Myanmar Idol Season 2 ရဲ့ Pantene Wild Card ပိုင်ရှင် ဇင်ကြီးက “မကြာမီ မျှော်” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားမှာ ဝေဠုကျော် ၊သူထူးစံ တို့နဲ့အတူ ပါဝင်သရုပ်ဆောင်တော့မယ်လို့သိရပါတယ်။
“ကိုဝေဠုကျော်၊ ကိုသူထူးစံတို့နဲ့အတူ မင်းသားတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာပါ။ အဲဒီအတွက် ဗီဒီယို၊ ရုပ်ရှင်များများ ကြည့်နေပါတယ်။ ဇာတ်ညွန်းတွေကို သေချာနားလည်အောင် ဖတ်နေပါတယ်။ ဂုဏ်ယူပါတယ်။ သူတို့နဲ့ ရိုက်ကူးခွင့်ရတဲ့အတွက် ပိုပြီးတော့လည်း အများကြီးကြိုးစားနေပါတယ်” လို့ ဇင်ကြီးက ပြောပါတယ်။
ဒီ “မကြာမီ မျှော်” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် အိန္ဒိယလူမျိုး ဒါရိုက်တာ Mr.J.Krishina.Murithy က ရေးသား ရိုက်ကူးမှာဖြစ်ပြီး မြန်မာနိုင်ငံမှ ဖြိုးသစ္စာ က တွဲဖက်ဒါရိုက်တာအဖြစ် ပါဝင်ကူညီရိုက်ကူးပေးမှာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ဝေဠုကျော်၊ သူထူးစံ၊ နေနော်၊ ဇင်ကြီး(Myanmar Idol)၊ အေးမြတ်သူ၊ မေဘရဏီသော်၊ ပါဝိ(ထိုင်းလက်ဝှေ့)၊ လုံးမာန် နဲ့ အခြားသော အနုပညာရှင်များ ပါဝင်တယ်လို့ သိရပါတယ်။
ဒီ ရုပ်ရှင်ဇာတ်ကားကို မေလ ၅ ရက်နေ့မှာ မြဝတီတွင် သွားရောက်ရိုက်ကူးမှာဖြစ်တယ်လို့လည်း သိရပါတယ်။
“မကြာမီ မျှော်” ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှ M3 Multimedia Film Production နဲ့ Super King ရုပ်ရှင်ထုတ်လုပ်ရေးတို့က ထုတ်လုပ် ရိုက်ကူးမှာဖြစ်ပါတယ်။
ဇင်ကြီးက သူ့ရဲ့ ပထမဆုံးသရုပ်ဆောင်ခြေလှမ်းဖြစ်တဲ့ ဒီဇာတ်ကားပေါ်မူတည်ပြီး နောက်ထပ် အနုပညာလှုပ်ရှားမှုတွေ ဖန်တီးသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပိုင်းအနေနဲ့လည်း ကိုယ်ပိုင်သီချင်းများပြုလုပ်သွားဖို့ရှိပြီး တကိုယ်တော်တေးစီးရီးအတွက်လည်း သီချင်းတွေစုနေပြီလို့ သူက ဆိုပါတယ်။
The post “မကြာမီ မျှော်” ရုပ်ရှင်မှာ သရုပ်ဆောင်တော့မယ့် အဆိုရှင် ဇင်ကြီး appeared first on ဧရာဝတီ.