သရုပ်ဆောင်စမိုင်းလ်ကတော့ သူမရဲ့အသက် ၃၆နှစ်ပြည့်မွေးနေ့အလှူအဖြစ် သိန်း ၃၆၀ ကို ပျော်ရွှင်စရာ အစီအစဉ်များနဲ့အတူ လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဇွန်လ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် အမေများအဖွဲ့ ၊ မမများအဖွဲ့ ၊ ကိုလူချောအဖွဲ့ ၊ စက်မှုအဖွဲ့ ၊ ဇာတ်ပို့ဇာတ်ရံများအဖွဲ့တို့ကို သိန်း ၆၀ လှူဒါန်းခဲ့ပါတယ်။
“မြန်မာပြည်ရောက်လာကတည်းက စီးပွားရေးကို ဇောက်ချလုပ်ခဲ့တဲ့အခါကျတော့ အမြဲတမ်းတော်တော်များများကို လှူဖြစ်တယ်။ သေချာပြန်စဉ်းစားတော့ ရုပ်ရှင်ဘက်ကို မလှူရသေးဘူး။ အမေများအဖွဲ့ကိုလည်း တခါမှစုပြီး အများကြီး မလှူဖူးသေးဘူး”
“ မှတ်မှတ်ရရလေးဖြစ်အောင် ရုပ်ရှင်လောကသားတွေလည်း ဒုက္ခရောက်နေတာအများကြီးလေ။ ကူညီပြီးလှူဖြစ်တာပေါ့။ တခါတည်း အများကြီးစုပြီး ပထမဆုံးလှူဖြစ်တာပေါ့။ သင်္ကြန်မတိုင်ခင်ကတည်းက လှူဖို့စဉ်းစားထားတာ” လို့ စမိုင်းလ်က ပြောပါတယ်။
ဒီကနေ့မှာတော့ သူမရဲ့သူငယ်ချင်းများနဲ့အတူ ဂိမ်းအစီအစဉ်များပြုလုပ်ပြီး ပရိသတ်များအတွက် ဖုန်းငွေဖြည့်ကတ်များ ၊ အသက်ရှုစက် နဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လှူဒါန်းမှုများပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“စမိုင်းလ်ရဲ့ Page ကနေ ညနေ ၄နာရီကနေစပြီး Live လုပ်မယ်။ အကုန်လုံးလှူမယ်။ အသက်ရှုစက်လည်း လှူမယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုလည်း လှူမယ်။ ပရိသတ်တွေ အကုန်လုံးကိုလည်း လှူမယ်။ ပြီးတော့ မနက်ကတည်းက လူ ၁ထောင်ကို ငွေဖြည့်ကတ် ၃၆သိန်းဖို့လှူမယ်။ ၃၆နှစ်ပြည့်တာမလို့ပါ”
“ ပြီးရင်ဂိမ်းတွေလည်းဆော့မယ်။ ဂိမ်းတွေဆော့ရင်းလည်း ပိုက်ဆံရမယ်။ သိန်း ၃၀၀ ဖိုးကိုမနက်ဖြန် တနေ့လုံးလှူနေမှာ။ ကံစမ်းမဲတွေလည်းပါမယ်” လို့ စမိုင်းလ်ကပြောပါတယ်။
အဆိုပါ အစီအစဉ်ကိုတော့ ညနေ ၄နာရီမှစတင်ကာ စမိုင်းလ်ရဲ့ Page မှာ Live ပြုလုပ်သွားမှာဖြစ်ပြီး ဖုန်းငွေဖြည့်ကတ် လက်ဆောင်များကိုတော့ ဒီကနေ့မနက်မှစတင်ကာ ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။
“ကျမတို့က လူလတ်ပိုင်းအရွယ် အိမ်ထောင်ရှင်ကလေးအဖေ အမေတွေဖြစ်သွားကြပြီ။ ကျမတို့အရွယ်လူတွေက ကိုယ့်အတွက် ကိုယ်ပျော်တာ နည်းသွားပြီ။ ကျမတို့က သားသမီးကို အချိန်ပိုပေးတယ်။ စီးပွားရေးကို အချိန်ပေးတယ်။ မိသားစုကို အချိန်ပေးတယ်။ လူလတ်ပိုင်းအရွယ်တွေက ကိုယ့်ကိုယ်ကိုယ်အချိန်ပေးဖို့မေ့ပြီး မပျော်ကြဘူး”
“ကျမတို့ သူငယ်ချင်းအုပ်စုလေးက ကိုယ့်ကိုယ်ကို အချိန်ပေးပြီး အလကားနေပျော်ပြီးဆော့နေတာဆိုတော့ကိုယ်ပျော်သလိုသူများတွေကိုလည်း ပျော်စေချင်တယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ ပျော်လို့ရတယ်ဆိုတဲ့ Message လေးလည်းပေးချင်တယ်။ အဲဒါကြောင့် Game လေးတွေလည်းလုပ်မယ်။ အလှူလေးတွေလည်းလုပ်မယ်” လို့ စမိုင်းလ်ကပြောပါတယ်။
မွေးနေ့နှစ်တိုင်းမှာ အမျိုးသားရဲ့ Surprise များနဲ့ ဖြတ်သန်းနေတာဟာ အယူပဲယူနေရတာဖြစ်တဲ့အတွက် ဒီနှစ်မွေးနေ့မှာတော့ အလှူအတန်းများစွာလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
The post အသက် ၃၆ နှစ်ပြည့်မှာ သိန်း ၃၆၀ လှူဒါန်းသွားမယ့် စမိုင်းလ် appeared first on ဧရာဝတီ.