ဗြိတိန်တော်ဝင်မင်းသမီး ဒိုင်ယာနာနဲ့ မင်းသားချားလ်စ်တို့ရဲ့ အိမ်ထောင်ရေး ပျက်ပြားခဲ့မှု အခြေအနေ အကြောင်း ဇာတ်အိမ်တည်ရိုက်ကူးမယ့် ရုပ်ရှင်မှာ မင်းသမီး Kristen Stewart က ဒိုင်ယာနာအဖြစ် သရုပ်ဆောင်မှာ ဖြစ်တယ်လို့ ဟောလိဝုဒ် မီဒီယာ Deadline က ဇွန်လ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
“Twilight Saga” ရုပ်ရှင်တွေနဲ့ နာမည်ကျော်ကြားတဲ့ အသက် ၃၀ အရွယ် မင်းသမီး Stewart ဟာ မင်းသမီး ဒိုင်ယာနာက မင်းသားချားလ်စ်နဲ့လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချပြီး ဘုရင့်မိဖုရား ဖြစ်ဖို့ အခွင့်အရေးကို ဖယ်ရှားခဲ့တဲ့အချိန် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကာလကို အခြေခံမယ့်ရုပ်ရှင်မှာ ပါဝင်မှာလည်း ဖြစ်ပါတယ်။
မင်းသား ချားလ်စ် နဲ့ ဒိုင်ယာနာတို့ဟာ ၁၉၉၂ ခုနှစ်မှာ လမ်းခွဲခဲ့ပြီး အဲ့ဒီနောက်လေးနှစ်အကြာမှာ ခေတ်သစ် ဗြိတိန်တော်ဝင် မိသားစု ထဲက ထူးခြားတဲ့ လုပ်ဆောင်မှုအဖြစ် ကွာရှင်းပြတ်စဲမှုကို လုပ်ဆောင်ခဲ့ပါတယ်။ မင်းသမီး ဒိုင်ယာနာဟာ အသက် ၃၆ နှစ်အရွယ်၊ ၁၉၉၇ ခုနှစ်၊ ပဲရစ်မြို့က ကားတိုက်မှုအတွင်းမှာ သေဆုံးခဲ့ပါတယ်။
ဒါရိုက်တာ Chilean Pablo Larrain ရိုက်ကူးမယ့် အဲ့ဒီရုပ်ရှင်ကို ၂၀၂၁ ခုနှစ်မှာ စတင် ရိုက်ကူးမယ်လို့ ခန့်မှန်းရပါတယ်။ မင်းသား ချားလ်စ်အဖြစ် ဘယ်သူ သရုပ်ဆောင်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒါရိုက်တာ Larrain က “တစုံတယောက်က ဘုရင်မ မဖြစ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ကျနော်ကတော့ အဲ့ဒါဟာ တကယ့် ပုံပြင်တခုကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေလောက်တဲ့ ဆုံးဖြတ်ချက်ကြီးတခုလို့ ထင်ပါတယ်။ ခင်ဗျားက ဘာလို့ အဲ့ဒီလိုဆုံးဖြတ်ချက်ချလိုက်တာလဲလို့ မေးမိတယ်”
“ အဲ့ဒါဟာ လူသန်းပေါင်းများစွာဆီရောက်သွားတဲ့ အားလုံးသိကြတဲ့ ဇာတ်လမ်းတခုပါ။ အဲ့ဒါကို ကျနော်တို့ရိုက်ချင်တာပါ။ အဲ့ဒီလိုမျိုး စိတ်ဝင်စားဖွယ် ဘဝတခုကို စိတ်ဝင်စားကြတဲ့ ကမ္ဘာတဝန်းက ပရိသတ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်နိုင်မယ့်ရုပ်ရှင်ကို ကျနော်တို့ ဖန်တီးချင်ပါတယ်” လို့ဆိုပါတယ်။
ဒိုင်ယာနာရဲ့ အရပ်သားနာမည် “Spencer” လို့ နာမည်ပေးထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ ကွယ်လွန်သူ ဗြိတိန် တော်ဝင်မင်းသမီး ရဲ့ ဘဝအကြောင်း ရုပ်ရှင်၊ ရုပ်သံစီးရီး၊ မှတ်တမ်းရုပ်ရှင်နဲ့ Broadway ပြဇာတ်တွေ အထိ ဖန်တီးခဲ့ကြတဲ့ အနုပညာတွေထဲ မှာတော့ နောက်ဆုံးထုတ်ကုန်ဖြစ်လာပါတယ်။
အမေရိကန်သမ္မတ John F. Kennedy ရဲ့ ဇနီးအကြောင်း ရိုက်ကူးခဲ့တဲ့ “Jackie” ရုပ်ရှင်နဲ့ ဝေဖန်သူတွေရဲ့ ချီးကျူးမှုကို ရရှိခဲ့သူ ဒါရိုက်တာ Larrain က မင်းသမီး Stewart ဟာ အဓိကဇာတ်ကောင်နေရာနဲ့ အလိုက်ဖက်ဆုံးဖြစ်လို့ ဆိုပါတယ်။
သူက “သူဟာ တော်တော်လေးကို ထူးခြားပါတယ်။ တော်တော်လေးကို ထိခိုက်လွယ်တယ်။ ကျနော်တို့ လိုချင်တဲ့ ကြံ့ခိုင်မှုလည်း ရှိတယ်။ တချိန်တည်းမှာ သူဟာ ရင်သပ်ရှုမောဖွယ်နဲ့ စိတ်ဝင်စားဖွယ် ကောင်းအောင် လုပ်နိုင်မယ်လို့ ကျနော်ထင်ပါတယ်” လို့ Deadline မီဒီယာကို ပြောကြားခဲ့ပါတယ်။
Ref:Reuters
You may also like these stories:
Sushant Singh ကွယ်လွန်ပြီးနောက် ဘောလိဝုဒ်လောကမှ ဂယက်များ
Zoom မှာ Keanu Reeves နဲ့ စကားပြောနိုင်မယ့် အစီအစဉ် လေလံပေး
ကိုဗစ်ကြောင့် ၂၀၂၁ အော်စကာဆုပေးပွဲကို အချိန် ၂ လ နောက်ဆုတ်
The post တော်ဝင်မင်းသမီး ဒိုင်ယာနာအဖြစ် Kristen Stewart သရုပ်ဆောင်မည် appeared first on ဧရာဝတီ.