Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

အာကာသထဲမှာ Tom Cruise ရုပ်ရှင်ရိုက်မယ့် အစီအစဉ်ကို နာဆာ အတည်ပြု

$
0
0

မင်းသား Tom Cruise ဟာ “Mission: Impossible” ရုပ်ရှင်တွေမှာလိုပဲ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတဲ့ မစ်ရှင် တခုကို အကောင်အထည်ဖော်ပြ ကြိုးစားနေပြီ ဖြစ်ပါတယ်။ သူဟာ အာကာသထဲမှာ ရုပ်ရှင်တကား ရိုက်ကူးဖို့ စီစဉ်နေခဲ့ပြီးလည်း ဖြစ်ပါတယ်။

မင်းသားဟာ သူဌေးကြီး Elon Musk ရဲ့ SpaceX ၊ နာဆာတို့နဲ့အတူ ကမ္ဘာ့ပြင်ပမှာ ပထမဆုံးနောက်ခံ စကားပြောနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်အတွက် ပူးပေါင်းခဲ့ကြပြီ ဖြစ်ပါတယ်။

Deadline မီဒီယာရဲ့အဆိုအရ အခုရုပ်ရှင်ဟာ “Mission: Impossible” ရုပ်ရှင် တခုခုနဲ့ ချိတ်ဆက်မှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အခုရုပ်ရှင်နဲ့ပတ်သက်လို့တော့ စီစဉ်နေဆဲ အခြေအနေမှာသာ ရှိသေးပြီး ဘယ်စတူဒီယိုကမှ လက်ခံရိုက်ကူးဖို့ လုပ်ဆောင်နေတာ မရှိသေးပါဘူး။ ဒါပေမဲ့ ဒါရိုက်တာ Doug Liman က ရိုက်ကူးမယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ Liman ဟာ ဇာတ်ညွှန်းအတွက် ပထမအကြမ်းထည်ကို ရေးသားခဲ့ပြီး မင်းသား Cruise နဲ့အတူ ပူးတွဲထုတ်လုပ်မှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ “American Made” နဲ့ “Edge of Tomorrow” ရုပ်ရှင်တွေမှာလည်း အတူတူ အလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။

“Hidden Figures” ရုပ်ရှင်မှာ တကယ့်လက်ရှိ အပြင်လောကမှာရှိတဲ့ အာကာသယာဉ်မှူး John Glenn အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Glen Powell က “ဒါဖြစ်လာမယ်ဆိုတာ ငါတို့အားလုံး တွေ့ခဲ့ပြီလို့ ထင်ပါတယ်” လို့ Twitter မှာ အခုလိုသတင်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။ ပြီးတော့ မင်းသား Cruise ရဲ့ စွန့်စွန့်စားစား လုပ်ဆောင်မှုအတွက်လည်း ချီးကျူး ပြောဆိုခဲ့ပါတယ်။

နာဆာမှ အရာရှိ Jim Bridenstine က အခုလိုမျိုး ရုပ်ရှင်ရိုက်ကူးမယ့် သတင်းတွေနဲ့ ပတ်သက်လို့ အတည်ပြုခဲ့ပါတယ်။

သူက “နာဆာဟာ အာကာသစခန်းမှာ ရိုက်မယ့်ရုပ်ရှင်အတွက် မင်းသား Tom Cruise နဲ့အတူ အလုပ်လုပ်ရမှာ စိတ်လှုပ်ရှားနေပါတယ်။ နာဆာရဲ့ ရည်မှန်းချက်ကြီးမားတဲ့ အစီအစဉ်တွေ တကယ်ဖြစ်လာစေဖို့ အင်ဂျင်နီယာနဲ့ သိပ္ပံပညာရှင် မျိုးဆက်သစ်တွေကို ခွန်အားပေးဖို့ လူကြိုက်များတဲ့ မီဒီယာကို ကျနော်တို့ လိုအပ်နေပါတယ်” လို့ Twitter မှာ ပြောဆိုခဲ့ပါတယ်။

မင်းသား Cruise ရဲ့ ကိုယ်စားလှယ်တွေကတော့ အခုလို အတည်ပြုသတင်းနဲ့ ပတ်သက်လို့် တခုခု တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

Ref: etcanada

You may also like these stories:

ကိုရိုနာကြောင့် ရပ်နားထားခဲ့တဲ့ “Mission: Impossible 7” ရုပ်ရှင်ရိုက်ကူးရေး ပြန်လည် စတင်

“Mission: Impossible” ရုပ်ရှင်တွေမှာ စတန့်လုပ်ဖို့ မငြင်းခဲ့ဖူးတဲ့ မင်းသား Tom Cruise

The post အာကာသထဲမှာ Tom Cruise ရုပ်ရှင်ရိုက်မယ့် အစီအစဉ်ကို နာဆာ အတည်ပြု appeared first on ဧရာဝတီ.


သားသမီးတွေကို ယုံကြည်တဲ့ ဘာသာ ရွေးချယ်စေတဲ့ အလှမယ် ဟန်နီချို

$
0
0

အိမ်ထောင်ရှင် အလှမယ်တယောက်အဖြစ် အောင်မြင်မှုတခု ရရှိထားသလို သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ အလှမယ် ဟန်နီချိုကတော့ သူ့ရဲ့အိမ်ထောင်ရေးဟာ ကိုးကွယ်တဲ့ ဘာသာ မတူတာကြောင့် သားသမီးများအား ဘာသာ၂ ခုလုံး ကိုးကွယ်စေပြီး အရွယ်ရောက်မှ ရွေးချယ်စေမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အခုအချိန်ထိကတော့ ကျမတို့ နှစ်ယောက်ကြားမှာ ဘာသာကြောင့် စိတ်ဝမ်းကွဲတာလည်း မရှိဘူး။ အငြင်းအခုံလည်း မဖြစ်ခဲ့ဖူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမက သူ ဘုရားကျောင်းတက်မယ်ဆို ကျမလိုက်သွားတယ်။ သူဆိုတာတွေ ကျမ အကုန်ဆိုနိုင်တယ်။ တချို့လုပ်ခွင့် မရှိတာဘဲ လုပ်လို့ မရတာ”

“ကျမလည်း ကျမ ဘာသာနဲ့ ရပ်တည်နေတယ်။ သူလည်း သူ့ဘာသာနဲ့ ရပ်တည်နေတယ်။ ဘုရားသွားမယ်။ ဘုန်းဘုန်းတွေဆီ အလှူသွားလုပ်မယ်ဆိုရင် အစအဆုံး လိုက်လုပ်ပေးတယ်။ ကျမ အဓိဋ္ဌာန်ဝင်မယ်ဆိုရင်လည်း ညောင် ၁၀ ပင်ဝင်ရင် ကျမ နေပူထဲမှာဖြစ်မှာစိုးလို့ ထီးမိုးပေးတာတို့ ဘာတို့ လုပ်ပေးတယ်”လို့ ဟန်နီချိုက ပြောပါတယ်။

ဆက်လက်ပြီး “ပြောချင်တာကတော့ သူ့ဘာသာ မဟုတ်လို့ဆိုပြီး ပစ်စလက်ခတ် မထားဘူး။ ဘာသာ ၂ ခုလုံးကို အကောင်းဆုံး လုပ်ပေးတယ်။ ကျမအနေနဲ့လည်း ဘာသာ ၂ ခုစလုံးကို သမီးတွေကို ကျမဘုရားကောင်းတယ်ဆိုပြီး ဆွယ်တာတွေ မရှိဘူး။ သူ့အနေနဲ့လည်း ဆွယ်တာ မရှိဘူး။ ၂ခုလုံးကိုကိုးကွယ်ခိုင်းတယ်”

အလှမယ် ဟန်နီချိုတို့ မိသားစု (ဓာတ်ပုံ – Honey Cho’s Facebook)

“သူတို့ကြီးလာမှ သူတို့ရွေးချယ်ပါစေ။ ဒီဘာသာပဲ ကောင်းတယ်။ ဒါပဲကိုးကွယ်ရမယ်ဆိုတဲ့ အတွေးအပြော လုံးဝ မပြောဘူး သားသမီးရှေ့မှာ။ သားသမီးတွေက တခါတလေကျရင် မေးတယ်။ ဘယ်ဘုရားက အရင်ဆုံးဖြစ်သလဲဆိုပြီး အဲဒါကိုသိချင်ရင် ကိုယ်တိုင်ရှာကြည့် ကိုယ်တိုင်သိတဲ့ အသိက ပိုကောင်းတယ်ဆိုပြီး ညွှန်ပြပေးတယ်” လို့ ဟန်နီချိုက ပြောပါတယ်။

ဟန်နီချိုက သူ့ရဲ့အိမ်ထောင်ရေးဟာ ချစ်ခြင်းမေတ္တာကို အခြေခံပြီး ဖြစ်ပေါ်လာတာဖြစ်ပြီး ဘာသာရေးက အိမ်ထောင်ရေးကို ဖုံးလွှမ်းစေတယ်ဆိုတာဟာ ချစ်ခြင်းမေတ္တာထက် ယုံကြည်မှုက ပိုများသွားတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိကက သူများအိမ်ထောင်ရေးကို ပြောတာထက်စာရင် ကိုယ့်အိမ်ထောင်ရေးကို အရင်ပြောပါမယ်။ ကျမတို့ နှစ်ယောက်က ချစ်ခြင်းမေတ္တာကိုအခြေပြုပြီး အိမ်ထောင်ပြုလာကြတာ။ ဘာသာတရားက ကိုယ့်ရဲ့အိမ်ထောင်ရေးကို ဖုံးလွှမ်းနိုင်တယ်ဆိုတာ ချစ်ခြင်းမေတ္တာထက်ကို သူတို့ရဲ့ယုံကြည်မှုတရားကများသွားလို့ပေါ့။ ချစ်ခြင်းမေတ္တာသာရှိရင် ဘယ်လောက်အလှမ်းဝေးလဲသွားနိုင်တယ်”

