Fresh Ententainment ကနေ တတိယအကြိမ်မြောက် ကျင်းပမယ့် အလွတ်တန်း ရက်ပ် စာသားရွတ်ပြိုင်ပွဲ (Freestyle Rap Battle) ကို ရန်ကုန်မြို့ Fusan Basketball Court မှာ မတ်လ ၂၆ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲဟာ ရက်ပ်ဂီတကို ရူးသွပ်တဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတခုဖြစ်ပြီး Freestyle ပြိုင်ပွဲ ဖြစ်တာကြောင့် ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ကိုယ့်စာသားတွေကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီပွဲမှာ J- me၊ G-tone နဲ့ ဘာဘူတို့က ဒိုင်တွေအဖြစ် တာဝန်ယူသွားမှာလို့ သိရပါတယ်။ ပြိုင်ပွဲဝင် ၁၆ ယောက် ပါဝင် ယှဉ်ပြိုင်မှာဖြစ်ပြီး ပထမဆု ရရှိသူဟာ ဆုငွေ ကျပ်သုံးသိန်းနဲ့အတူ 9’ Night records မှ နိုင်ငံခြား ဝက်ဘ်ဆိုဒ်တွေမှာ တင်ထားတဲ့ စာသားမပါတဲ့ သီချင်းတွေထဲက နှစ်သက်ရာ သီချင်းသစ်တပုဒ်(International Instrumental Beat) ကို လက်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီလိုပွဲမျိုးကို ကျနော်တို့ ၂၀၁၅ တုန်းက လုပ်ခဲ့ဖူးပါတယ်။ ကျနော်၊ အမွန်း၊ Lil ’Z၊ DJ wine တို့နဲ့စီစဉ်ပြီး လုပ်ခဲ့တာပေါ့။ ဒုတိယပွဲကိုတော့ ကိုအနဂ္ဂနဲ့ပေါ့။ အဲဒီပွဲတွေတုန်းကလည်း ဒီလို Freestyle Battle တွေပါပဲ။ မနှစ်ကကျတော့ ကျနော်တို့ organizer ထဲက တယောက်က သင်္ဘောလိုက်နေတော့ ဘာမှ မလုပ်ဖြစ်ဘူး။ ဒီနှစ်မှ ပြန်လုပ်ဖြစ်တာပါ။ “ONE MIC: Freestyle Rap Battle” ဆိုတဲ့နာမည်နဲ့ပေါ့” လို့ ဒီပွဲကို အဓိက စီစဉ်သူ Teenradio မှ ကိုပြည့်စုံက ဧရာဝတီကို ပြောပါတယ်။
ပြိုင်ပွဲဝင်တွေဟာ များသောအားဖြင့် တခြား ပြိုင်ပွဲတွေမှာ အတန်အသင့် နေရာရရှိပြီးသား လူတွေလို့လည်း သိရပါတယ်။ ဒါ့အပြင် ပြိုင်ပွဲကို round 1, round 2, round 3, round 4 ဆိုုပြီး အဆင့်လေးဆင့်နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ Round တခုစီမှာ ပထမနဲ့ ဒုတိယ အဖြစ် စကာတင် ၂ ယောက်စီ ပြန်ရွေးပြီး Round ၄ ခု စလုံးရဲ့ စကာတင် ၈ ယောက်ဟာ “Battle of the Year 2017” ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။
“ကျနော် အခုလုပ်နေတဲ့ One Mic ပွဲက လူငယ်တွေနဲ့ အများကြီး ပတ်သက်လိမ့်မယ်လို့ ယူဆပါတယ်။ Rap ကို လက်တန်းဆိုတဲ့ဟာပေါ့။ အခုမြင်နေကျ သူများရေးပြီးသား စာသားတွေကို ယူဆိုတဲ့ဟာမဟုတ်ဘဲ ကိုယ့်ခေါင်းထဲက ထွက်လာတဲ့ဟာကို တန်းဆိုတဲ့ဟာဆိုတော့ တခြားဟာတွေနဲ့ ယှဉ်ရင် အရည်အချင်းလည်း ကွာသွားမယ်။ HipHop Freestyle ဆိုတာကတော့ တော်ရုံတန်ရုံလူ မလုပ်နိုင်တဲ့ဟာ တခြားဂီတတွေမှာ မရှိနိုင်တဲ့အရာကို လုပ်ကြတာဆိုတော့ တန်ဖိုးလည်း ကြီးပါတယ်။ မျိုးဆက်သစ် လူငယ်တွေကို ကျနော်တို့ခေတ်မှာ အခက်အခဲဖြစ်သလိုမျိုး မဖြစ်စေချင်ပါဘူး။ အရာရာကို ချောချောမွေ့မွေ့ပဲ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်သွားအောင် ကျနော်တို့တွေက ရှေ့ကနေ ပံ့ပိုးစရာရှိတာတွေကို ပံ့ပိုးပေးဖို့ အဆင်သင့်ရှိနေပါတယ်” လို့ ဒီပြိုင်ပွဲမှာ အခမ်းအနားမှုးအဖြစ် တာဝန်ယူသွားမယ့် တေးသံရှင် အနဂ္ဂက ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး ဒိုင်အဖြစ် ပါဝင်မယ့် ဘာဘူက “သူက freestyle ဖြစ်နေတော့ ကောင်းကောင်းရွတ်နိုင်တဲ့သူကို ဦးစားပေးရွေးချယ်သွားမှာပါ။ တချို့လည်း အလွတ်ကျက်လာတဲ့သူတွေ ရှိတယ်၊ တချို့လည်း ဒီရောက်မှ လက်တန်း ရွတ်ကြတယ်လေ။ အချိန်အကန့်အသတ်က ၄၅ စက္ကန့် ဒါမှမဟုတ်ရင် ၁ မိနစ်ပါပဲ။ ပြိုင်ပွဲဝင်တွေထဲမှာ ဒီလို battle တွေနဲ့ သိပ်မစိမ်းတဲ့သူတွေပါတယ်။ အဲ့ဒါလည်း ကောင်းတယ်။ ဒါပေမယ့် တချို့အလွတ်ကျက်ပြီး ဆိုတဲ့သူတွေအတွက် ကတော့ freestyle ဆိုတာ သေချာသိကြမှာ မဟုတ်ပါဘူး။
ပြိုင်ပွဲဝင်တွေအတွက်က ကိုယ့်ရင်ထဲမှာ ရှိတာကို ကိုယ့်ရဲ့ အတိုင်းအတာနဲ့ ပေါင်းပြီး ချပြနိုင်ရင် အကောင်းဆုံးပဲ။ ပရိသတ်တွေကိုုတော့ ဒီလိုပွဲမျိုးက ကြုံတောင့်ကြုံခဲ ဆိုတော့ ဝါသနာပါတဲ့လူတိုင်းကို လာကြည့်စေချင်တယ်။ ကျနော့်အနေနဲ့က အေးဆေးပါပဲ။ ဒါပေမယ့် ဘယ်သူတွေ ဘာဖြစ်လာမလဲဆိုတာတော့ စိတ်ဝင်စားနေပါတယ်” လို့ ဆိုပါတယ်။
The post ရက်ပ်ဂီတကို ရူးသွပ်သူ လူငယ်တွေအတွက် Freestyle Rap Battle ပြိုင်ပွဲ ကျင်းပမည် appeared first on ဧရာဝတီ.