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကျော်ကြားတဲ့ ရုပ်ရှင်တွေကတော့ “MS Dhoni: The Untold Story” ၊ “Sonchiriya” ၊ “Kedarnath” နဲ့ “Detective Byomkesh Bakshy!” တို့ ဖြစ်ကြပါတယ်။
Ref: ndtv
You may also like these stories:
Zoom မှာ Keanu Reeves နဲ့ စကားပြောနိုင်မယ့် အစီအစဉ် လေလံပေး
ကျန်းမာရေးဝန်ထမ်းတွေကို အသက်အာမခံ စုပေါင်း လှူဒါန်းပေးမယ့် ဝတ်မှုံရွှေရည်
“လူရွှင်တော် မန်းဝင်းလို လူမျိုးကို ဆုံးရှုံးရမှာ ကြောက်တယ်”လို့ မတူး ပြော
The post Sushant Singh ကွယ်လွန်ပြီးနောက် ဘောလိဝုဒ်လောကမှ ဂယက်များ appeared first on ဧရာဝတီ.