“ချစ်ခြင်းမေတ္တာသာရှိရင် မယုံကြည်လို့ မကိုးကွယ်ရင်တောင် မကောင်းဘူး မပြောနိုင်ဘူး။ ပြောမထွက်ဘူး။ ကိုယ်သာကိုယ့်ဘာသာကို အကောင်းဆုံးလို့တွေးရင် သူများလည်း သူများဘာသာကိုအကောင်းဆုံးလို့ တွေးမှာပဲလေ။ တယောက်နဲ့ တယောက် ချစ်ခြင်းမေတ္တာ အခြေခံရင်တော့ အိမ်ထောင်ရေးက ပြိုကွဲဖို့မလွယ်ပါဘူး” လို့ ဟန်နီချိုက ပြောပါတယ်။

ယုံကြည် ကိုးကွယ်မှု မတူတဲ့ ချစ်သူစုံတွဲ ၊ အိမ်ထောင်ဖက်များအတွက်လည်း ဟန်နီချိုက အခုလိုအကြံပေးခဲ့ပါတယ်။

“တကယ်လို့ ဘာသာမတူတဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်လိုက်ပြီဆိုရင် တဖက်ကအရမ်း Strong ဖြစ်နေရင် အရမ်းကြီး မငြင်းခုံစေချင်ဘူး။ တဖက်က အရမ်းတောင်းဆိုလာရင်လည်း အရင်လိုက်လျောပြီးတော့ ကိုယ့်ဘက်ကို တဖြည်းဖြည်းနဲ့ စည်းရုံးသိမ်းသွင်းတဲ့ နည်းနဲ့ သွားရင်လည်း ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုလည်း ရောက်နိုင်ပါတယ်။ တခါတလေကျရင် ဘာသာမဲ့ တယောက်က ဘာသာတခုကိုယုံကြည် သက်ဝင်လာတာဟာ ကိုယ့်ရဲ့လုပ်ရပ်တခုပေါ်မှာလည်း မူတည်တယ်” လို့ ဟန်နီချိုက ပြောပါတယ်။

ဟန်နီချိုတို့ ဇနီးမောင်နှံကတော့ အမျိုးသားဖြစ်သူမှာ ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်ပြီး ဟန်နီချိုကတော့ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပါတယ်။ သားသမီး ၃ ယောက်နဲ့အတူ အောင်မြင်တဲ့ အမျိုးသမီးတယောက်အဖြစ် ရပ်တည်နေသူပါ။

You may also like these stories:

အာကာသထဲမှာ Tom Cruise ရုပ်ရှင်ရိုက်မယ့် အစီအစဉ်ကို နာဆာ အတည်ပြု

“မြန်မာက COVID-19 ဖြစ်ပွားမှု ကမ္ဘာနဲ့ယှဉ်ရင် ကံကောင်းပါတယ်”လို့ မတူး ပြော

The post သားသမီးတွေကို ယုံကြည်တဲ့ ဘာသာ ရွေးချယ်စေတဲ့ အလှမယ် ဟန်နီချို appeared first on ဧရာဝတီ.

စင်ဒရဲလားရုပ်ရှင် ဗားရှင်းအသစ်မှာ သရုပ်ဆောင်မယ့် Camila Cabello

$
0
0

James Cordon ရေးသားတဲ့ ဇာတ်လမ်းနဲ့ စင်ဒရဲလားရုပ်ရှင် ဗားရှင်းအသစ်ကို၂၀၂၁ မှာ ထွက်ရှိမယ်လို့ သိရပါတယ်။ ငယ်စဉ်ကတည်းက သိရှိပြီးသားဖြစ်တဲ့ မင်းသမီးလေး စင်ဒရဲလားအကြောင်းကို ပုံစံ အမျိုးမျိုးနဲ့ ပြန်လည် အသက်သွင်း ရိုက်ကူးခဲ့ကြပြီး အခုထွက်ရှိမယ့် ပုံစံကတော့ Musical ပုံစံ ဖြစ်ပါတယ်။

ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ စင်ဒရဲလားအဖြစ် အဆိုတော် Camila က သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Pitch Perfect ရုပ်ရှင်ရဲ့ ထုတ်လုပ်သူ Kay Cannon ရိုက်ကူးမယ်လို့ သိရပါတယ်။

Sony ရဲ့ လက်အောက်ခံ Columbia ကနေ ရိုက်ကူးတာဖြစ်ပြီး COVID-19 ကူးစက် ပျံ့နှံ့မှုတွေကြောင့် မတ်လမှာ ရိုက်ကူးရေးတွေကို ရပ်တန့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ရောဂါပျံ့နှံ့မှုတွေကြောင့် အခြားရုပ်ရှင်ကားတွေရဲ့ ရုံတင်ပြသမယ့် ရက်တွေကို နောက်ရွှေ့ထားရသလို စင်ဒရဲလားကားကိုလည်း နောက်ဆုတ်ထားမယ်လို့ သိရပါတယ်။ ဇာတ်ကားရဲ့ အကြောင်းကို အသေးစိတ် မသိရသေးပေမယ့် အဆိုတော် Camila စင်ဒရဲလားနေရာမှာ သရုပ်ဆောင်မယ့် အကြောင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

Ref. people.com

The post စင်ဒရဲလားရုပ်ရှင် ဗားရှင်းအသစ်မှာ သရုပ်ဆောင်မယ့် Camila Cabello appeared first on ဧရာဝတီ.

သီချင်းအသစ် ထွက်ဖို့ ရှိနေတဲ့ သရုပ်ဆောင် မြတ်သူသူ

$
0
0

သရုပ်ဆောင်အပြင် အနုပညာနဲ့ ပတ်သက်ပြီး ဂီတကို ဝါသနာပါတဲ့ မြတ်သူသူက ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတပုဒ် အွန်လိုင်းမှာ တင်ပေးဖို့ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“COVID-19 ကာလမှာ မြတ်သူတို့ ကားရိုက်တွေ လုပ်လို့ မရဘူးဆိုတော့ ကိုယ်က အလုပ်မရှိရင် မနေတတ်တာရယ်၊ သီချင်းဆိုချင်တဲ့ ဆန္ဒလေးကလည်း ရှိနေတာပေါ့နော်။ အရင်တုန်းကဆိုရင် ကားရိုက်တာတွေ များနေတော့ သီချင်းဘက်ကို မလှည့်နိုင်ဘူး။ အခုကျတော့ ကိုယ်ရတဲ့ အချိန်လေးမှာ သီချင်း လုပ်ဖြစ်သွားတာပေါ့။ သီချင်း နာမည်ကတော့ “နှစ်သိမ့်ဆု” ၊ သီချင်းအမျိုးအစားက R&B ပုံစံလေးပါ။ တေးရေးက နန္ဒအောင်က ရေးပေးမယ်။ တီးပေးတာက ကိုနိုင်ဇော်က တီးပေးတယ်”လို့ မြတ်သူသူက ပြောပါတယ်။

ဆက်လက်ပြီး မြတ်သူသူက သူ့ရဲ့ ပထမဆုံး သီချင်းဖြစ်တာကြောင့် ရင်ခုန်နေတယ်လို့ ဆိုပြီး ပရိသတ်ရဲ့ အားပေးမှုအပေါ် မူတည်ပြီး ဂီတအလုပ်ကို ဆက်လုပ်ဖြစ်၊ မဖြစ် စဉ်းစားမယ်လို့ ဆိုပါတယ်။

“ပထမဆုံး သီချင်းလေးမို့ ရင်လည်းခုန်တယ်။ Music Video ရိုက်ပြီး တင်ပေးချင်တာဆိုတော့ ဘယ်လို တင်ပေးရင် ကောင်းမလဲ စဉ်းစားနေတုန်းပါပဲ။ တကယ်လို့ တင်ဖြစ်ရင် မြတ်သူရဲ့ Facebook Page ကနေ တင်ပေးသွားမှာပါ”

“အဆင်ပြေတယ်ဆိုရင်တော့ မြတ်သူရဲ့ မွေးနေ့ကျော်ရင် အချစ်သီချင်းလေး တပုဒ် တင်ပေးမယ်။ အဓိကကတော့ Feedback တွေ လိုချင်တယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို ကြည့်ပြီးမှ ကိုယ် ဆက်လုပ်ဖြစ်၊ မလုပ်ဖြစ်ဆိုတဲ့ ခွန်အားတစ်ခုကို စောင့်ကြည့်ရမှာပါ”လို့ မြတ်သူသူက ပြောပါတယ်။

သီချင်းကို အကောင်းဆုံး ဖန်တီးထားတယ်ဆိုတဲ့ မြတ်သူသူက ပရော်ဖက်ရှင်နယ် မဟုတ်တဲ့အတွက် အားနည်းချက်တော့ နားလည်ပေးစေချင်တယ်လို့ ဆိုပါတယ်။

“သီချင်းအတွက် အကောင်းဆုံးတော့ ကြိုးစားထားတယ်။ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့အတွက် အားနည်းချက်တော့ ရှိကောင်း ရှိနိုင်တယ်။ တတ်သိတဲ့သူတွေ နားထောင်ရင်တော့ သိတယ်။ အမှားတွေလည်း ပါနိုင်တယ်။ နားလည်ပေးစေချင်ပါတယ်”

“ပရိသတ်တွေကို သီချင်း ဆိုပြချင်တယ်။ မြတ်သူတို့ သရုပ်ဆောင်တွေက အပြင်မှာ တွေ့ရင် သရုပ်ဆောင်ပြလို့ မရဘူး။ သီချင်းတော့ ဆိုပြလို့ရတယ်။ အဲ့အတွက် အကောင်းဆုံး လုပ်ထားတဲ့ အရာတခု ပရိသတ်ကို နားထောင်စေချင်လို့ စီစဉ်ဖြစ်တာပါ။ ဖျော်ဖြေမှု ဖန်တီးမှု တခုအနေနဲ့ ချပြတယ်”လို့ မြတ်သူသူက ဆိုပါတယ်။

“ကောင်းတယ်၊ မကောင်းဘူးဆိုတာတော့ ပရိသတ်တွေက ဆုံးဖြတ်မှာပေါ့။ ငွေရေးကြေးရေးအနေနဲ့ လုပ်တာတော့ မဟုတ်ဘူး။ ဆိုတတ်သလောက်လေး ပရိသတ်တွေကို နားထောင်စေချင်တာပါ”

“အခုဆိုရင် တော်တော်များများ အပြင်တွေလည်း ပြန်ထွက်နေကြပြီ။ ရောဂါတွေလည်း သက်သာလာ ကြတယ်။ ဖြစ်တဲ့သူ နည်းနည်းလာတယ်။ ဒါပေမဲ့ အဲ့ဒါ အရှင်းပျောက်သွားတာ မဟုတ်ဘူး။ စည်းကမ်းတွေတော့ ဆက်လက် လိုက်နာပြီး သတိနဲ့နေပါလို့တော့ ပြောချင်တယ်”လို့ မြတ်သူသူက ပြောပါတယ်။

သရုပ်ဆောင် မြတ်သူသူကိုတော့ ပရိသတ်တွေက “ဝိညာဉ်ရှိုက်သံ”၊ “ဝင်္ကပါစံအိမ်”၊ “ရတနာထဲက ရတနာ” စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ စတင် သိရှိခဲ့ကြတာပါ။ အဲဒီနောက် “ပျားရည်အိုင်” ရုပ်သံဇာတ်လမ်းတွဲထဲမှာ “မြညို” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ ပိုမိုအားပေးလာတာ ဖြစ်ပါတယ်။

You may also like these stories:

သားသမီးတွေကို ယုံကြည်တဲ့ ဘာသာ ရွေးချယ်စေတဲ့ အလှမယ် ဟန်နီချို

“အခုအချိန်မှာ ဘယ်လောက်ပဲလှူလှူ သိန်းထီပေါက်သလိုပါပဲ”လို့ ဂွမ်းပုံကြီး ပြော

“အမေများအဖွဲ့” မှာ ငွေကြေးလည်း လိုအပ်နေတယ်လို့ ဒေါ်နွဲ့နွဲ့စမ်းပြော

The post သီချင်းအသစ် ထွက်ဖို့ ရှိနေတဲ့ သရုပ်ဆောင် မြတ်သူသူ appeared first on ဧရာဝတီ.

အနုပညာကြေး အများကြီး မရတာကြောင့် ချွေတာပြီး နေရတဲ့ မင်းသူ

$
0
0

သရုပ်ဆောင် မင်းသူကတော့ ဒီကာလမှာ အလုပ် မရှိတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ အိမ်မှာပဲ ရှိတာလေးနဲ့ ခြိုးခြံချွေတာပြီး နေနေရတယ်လို့ ပြောပါတယ်။

“ကားရိုက်နားတာ အခုနဲ့ဆို ၃ လ အိမ်ထဲမှာပဲ ထိုင်နေဖြစ်တာ များတယ်။ ထုံးစံအတိုင်းပေါ့။ ကိုယ်တွေက ထိတ်ထိတ်ကြဲ အနုပညာရှင်တွေလို အနုပညာကြေး အများကြီးရတာ မဟုတ်တော့ ရှိတဲ့ဟာနဲ့ပဲ မိသားစုတွေ ဒီလိုပဲ ခြိုးခြံချွေတာပြီး အိမ်ထဲမှာပဲ နေဖြစ်ပါတယ်” လို့ မင်းသူက ပြောပါတယ်။

အပြင်ထွက်ဖြစ်တဲ့အခါမျိုးမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်တယ်လို့ ဆိုပါတယ်။

“အိမ်ထဲမှာနေတော့ အပြင်လည်း မထွက်ဖြစ်ကြဘူး။ ထွက်ဖြစ်တာတော့ ကျနော်ပဲ ဒီရက်ပိုင်းမှာမှ ထွက်ဖြစ်ပါတယ်။ အပြင်ထွက်ရင်လည်း ကျန်းမာရေးဝန်ကြီးဌာနက စည်းကမ်းတွေကို လိုက်နာပြီး လုပ်ဖြစ်ပါတယ်” လို့ မင်းသူက ပြောပါတယ်။

အခုလို COVID- 19 ရောဂါကပ်ဆိုးကြီးဟာ နှစ်ပေါင်းများစွာမှာ ဘယ်သူမှ မထင်ထားတဲ့ ကိစ္စတွေ ဖြစ်လာတာကြောင့် အတွေ့အကြုံအရ ကြုံဖူးသွားတယ်လို့ ဆိုပါတယ်။

“ပညာရှင်တွေပြောတာတော့ နှစ်ပေါင်း ၁၀၀ မှာ တခေါက်ဖြစ်ပေါ်လာတဲ့ ကပ်ဆိုးပေါ့။ ဒီလောက်ထိဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှလည်း မထင်ထားဘူး။ ကျနော်တို့မှ မဟုတ်ဘူး။ တကမ္ဘာလုံးမှာရှိတဲ့သူတွေ ဘယ်သူမှ မထင်ထားဘူး။ ကြုံဖူးသွားတာပေါ့”

“ဆောင်ရန်၊ ရှောင်ရန်တွေပဲ အဓိကထားပြီးဖြတ်သန်းကြပေါ့။ အဓိကကတော့ ကိုယ့်မိသားစုတယောက်ဖြစ်တာနဲ့ ကျန်တဲ့သူတွေ ပတ်ဝန်းကျင်ပါ ကူးစက်သွားမှာဖြစ်တာကြောင့်ပါ” လို့ မင်းသူက ပြောပါတယ်။

မကြာခင်မှာလည်း ကျောင်းတွေပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ကလေးတွေရဲ့ပညာရေးရဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်သွားမလဲဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“လောလောဆယ်တော့ ဒီရောဂါက ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး မပေါ်သေးဘူး။ WHO ကကြေညာထားတဲ့အတိုင်း ရှိနေဦးမှာဆိုတော့ ကလေးတွေကျောင်းဖွင့်မှာကို စိုးရိမ်ပါတယ်။ စိတ်တော့ပူတယ်။ နည်းနည်းတော့ စောင့်ကြည့်ပြီးတော့မှ လုပ်စေချင်တယ်”

“မိသားနဲ့တိုင်ပင်ပြီးတော့ ဆုံးဖြတ်ရမှာပဲ။ လိုက်လျောညီထွေဖြစ်အောင်တော့ စဉ်းစားရမှာပဲ။ တယူသန်ပြီးတော့ လုပ်လို့တော့ မရဘူး။ အွန်လိုင်းပညာသင်စနစ်ကလည်း ခက်ခဲမယ် ထင်ပါတယ်။ သိပ်တော့ မပြောတတ်သေးဘူး” လို့ မင်းသူက ပြောပါတယ်။

သရုပ်ဆောင် မင်းသူကတော့ သူ့ရဲ့အနုပညာအမွေအနေနဲ့ သားဖြစ်သူကို ဆက်လက် လုပ်ကိုင်စေလိုပေမယ့် သားဖြစ်သူက အနုပညာအပေါ် နှစ်နှစ်ကာ မရှိတဲ့အတွက် တွန်းရခက်တယ်လို့လည်း ဆိုပါတယ်။ သားဖြစ်သူမှာ ပြီးခဲ့တဲ့နှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုတဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။

You may also like these stories:

အဆိုတော် Mary သီချင်းတွေကို ကြိုက်တဲ့ နေထွဋ် (Blake)

“တန်ဖိုးရှိတဲ့ နှလုံးသားများ” သီချင်းအကြောင်း ပြောပြတဲ့ ထွန်းအိန္ဒြာဗို

“အနုပညာရှင်တွေ ဈေးရောင်းကြတာကို အပြစ်မမြင်စေချင်ဘူး”

The post အနုပညာကြေး အများကြီး မရတာကြောင့် ချွေတာပြီး နေရတဲ့ မင်းသူ appeared first on ဧရာဝတီ.

Superman အဖြစ် ပြန်လည်သရုပ်ဆောင်ဖို့ Henry Cavill ဆွေးနွေးနေ

$
0
0

မင်းသား Henry Cavill ဟာ အခုထိတော့ သူ့ရဲ့ Superman ဝတ်စုံကို ချွတ်မယ့်ပုံမှာ မရှိသေးပါဘူူး။ သတင်းရင်းမြစ်တွေရဲ့အဆိုအရ “Man of Steel” မင်းသား Henry ဟာ DC ရုပ်ရှင်တခုမှာ Clark Kent အဖြစ် ပြန်လည်ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Warner Bros. ကုမ္ပဏီနဲ့ မင်းသားရဲ့ ကိုယ်စားလှယ်တွေကတော့ အခုအထိ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်တစုံတရာ ပြောကြားတာမျိုး မရှိသေးပါဘူး။

၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Zack Snyder ရဲ့ မူရင်း Superman ရုပ်ရှင် “Man of Steel” အပြင် မင်းသားဟာ ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Batman v Superman” နဲ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Justice League” ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဒါရိုက်တာ Snyder က HBO Max ရုပ်သံကနေ “Justice League” ရုပ်ရှင်ရဲ့ “Snyder Cut” ကိုလာမယ့်နှစ်အတွင်း ပြသပေးမှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပေမယ့် အဲ့ဒီဗားရှင်းမှာ မင်းသား Cavill ပါဝင်လာမှာလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ “Aquaman 2” ၊ “The Suicide Squad” နဲ့ “The Batman” စတဲ့ ရုပ်ရှင်တွေထဲက တကားမှာတော့ မင်းသားဟာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်လာနိုင်ချေရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထွက်ရှိခဲ့တဲ့ Mens’ Health မဂ္ဂဇင်းမှာတော့ မင်းသားဟာ သူ့ရဲ့ ဇာတ်ကောင်ကို မစွန့်လွှတ်သေးဘူးလို့ ပြောဆိုထားပါတယ်။

မင်းသားက “ဝတ်ရုံက အခုထိ အဝတ်ဗီရိုထဲမှာ ရှိနေတုန်းပါပဲ။ ကျနော့်ဝတ်ရုံ ဖြစ်နေဆဲပါ။ အရာအားလုံး ဖြစ်ပျက်နေတဲ့ အချိန်မှာ ကျနော်က အမှောင်ထဲမှာ တိတ်တိတ်လေး ထိုင်နေမှာ မဟုတ်ပါဘူး။ ကျနော် အဲ့ဒီဇာတ်ရုပ်ကို လက်လွှတ်မှာ မဟုတ်ပါဘူး။ Superman အတွက် ကျနော် ပေးဆပ်ရမှာတွေ တော်တော်လေး များနေပါသေးတယ်”

“ပြောဖို့ အကြောင်းအရာတွေလည်း အများကြီး ရှိနေပါသေးတယ်။ ကျနော် ဈာန်ဝင်စားချင်တဲ့ ဇာတ်ကောင်ရဲ့ စစ်မှန်မှု၊ အမှန်တရားတွေ ရိုးသားမှုတွေ အများကြီး ရှိနေပါသေးတယ်။ ကာတွန်းစာအုပ်တွေအကြောင်းလည်း ပြောချင်ပါတယ်။ ကျနော့်အတွက် အရေးကြီးပါတယ်။ Superman အတွက် တရားမျှတမှုတွေလည်း လုပ်ရပါဦးမယ်။ ပြောချင်တာကတော့ ခင်ဗျားကို မကြာခင်တွေ့ရပါလိမ့်မယ်” လို့ပြောခဲ့ပါတယ်။

ဗြိတိသျှမင်းသား Henry ဟာ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Mission: Impossible — Fallout” ရုပ်ရှင်မှာ မင်းသား Tom Cruise နဲ့အတူ ပါဝင်ထားပါတယ်။ သူဟာ Netflix ရဲ့ “The Witcher” စီးရီးမှာလည်း သရုပ်ဆောင်ထားပါတယ်။

Ref: variety

You may also like these stories:

တပတ်အတွင်း “Avatar” ရုပ်ရှင်ရိုက်ကူးရေး ပြန်လည် စတင်မည်

အာကာသထဲမှာ Tom Cruise ရုပ်ရှင်ရိုက်မယ့် အစီအစဉ်ကို နာဆာ အတည်ပြု

ပတ်ရှင်ဟေး ပါဝင်တဲ့ “Alive” ဇွန်ဘီ ရုပ်ရှင် မကြာခင် ပြသမည်

The post Superman အဖြစ် ပြန်လည်သရုပ်ဆောင်ဖို့ Henry Cavill ဆွေးနွေးနေ appeared first on ဧရာဝတီ.

ရုပ်ရှင်ထဲမှာ ဖျက်ဆီးပစ်ဖို့ ဘိုးရင်း 747 လေယာဉ်ကို ဝယ်ယူခဲ့တဲ့ Christopher Nolan

$
0
0

ဒါရိုက်တာ Christopher Nolan ကတော့ တန်ဖိုးရှိတဲ့ ရုပ်ရှင်တကားကို ဖန်တီးတဲ့နေရာမှာ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ထည့်သုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထွက်ရှိခဲ့တဲ့ မကြာမီရုံတင်တော့မယ့် “Tenet” ရုပ်ရှင်ရဲ့ အမြည်းဗီဒီယိုအသစ်ထဲမှာ အဆောက်အဦတခုကို ဂျက်ဘိုဂျက်လေယာဉ်ကြီးက ဝင်တိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်းကြောင့် ပရိသတ်တွေဟာ အံ့သြမင်သက်ခဲ့ရပါတယ်။

အဲ့ဒီဇာတ်ဝင်ခန်းဟာ တကယ့်ကို အစစ်အမှန်အတိုင်း ရိုက်ကူးထားတာ ဖြစ်ကြောင်း ဒါရိုက်တာ Christopher က နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ Total Film မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ဒါရိုက်တာက “ပစ္စည်းအသေးတွေ၊ အဆောက်အဦတွေ၊ အထူးပြုလုပ်ချက် ပေါင်းစပ်မှုတွေ၊ ကျန်တဲ့အရာတွေကို သုံးပြီး ကျနော်က အဲ့ဒါကို လုပ်ဖို့ စီစဉ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုက်ကူးရေးအဖွဲ့ဟာလည်း လေယာဉ် အဟောင်းတွေ အများကြီးထားရှိတဲ့နေရာတခုကိုလည်း ရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။

ဒါရိုက်တာ Christopher က “ကျနော်တို့ ကုန်ကျစရိတ်ကို ရေတွက်ကြည့်ပါတယ်။ တကယ့်အရွယ်အစားရှိတဲ့ တကယ့်လေယာဉ်တစင်းကို ဝယ်လိုက်တာ ပို အဆင်ပြေမယ်လို့ ထင်ခဲ့တယ်။ ဒါမှလည်း အထူးပြုလုပ်ချက်သုံးတာ၊ အဆောက်အဦအတုတွေ သုံးတာထက် ကင်မရာထဲမှာ တကယ်လိုမျိုး ပုံဖော်နိုင်မယ်” လု့ိဆိုပါတယ်။ ဒါကြောင့် ဘိုးရင်း 747 လေယာဉ် အဟောင်းတစီးကို ဝယ်ပြီး ဖောက်ခွဲပစ်ခဲ့တာလို့ သိရပါတယ်။

သူက “အဲ့ဒီလို ဝယ်ယူခဲ့တဲ့အကြောင်းပြောဖို့ တော်တော်လေးထူးဆန်းပါတယ်။ ဒါပေမဲ့ ကျနော်တို့ အဲ့ဒါကို လုပ်နိုင်ခဲ့ပြီးအထူးပြုလုပ်ချက် ကြီးကြပ်သူ Scott Fisher ၊ ထုတ်လုပ်ရေး ဒီဇိုင်နာ Nathan Crowley တို့ နဲ့အတူ ကောင်းကောင်းအဆင်ပြေခဲ့ပါတယ်။ ကင်မရာထဲမှာ ဒီလိုကြီးမားတဲ့ ဇာတ်ဝင်ခန်းဘယ်လို ဖော်ထုတ်ရမယ် ဆိုတာကို အဖြေရှာနိုင်ခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ရတာလည်း တော်တော်လေးကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်” လို့ဆိုပါတယ်။

မင်းသား Robert Pattinson ကလည်း အဲ့ဒီရုပ်ရှင်ထဲမှာ အများအပြားပါဝင်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့ရတဲ့အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

မင်းသားက “တကယ့် 747 ကို ဖောက်ခွဲပစ်မယ့်နေရာမှာ ဇာတ်ဝင်ခန်းရိုက်ကူးရမယ်ဆိုတဲ့ စစ်မှန်မှုတခုကို စိတ်ကူးနဲ့တောင် ထင်မိမှာမဟုတ်ဘူး။ တကယ့်ကိုပဲ အခြေအမြစ်မရှိဘူးလို့ ထင်လောက်စရာပဲ။ ဒါပေမယ့် ကျနော်တို့ ရိုက်နေခဲ့တဲ့အချိန်မှာ ဒီရုပ်ရှင်ထဲမှာ ဒီလိုမျိုး အချိန်တွေ ဘယ်လောက်တောင် ဆက်ရှိနေဦးမှာလဲလို့ ထင်မိတယ်” လို့ဆိုပါတယ်။

Ref: etcanada

The post ရုပ်ရှင်ထဲမှာ ဖျက်ဆီးပစ်ဖို့ ဘိုးရင်း 747 လေယာဉ်ကို ဝယ်ယူခဲ့တဲ့ Christopher Nolan appeared first on ဧရာဝတီ.

တိုက်စစ်မှူး မောင်မောင်လွင်ကို ဇနီးဖြစ်သူက ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုထား

$
0
0

မြန်မာ့လက်ရွေးစင် ဘောလုံးသမား မောင်မောင်လွင်ကို အမှု ၂ ခုဖြင့် တရားစွဲဆိုထားတဲ့ ဇနီးဖြစ်သူ ခင်ငြိမ်းချမ်းက အမှုအကြောင်း ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“ဒီကိစ္စက သမီးရည်းစား ပြဿနာလည်း မဟုတ်ဘူး။ အိမ်ထောင်ရေးပြဿနာဆိုတော့ ကိုယ်လည်း အရှက်တကွဲတော့ ဘယ်ဖြစ်ချင်မလဲ။ အခုဆိုရင်သွေးလည်း ရှိနေတော့ ကိုယ့်ရင်သွေး မိသားစုအတွက် အကောင်းဆုံးပဲဖြစ်ချင်တာပေါ့။ ဒါပေမဲ့လည်း ကိုယ်က ဘယ်လိုမှ သူနဲ့ ညှိနှိုင်းလို့မှ အဆင်မပြေတော့ ငဲ့ညှာမှု မရှိတော့ ဒီလမ်းကိုပဲရွေးရတာပေါ့” လို့ ခင်ငြိမ်းချမ်းက ပြောပါတယ်။

အခုလို တရားစွဲဆိုလိုက်တဲ့ အချိန်မှာတော့ ခင်ငြိမ်းချမ်းမှာ မောင်မောင်လွင်နဲ့ ရရှိထားတဲ့ ကိုယ်ဝန်လွယ်ထားရပြီး မောင်မောင်လွင်ရဲ့ဘက်မှ အဆက်အသွယ် တစုံတရာကို ယနေ့အချိန်ထိ မပြုလုပ်ခဲ့တာကြောင့် အမှုဖြစ်လာရတာလို့ ဆိုပါတယ်။

“ဆက်သွယ်တာတော့ မရှိဘူးရှင့်။ သူ့ဘက်နဲ့ကို လုံးဝ အဆက်အသွယ် မရှိဘူး ဖြစ်နေတာ။ သူ့ဘက်ကကို ဘယ်လိုမှမ ဆက်သွယ်ဘူး။ ကိုယ်ညှိနှိုင်းခဲ့ပေမယ့် သူ့ဘက်က ဆွေးနွေးမှုမှ မရှိခဲ့တာ” လို့ ခင်ငြိမ်းချမ်းက ပြောပါတယ်။

မောင်မောင်လွင်ကိုတော့ ခင်ငြိမ်းချမ်းက မတ်လ ၂၃ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးမှာ ကွာရှင်းပြတ်စဲခွင့်နှင့် ပစ္စည်းရယူပိုင်ခွင့်အတွက် တရားမမှုဖြင့် တရားစွဲဆိုခဲ့ပြီး မေလ ၂၅ ရက်နေ့မှာတော့ လှိုင်မြို့နယ် တရားရုံးမှာတော့ ဥပဒေပုဒ်မ ၄၁၇ (ကာမလိမ်လည် ပေါင်းသင်းမှု) တို့ဖြင့်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

“ကိုယ်နဲ့ သူနဲ့ကလည်း အခုမြင်၊ အခုတွေ့ပြီး ကြိုက်ခဲ့တာလည်း မဟုတ်ခဲ့ဘူးလေ။ ရည်းစားသက်တမ်း ၂ နှစ်ကျော် ၃ နှစ်နီးပါးလောက် ရှိတယ်။ ယူပြီးမှ ဒီလိုဖြစ်သွားတယ်။ ကိုယ်ဝန်ပါ ရှိလာတဲ့အချိန်ဆိုတော့ စိတ်ခံစားချက်က တော်တော်ဆိုးတယ်။ ကိုယ်လည်း ကိုယ့်အသိုင်းအဝိုင်း ရှိတယ်။ အရှက်ကွဲခံပြီး ဒီလမ်းကိုရွေးရတာပါ” လို့ ခင်ငြိမ်းချမ်းက ပြောပါတယ်။

မောင်မောင်လွင်နဲ့ ခင်ငြိမ်းချမ်းကတော့ လက်မထပ်ခင်က ၂ နှစ်ကျော် ၃ နှစ်နီးပါး ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်းက လက်ထပ်ခဲ့ကြဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တရားစွဲဆိုထားတဲ့ အမှုထဲမှ လှိုင်မြို့နယ်တရားရုံးမှာ စွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ ကိုတော့ ဇွန်လ ၈ ရက်နေ့ကို ချိန်းဆိုထားပြီး အနောက်ပိုင်းခရိုင်တရားရုံးမှာ စွဲဆိုထားတဲ့ တရားမမှု အတွက်တော့ ဇွန်လ ၁၂ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။

The post တိုက်စစ်မှူး မောင်မောင်လွင်ကို ဇနီးဖြစ်သူက ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုထား appeared first on ဧရာဝတီ.


သက်ကြီး အနုပညာရှင်များအား လှူဒါန်းခဲ့တဲ့ ဇာဂနာတို့ အဖွဲ့

$
0
0

ဟာသ ရုပ်ရှင်သရုပ်ဆောင် ဇာဂနာ ဦးဆောင်တဲ့ အာယုသုခုမအဖွဲ့ရဲ့ ပထမအကြိမ် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာရှင်များအတွက် ကျန်းမာရေးကူညီမှူ ဂါရဝပြုပွဲကို မေလ ၂၇ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး အလှူနဲ့ ပတ်သက်ပြီး ဇာဂနာက အခုလို ပြောပါတယ်။

“ဒီအလှူကတော့ ရုပ်ရှင်၊ သဘင်၊ ဂီတမှာရှိတဲ့ သက်ကြီး အနုပညာရှင်တွေရယ်၊ ကျန်းမာရေး မကောင်းတဲ့သူတွေအတွက် လှူတာပါ။ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကိုတော့ သင်္ကြန်တုန်းက တခါ လှူပြီးပြီ။ အခု လောလောဆယ်တော့ ပိုက်ဆံပဲ လှူလိုက်တော့မယ်။ ဒီအချိန်မှာ အသုံးအတည့်ဆုံးက ပိုက်ဆံပဲလေ။ ဒီလောကက ကိုယ်ကျင်လည်တဲ့ လောကဆိုတော့ အနုပညာရှင်ကြီးတွေကို ကန်တော့တဲ့ သဘောပါ”

“သက်ကြီး အနုပညာရှင်တွေရယ်၊ ကျန်းမာရေး မကောင်းတဲ့သူတွေ စုစုပေါင်း စာရင်းကောက်လိုက်တာ ၁၆၅ ယောက် ရှိတယ်။ တယောက်ကို ၁ သိန်းနှုန်းနဲ့ ၁၆၅ သိန်း လှူပါတယ်။ ကျနော်တို့ တနိုင်တပိုင်လှူနေတာတော့ ကြာပြီ။ ဝါသနာတူ စိတ်တူ ညီအစ်ကိုတွေနဲ့ ရွှေဝါရောင်တော်လှန်ရေးကတည်းက တွဲလှူခဲ့ကြတာပါ။ ဧပြီ ၁ ရက်နေ့က အခမ်းအနားနဲ့ လှူဖို့ လုပ်ပြီးသား ဖိတ်စာတောင် ရိုက်ပြီးပြီ။ အခုလို ရောဂါတွေ ဖြစ်နေတာနဲ့ မလုပ်ဖြစ်ဘဲ အခု လှူလိုက်တာပါ”လို့ ဇာဂနာက ပြောပါတယ်။

COVID-19 ကာလမှာ အနုပညာရှင်တွေ ဈေးရောင်းကြတာကို ဝေဖန်မှုများ ရှိတဲ့အပေါ်ကိုလည်း ဇာဂနာက အခုလိုပဲ ပြောပါတယ်။

“အနုပညာရှင်တွေ ဈေးရောင်းတာ ဓားပြ တိုက်တာမှ မဟုတ်တာ။ သူများ အိမ်ပေါ်တက်ပြီး သူ့နှမ တက်ဆွဲနေတာလည်း မဟုတ်ဘူး။ ရောင်းတာ ကောင်းတယ်။ ကျနော်က မရောင်းတတ်လို့။ ရောင်းပါစေ။ ဒီလိုရောင်းတာလည်း ရေတိုပဲ ဖြစ်မှာပေါ့။ သူများပစ္စည်း ခိုးတာ ဝှက်တာ မဟုတ်ပါဘူး။ တသက်လုံးလည်း ရောင်းမနေနိုင်ပါဘူး။ လွန်ရော ရောင်းရင် နောက် ၃ လပေါ့။ စီးပွားရေး သဘောအရ ရောင်းသူ ဝယ်သူ အသံတူမှ ရောင်းလို့ရမှာ။ ရောင်းတာ ကောင်းတာပေါ့”လို့ ဇာဂနာက ပြောပါတယ်။

ဆက်ပြီး “တနိုင်ငံလုံးဖြစ်နေတာ ကိုယ်တယောက်တည်း ဖြစ်တယ်ဆိုရင်တော့ ကိုယ်ချင်းမစာရာ ကျမှာပေါ့။ တနိုင်ငံလုံးနာတာ အနုပညာသမားမှ ပိုနာတာတော့ မဖြစ်နိုင်ဘူး။ ဒီလောက်တော့ အနာခံကြပေါ့။ စားတုန်းက စားပြီးပြီပဲ။ အခုမှနာတယ် ထင်ရင် ဆက်နာကြပေါ့။ ဖျော်ဖြေရေးလုပ်ငန်းဆိုတာ ပိုက်ဆံ ပိုမှလာမှာလေ။ အနာ မခံနိုင်ရင် မလုပ်ကြနဲ့ပေါ့။ ဒါပဲ ရှိတယ်”လို့ ဇာဂနာက ဆိုပါတယ်။

You may also like these stories:

အနုပညာကြေး အများကြီး မရတာကြောင့် ချွေတာပြီး နေရတဲ့ မင်းသူ

“မြန်မာက COVID-19 ဖြစ်ပွားမှု ကမ္ဘာနဲ့ယှဉ်ရင် ကံကောင်းပါတယ်”လို့ မတူး ပြော

အနုပညာရှင်တွေကို လှူဒါန်းပေးခဲ့တဲ့ ကျော်သူရဲ့ စကားသံ

The post သက်ကြီး အနုပညာရှင်များအား လှူဒါန်းခဲ့တဲ့ ဇာဂနာတို့ အဖွဲ့ appeared first on ဧရာဝတီ.

ကျော်ထက်ဇော်ကို နှစ်ကိုယ်ခွဲ ဇာတ်ရုပ် သင်ပေးခဲ့တဲ့ မို့မို့မြင့်အောင်

$
0
0

MRTV-4 မှာ လက်ရှိ ပြသနေတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲထဲက သရုပ်ဆောင် ကျော်ထက်ဇော်ရဲ့ နှစ်ကိုယ်ခွဲ ဇာတ်ရုပ်အတွက် အကယ်ဒမီ မို့မို့မြင့်အောင်က ၅ ရက်နဲ့ စိန်ခေါ်ပြီး သင်ကြားပြသပေးခဲ့ကြောင်း အခုလိုပဲ ဆိုပါတယ်။

“၂၀၁၉ ဖေဖော်ဝါရီလမှာ MRTV-4 က တာဝန်ရှိသူက မို့ကို အကူအညီ တောင်းလာတယ်။ ကျော်ထက်ဇော်ကို ၂ ကိုယ်ခွဲ သရုပ်ဆောင် သင်ပေးပါလို့။ မဟုတ်ရင် ထိုင်းဒါရိုက်တာ ထိုင်က ဆရာနဲ့ သင်မယ်ပေါ့။ သူတို့ကလည်း တို့မြန်မာပြည်မှာ သင်နိုင်တဲ့ ဆရာ ရှိပါတယ်ဆိုတော့ မို့ကို စိန်ခေါ်မှုတခု ဖြစ်သွားတယ်။ မို့ကလည်း ၅ ရက်ပဲ သင်မယ်လို့ စိန်ခေါ်မှု လုပ်လိုက်တယ်” လို့ မို့မို့မြင့်အောင်က ပြောပါတယ်။

ဒီလို ၅ ရက် စိန်ခေါ်မှုလုပ်ပြီးတဲ့အချိန်မှာတော့ သင်ပေးရမယ့် တပည့်က လိုက်နိုင်ပါ့မလားဆိုတာကို ပြန်စဉ်းစားရပြီး နောက်ရက်မှာ ကျော်ထက်ဇော် ရောက်တာတဲ့အတွက် စတင် သင်ကြားခဲ့တယ်လို့ သိရပါတယ်။

“လုပ်ပြီးမှ တွေးမိတယ်။ ငါသင်မယ့် တပည့်က လိုက်နိုင်ပါ့မလားပေါ့။ နောက်နေ့ ကျော်ထက်ဇော် ရောက်လာတော့တာပဲ။ အရင်ဆုံး သူ ပုခုံးတောင့်နေတာ ပြင်ရတယ်။ သူ့အိမ်မှာရှိတဲ့ Goft ရိုက်တံကို မြက်ခင်းမှာ သီချင်းဆိုပြီး အကြာကြီး Swing လုပ်ခိုင်းလိုက်တယ်။ သူက ပါးနပ်တယ်။ အခြေခံတွေ ရအောင် သင်သွားတယ်”

“Tempo အလိုက် အဆင့်ဆင့် ငိုနိုင်တယ်။ ခက်တာက မို့မျက်နှာ မြင်ပြီး တော်တော်နဲ့ အငို မတိတ်တော့ဘူး။ တအိမ်လုံးကြားရအောင် ရှိုက်ကြီးတငင် ငိုတာ။ မို့လည်း မရပ်ခိုင်းဘူး။ ကုန်အောင် ငိုခိုင်းတယ်။ မကုန်ရင် ရင်တုန်လက်တုန်တွေ ဖြစ်တတ်တယ်။ ပြန်နုတ်ရတယ်ပေါ့” လို့ မို့မို့မြင့်အောင်က ဆိုပါတယ်။

ဖွေးဖွေးကို သင်ပေးခဲ့စဉ်က ငိုတာသင်ပြီး ပြန်နုတ်တဲ့အကြောင်းကို မေ့ပြီး မပြောလိုက်ရတဲ့အတွက် ၁၀ နှစ်အကြာမှ ပြန်ပြောပြခဲ့ရတယ်လို့ ဆိုပါတယ်။

ကျော်ထက်ဇော်ကတော့ ဒီအချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲထဲမှာ နှစ်ကိုယ်ခွဲ ဇာတ်ရုပ်ကို သရုပ်ဆောင် ရတာဖြစ်ပေမယ့် အများကြီး ကြိုးစားထားပြီး တော်တယ်လို့လည်း မို့မို့မြင့်အောင်က ချီးကျူးစကား ပြောထားပါတယ်။

“ကျော်ထက်ဇော်ကတော့ ရူးသွပ်တော့ သင်ရတာ လွယ်၊ နာခံတော့ ပညာပေးရတာ အားရတယ်။ အခုပြနေတဲ့ အချစ်ဖွဲ့လေညင်း နှစ်ကိုယ်ခွဲလေး ကြည့်နေကြရောပေါ့။ အခုမှ နှစ်ကိုယ်ခွဲကို သူအတွေ့အကြုံရပေမယ့် ပထမဆုံး အတွေ့အကြုံ၊ သူ့သဘာနဲ့ အများကြီး ကြိုးစားတာ ကွဲပြားခြားနားတာ တွေ့ရမှာပါ။ ရုပ်ရှင်လို တိုတိုလေးကို သရုပ်ဆောင်ရတာ မဟုတ်ဘဲ ဇာတ်လမ်းရှည်ကြီးကို ရိုက်ရတာ အင်မတန် တာဝန် ကြီးပါတယ်”

“ဇာတ်က Crossing ကာရိုက်တာတွေက ပိုခက်ပါတယ်။ တကိုယ်နေရာကို တကိုယ်ဝင်၊ လူချင်းချိန်းရသေးတယ်။ တယောက်ချင်းရဲ့ စတိုင် ပျောက်လို့ မရပါဘူး။ ၄ ယောက်စာ သရုပ်ဆောင်ရတာပါ။ သူ တော်ပါတယ်။ သူ့အရွယ် သူ့သဘာနဲ့ ကြိုးစားပါတယ်” လို့ မို့မို့မြင့်အောင်က ဆိုပါတယ်။

“အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းမှာ ပြသနေတာဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ ကျော်ထက်ဇော် (နှစ်ကိုယ်ခွဲ)၊ သံသာမိုးသိမ့်၊ ခန့်၊ ရန်ကျော်၊ သိင်္ဂီထွန်း၊ ညီထွဋ်ခေါင်၊ ခင်သဇင်၊ မိုက်မိုက် စတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

You may also like these stories:

သက်ကြီး အနုပညာရှင်များအား လှူဒါန်းခဲ့တဲ့ ဇာဂနာတို့ အဖွဲ့

တိုက်စစ်မှူး မောင်မောင်လွင်ကို ဇနီးဖြစ်သူက ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုထား

The post ကျော်ထက်ဇော်ကို နှစ်ကိုယ်ခွဲ ဇာတ်ရုပ် သင်ပေးခဲ့တဲ့ မို့မို့မြင့်အောင် appeared first on ဧရာဝတီ.

အသက် ၃၆ နှစ်ပြည့်သွားပြီဖြစ်တဲ့ မအေးသောင်း

$
0
0

မအေးသောင်းလို့ အများက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ မေလ၂၇ ရက်နေ့က သူ့ရဲ့ အသက် ၃၆ နှစ်ပြည့် မွေးနေ့ ကျရောက်ခဲ့ပါတယ်။ မနှစ်က မွေးနေ့ပွဲမှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့ မအေးသောင်းဟာ ဒီနှစ်မှာတော့ COVID-19 ကြောင့် အထွေအထူး ဘာမှ မလုပ်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

“အသက်တနှစ် ကြီးလာတိုင်း မသိတာတွေ ပိုသိလာတယ်။ ပိုနားလည်လာရတယ်။ အရာရာမှာ ကိုယ်က အမြဲ မှန်မနေပါဘူး။ လူမှန်ရင် အမှားတော့ ရှိတတ်ပါတယ်။ ဒါပေမဲ့ တချို့အမှားတွေက ပြင်လို့ရတဲ့အမှား တချို့အမှားတွေက ပြင်လို့မရတဲ့အမှားရှိသေးတာပဲ။ ကြိုးစားနေတုန်းပါ။ အမှားနည်းအောင်ပေါ့”လို့ မအေးသောင်းက ဆိုထားပါတယ်။

မအေးသောင်းရဲ့ မိခင်ဖြစ်သူ ဒေါ်ဖြူဖြူစိုးကလည်း သမီးဖြစ်သူရဲ့ မွေးနေ့မှာ အခုလိုပဲ အမှတ်တရ ဆုတောင်းစကား ဆိုထားပါတယ်။

“အခုဆို အနုပညာသက်တမ်းက ၂၂ နှစ် ရှိခဲ့ပါပြီ။ ကျေနပ်စရာ နေရာတခုကိုလည်း ပိုင်ဆိုင်ခဲ့ဖူးပါပြီ။ ကျမ မွေးရတာဟာ မွေးရကျိုး နပ်ပါတယ်။ ပြီးတော့ ကျမသူ့ကို အခုလိုနေ့မျိုးမှာ ဆုတခုလောက် ပေးချင်ပါတယ်။ သူဟာ မိသားစုကိုလည်း အသက် ၁၃ နှစ် အရွယ်လောက်ကတည်းက တဖက်တလမ်းက ကူညီရှာဖွေခဲ့ပါတယ်”

“ဒါကြောင့် ကျမသူ့ကိုမွေးရတာဟာ အရမ်းကို ကျေနပ်စရာကောင်းတဲ့ ဘုရားသခင် ချီးမြှင့်ခြင်း ခံရတာပါပဲ။ အခုလည်း ဘုရားသခင်ကပဲ သူ့ကို ဆက်လက် အသက်ရှင်ခွင့်တွေပေးနေပါတယ်။ နောက် နှစ်ပေါင်းများစွာထိလည်း ဘုရားသခင်က သူ့ကို အေးချမ်းသာယာသော ဘဝလမ်းမှာ ခလုတ်မထိ ဆူးမငြိဘဲ လိုရာဆန္ဒနဲ့ တထပ်တည်းကျမယ့် ဆုကျေးဇူးတွေ ဆက်ပေးသွားလိမ့်ဦးမယ်လို့ ကျမ ထင်ပါတယ်”

“ကျမ ကိုယ်တိုင်လည်း အဲ့ဒီ ဆုကျေးဇူးတွေကို သူ့အတွက် တောင်းပေးချင်ပါတယ်”လို့ မအေးသောင်းရဲ့ မိခင်က မွေးနေ့ ဆုတောင်းစကား ဆိုထားပါတယ်။

မအေးသောင်းဟာ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲ ပြန်လည် ဝင်ရောက်လာခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့သူပါ။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင် သရုပ်ဆောင်နေသူပါ။ မအေးသောင်းက သရုပ်ဆောင် အလုပ်အပြင် ရွှေချည်လွှာနဲ့ ရွှေလွန်းသံ ပိုးထည်ဆိုင်တွေကို ဦးဆောင် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

You may also like these stories:

တိုက်စစ်မှူး မောင်မောင်လွင်ကို ဇနီးဖြစ်သူက ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုထား

သက်ကြီး အနုပညာရှင်များအား လှူဒါန်းခဲ့တဲ့ ဇာဂနာတို့ အဖွဲ့

ရုပ်ရှင်ထဲမှာ ဖျက်ဆီးပစ်ဖို့ ဘိုးရင်း 747 လေယာဉ်ကို ဝယ်ယူခဲ့တဲ့ Christopher Nolan

The post အသက် ၃၆ နှစ်ပြည့်သွားပြီဖြစ်တဲ့ မအေးသောင်း appeared first on ဧရာဝတီ.

“Gonjiam: Haunted Asylum” ရုပ်ရှင်ကို ဟောလိဝုဒ်မှာ ပြန်ရိုက်ကူးမည်

$
0
0

“Gonjiam: Haunted Asylum” ရုပ်ရှင်ကို ဟောလိဝုဒ်မှာ ပြန်လည်ရိုက်ကူးမှု လုပ်ဆောင်နေပြီလို့ သိရပါတယ်။ မေလ ၂၇ ရက်နေ့မှာ Hollywood Reporter မီဒီယာရဲ့အဆိုအရ အမေရိကန်ကုမ္ပဏီ Black Box Management ဟာ ၂၀၁၈ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ အဲ့ဒီကိုရီးယား သည်းထိတ်ရင်ဖိုရုပ်ရှင်ကို ပြန်လည် ဖန်တီးဖို့ ဆိုးလ်အခြေစိုက် BH Entertainment နဲ့ ပူးပေါင်းလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီကုမ္ပဏီ နှစ်ခုဟာ မကြာသေးမီကပဲ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အသစ်တခုကို လက်မှတ်ရေးထိုးခဲ့ပြီး အခုမြင်တွေ့ရမယ့် ရုပ်ရှင်ဟာ သူတို့တွေအတွက် ပထမဆုံး ပရောဂျက်ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

“Gonjiam: Haunted Asylum” ရုပ်ရှင်ဟာ စွန့်ပစ်ထားတဲ့ စိတ်ကျန်းမာရေးဆေးရုံတခုမှာ ပရလောကသားတွေကို ရှာဖွေရေးလုပ်ပြီး Live လွှင့်ခဲ့ကြတဲ့ လူငယ်အဖွဲ့တဖွဲ့အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်း ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ ၂ ဒဿမ ၂ သန်းသာ ရှိခဲ့ပေမယ့် ကမ္ဘာတဝန်းကနေ ဝင်ငွေ ဒေါ်လာ သန်း ၂၀ ကျော် ရရှိခဲ့ပါတယ်။

Black Box ကုမ္ပဏီမှ Mike Dill နဲ့ Lowell Shapiro တို့က “အမေရိကန်ပရိသတ်တွေအတွက် Gonjiam ကို ထုတ်လုပ်ဖို့ ကျနော်တို့ကို ယုံကြည်ပေးတဲ့ Showbox က ကျနော့်သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ကိုရီးယားဟာ ကျနော်တို့ အတွက် ဒုတိယအိမ်ဖြစ်လာနေပါပြီ။ ပြီးတော့ ကမ္ဘာ့စိတ်ဝင်စားမှုကို ရရှိခဲ့ပြီးဖြစ်တဲ့ ဖျော်ဖြေရေးနဲ့ ယဉ်ကျေးမှုကို မျှဝေတဲ့နေရာမှာ ကူညီခွင့်ရလို့ စိတ်လှုပ်ရှားမိပါတယ်” လို့ ဆိုပါတယ်။

BH Entertainment ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ အကြီးအကဲ Charles Pak “Parasite ရုပ်ရှင်က သက်သေပြ လိုက်သလိုပဲ ကိုရီးယား Content တွေအပေါ် ကြိုက်နှစ်သက်မှုဟာ ပိုမိုမြင့်တက်လာပါပြီ။ ကျနော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ ကိုရီးယားနဲ့ အမေရိကန်ဈေးကွက်နှစ်ခုလုံးအတွက် ကိုရီးယားနဲ့ အမေရိကန် မှီငြမ်းရုပ်ရှင်တွေ၊ ပြန်လည်ရိုက်ကူးမယ့်ရုပ်ရှင်တွေနဲ့ မူရင်းရုပ်ရှင်တွေ ထုတ်လုပ်ဖို့နဲ့ ဖလှယ်ဖို့ ဖြစ်လာပါမယ်” လို့ဆိုပါတယ်။

Ref:soompi

You may also like these stories:

ရုပ်ရှင်ထဲမှာ ဖျက်ဆီးပစ်ဖို့ ဘိုးရင်း 747 လေယာဉ်ကို ဝယ်ယူခဲ့တဲ့ Christopher Nolan

Superman အဖြစ် ပြန်လည်သရုပ်ဆောင်ဖို့ Henry Cavill ဆွေးနွေးနေ

အာကာသထဲမှာ Tom Cruise ရုပ်ရှင်ရိုက်မယ့် အစီအစဉ်ကို နာဆာ အတည်ပြု

The post “Gonjiam: Haunted Asylum” ရုပ်ရှင်ကို ဟောလိဝုဒ်မှာ ပြန်ရိုက်ကူးမည် appeared first on ဧရာဝတီ.

Lee Dong Gun နဲ့ Jo Yoon Hee တို့ လမ်းခွဲလိုက်ပြီ

$
0
0

“The Gentlemen Of Wolgyesu Tailor Shop” ဒရာမာမှာ အတူတွဲသရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား Lee Dong Gun နဲ့ မင်းသမီး Jo Yoon Hee တို့စုံတွဲဟာ အိမ်ထောင်သက်တမ်း ၃ နှစ် အကြာမှာပဲ လမ်းခွဲလိုက်ကြပြီလို့ သိရပါတယ်။

မင်းသမီး Jo ရဲ့အေဂျင်စီ King Kong By Starship က သူတို့နှစ်ဦးရဲ့ ကွာရှင်းပြတ်စဲမှုဆိုင်ရာ တရားရင်ဆိုင်မှုကို ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ဆိုးလ်မိသားစုတရားရုံးမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အေဂျင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ “ရုတ်တရက် ဒီသတင်းကို မျှဝေလိုက်ရတဲ့အတွက် လက်ထပ်ပွဲအချိန်အခါတုန်းက သူတို့နှစ်ယောက်အပေါ် ဂုဏ်ပြုပေးခဲ့ကြသူတွေအနေနဲ့ နားလည်ပေးကြဖို့ ကျနော်တို့ တောင်းဆိုလိုပါတယ်။ Jo Yoon Hee ဟာ ကောင်းမွန်တဲ့ လုပ်ငန်းတွေကနေတဆင့် အနာဂတ်မှာ နှုတ်ဆက်နိုင်ဖို့အတွက် အလုပ်ကြိုးစားမှာပါ” လို့ ဖော်ပြထားပါတယ်။

အသက် ၃၉ နှစ်အရွယ် မင်းသား Lee ကတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ FNC Entertainment ကနေ ထုတ်ပြန်ချက် တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ “ကျနော်တို့ဟာ Lee Dong Gun ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းဖွယ်ရာ သတင်း ထုတ်ပြန်ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ Lee Dong Gun ဟာ အသေအချာ စဉ်းစားခဲ့ပြီးတဲ့နောက်မှာ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်”

“ မေလ ၂၂ ရက်မှာ သူဟာ ဆိုးလ်မိသားစု တရားရုံးမှာ ကွာရှင်းပြတ်စဲမှုဆိုင်ရာ တရားရင်ဆိုင်မှုကို လုပ်ဆောင်ခဲ့ပါပြီ။ ပရိသတ်တော်တော်များများကိုလည်း စိုးရိမ်စေခဲ့မိလို့ တောင်းပန်ပါတယ်။ မင်းသားဟာ သရုပ်ဆောင်တယောက်အနေနဲ့ ပိုကောင်းတဲ့ ပုံစံကိုပြဖို့ ပိုကြိုးစားမှာပါ” လို့ ဖော်ပြထားပါတယ်။

သူတို့စုံတွဲနှစ်ဦးဟာ ၂၀၁၆ ခုနှစ်တုန်းထုတ်လွှင့်ခဲ့တဲ့ ဒရာမာစီးရီးမှာ တွေ့ဆုံခဲ့ပြီးနောက် လွန်ခဲ့တဲ့ ၃ နှစ်တုန်းက လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ်၊ မေလမှာ လက်ထပ် မှတ်ပုံတင်ခဲ့ပြီး အဲ့ဒီနှစ်၊ စက်တင်ဘာလမှာပဲ လက်ထပ်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယားဖျော်ဖြေရေး မီဒီယာ Dispatch ရဲ့ အဆိုအရ အသက် ၃၇ နှစ်အရွယ် မင်းသမီး Jo ဟာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ မွေးဖွားခဲ့တဲ့ သမီးလေးကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မင်းသား Lee ဟာ လက်ရှိမှာတော့ “Come Back Home” ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ တကယ်လို့ အဲ့ဒီရုပ်ရှင်မှာပါဝင်ဖြစ်ရင်တော့ ၂၀၀၇ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ “Love Now” ရုပ်ရှင်နောက်ပိုင်း ပထမဆုံးပြန်လည် ရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်လာမှာပါ။

Ref: cnalifestyle

You may also like these stories:

ချစ်သူသက်တမ်း ၅ နှစ်အကြာမှာ လက်ထပ်လိုက်ကြတဲ့ အဆိုတော် Gummy နဲ့ Jo Jung Suk

မင်းသား Lee Dong Wook နဲ့ မင်းသမီး Suzy တို့လမ်းခွဲလိုက်ပြီလို့ အတည်ပြု

The post Lee Dong Gun နဲ့ Jo Yoon Hee တို့ လမ်းခွဲလိုက်ပြီ appeared first on ဧရာဝတီ.

မိုးအောင်ရင်အမှု ပြင်ဆင်ချက် ပလပ်ခံရ

$
0
0

သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးမှ တရားစွဲဆိုထားတဲ့ အမှု တရားစွဲဆိုချက်ကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် ပြင်ဆင်ချက် တင်ထားရာ ယနေ့ မေလ ၂၉ ရက်နေ့မှာတော့ ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

“ဒီနေ့မှာတော့ ပလပ်ခဲ့ပါတယ်။ ကျေနပ်ပါတယ်။ မှန်မှန်ကန်ကန် ချမှတ်ပေးခဲ့တာ ဖြစ်တဲ့အတွက် ကျေနပ်ပါတယ်။ ရန်ကင်းတရားရုံးမှာ ၉ ရက်နေ့ ပြန်စမှာပါ။ ခရိုင်ရုံးက အမှုတွဲ ပြန်ရောက်ရင် ရန်ကင်းရုံးမှာ စစ်မယ်။ သူတို့ (မိုးအောင်ရင်) ဘက်ကို စစ်သွားမှာပါ” လို့ ခင်မြတ်နိုးက ပြောပါတယ်။

အမှုပြင်ဆင်ချက် ပလပ်ခံရတဲ့အတွက် မူလစွဲဆိုထားတဲ့အတိုင်း မူလမြို့နယ် တရားရုံးမှာ ဆက်လက်စစ်ဆေးသွားရမှာဖြစ်ပြီး လက်ရှိအချိန်အထိတော့ တရားလိုဖြစ်သူ ခင်မြတ်နိုးဘက်မှ သက်သေများ၊ ထွက်ဆိုချက်များကို စစ်ဆေးပြီး ဖြစ်ပါတယ်။

“ကိုဗစ်ကြောင့် အမှုက ကြန့်ကြာသွားတာပေါ့။ မြန်မြန်နဲ့ ပြီးသွားရမှာကို ဒါကလည်း တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကိစ္စဆိုတော့လည်းလေ” လို့ ခင်မြတ်နိုးက ပြောပါတယ်။

မိုးအောင်ရင်ကတော့ ယနေ့ အမှုပြင်ဆင်ချက်အတွက် အမိန့်ချ ရုံးချိန်းကို လာရောက်ခဲ့ခြင်း မရှိပါဘူး။

သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုးအောင်ရင်အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ရန်ကင်းမြို့နယ် တရားရုံးကို အရှေ့ပိုင်းခရိုင်ရုံးမှ အမှုတွဲ ပြန်လည် ရောက်ရှိလာပါက ဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး နောက်တကြိမ် ရုံးချိန်းကိုတော့ ဇွန်လ ၉ ရက်နေ့ ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

You may also like these stories:

မိုးအောင်ရင် အမှု ရုံးချိန်းကို နောက် ၁ လအကြာ ပြန်ချိန်း

လာမည့် ရုံးချိန်းတွင် မိုးအောင်ရင်အား စွဲချက် အမိန့်ချမည်

“နောက်ကွယ်က ကြိုးကိုင်နေတဲ့သူတွေကို မိုးအောင်ရင် မလွန်ဆန်နိုင်ခဲ့ဘူး”လို့ ခင်မြတ်နိုး ပြော

The post မိုးအောင်ရင်အမှု ပြင်ဆင်ချက် ပလပ်ခံရ appeared first on ဧရာဝတီ.

အသက်ရှင်နေချိန်မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ချင်တဲ့ ခိုင်နှင်းဝေ

$
0
0

ပရဟိတ အလုပ်များ လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အသက်ရှင်နေတဲ့ ကာလအတွင်းမှာ ကုသိုလ်ကောင်းမှုတွေပဲ လုပ်ချင်တယ်လို့ ဆိုပါတယ်။

“ကျမတို့က ဘောင်ထဲမှာ နေရတဲ့အတွက်ကြောင့် တခါတလေကျရင် လူတွေက ပြောကြတယ်။ ပရဟိတလုပ်ပြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ တကယ်တော့ လူ့ဘဝသက်တမ်းက တိုတိုလေး။ မနက်ဖြန် သေရင်လည်း သေမယ်။ နောက် ၅ နှစ်၊ ၁၀ နှစ်မှာလည်း သေချင် သေမယ်။ ကျမ အသက်ရှင်နေတဲ့ ကာလအတွင်းမှာ ကုသိုလ်ကောင်းမှုတွေ လုပ်ချင်တယ်။ ပျော်ချင်တယ်”

“စိတ်ချမ်းသာသလို နေချင်တယ်။ သူများ ပစ္စည်းမခိုးဘူး။ သူများ သားမယားလည်း မပြစ်မှားဘူး။ ကံ ၅ ပါး လုံအောင် နေတယ်။ ကျမရဲ့ စိတ်ကို ရိုးရိုးရှင်းရှင်း ပျော်ပျော်ရွှင်ရွှင် ထားထားတယ်။ အဓိက ကတော့ စိတ်ချမ်းသာအောင်လို့ ပျော်သလို နေနေပါတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။

ဆက်ပြီး “အခုချိန်ထိလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းချမ်းသာသာ နေတယ်။ ဘဝကံကြမ္မာဆိုတာ ပြောလို့ မရဘူးလေ။ ကျမရဲ့ စိတ်ထဲမှာတော့ အများကြီးပါပဲ။ အချစ်ကတော့ ကျမမှာ ကလေးတွေလည်း အများကြီး ရှိတယ်။ ကလေးလည်း ရှိတယ်ဆိုတော့ ပျော်စရာ ကောင်းပါတယ်”လို့ ခိုင်နှင်းဝေက ဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့လည်း ခိုင်နှင်းဝေက ပရဟိတအလုပ်တွေအပေါ် နားလည်ပေးနိုင်မယ့် ချစ်သူမှသာ အဆင်ပြေမယ်လို့ ဆိုပါတယ်။

“ကျမကလေ ကျမရဲ့ ပရဟိတအလုပ်နဲ့ ကျမရဲ့ ကလေးတွေကို ချစ်ပေးနိုင်တဲ့သူမျိုးက ဘဝအတွက် အဆင်ပြေမယ်လို့ထင်တယ်။ ဒီအတွက်ကြောင့် စိတ်တူကိုယ်တူ ပရဟိတ အလုပ်တွေ လုပ်မယ်။ ကလေးတွေကို ဘယ်လို ပြုစု ပျိုးထောင်ရမလဲ။ ဘယ်လိုရှင်သန်ရမလဲဆိုတာကိုပဲ တွေးတယ်”

“ကျမဆိုရင် ဒီအသက်အရွယ်ရောက်တဲ့အထိ ဖြတ်သန်းခဲ့ရတဲ့အခါမှာ ဇွတ်လုပ်ခဲ့တဲ့ အရာတွေ အများကြီးပဲ။ ဇွတ်ဖန်တီးတိုင်းလည်း မဖြစ်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ဘယ်အရာကိုမှ အရှုံးမခံချင်ဘူး။ ဘုရားပေးတဲ့ လမ်းကြောင်းအတိုင်းပဲ သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အခုလို COVID – 19 ကာလမှာ အခက်အခဲဖြစ်နေတဲ့ ပြည်သူများ၊ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်များကို သူ တတ်နိုင်သလောက် တဖက်တလမ်းက ကူညီပေးနေပြီး သူ့ရဲ့ “ခိုင်ရင်သွေးလေးများ ဂေဟာ” မှ ကလေးများကိုလည်း အန္တရာယ်ကင်းစေရန် စောင့်ရှောက်နေသူပါ။

You may also like these stories:

အသက် ၃၆ နှစ်ပြည့်သွားပြီဖြစ်တဲ့ မအေးသောင်း

ကျော်ထက်ဇော်ကို နှစ်ကိုယ်ခွဲ ဇာတ်ရုပ် သင်ပေးခဲ့တဲ့ မို့မို့မြင့်အောင်

သက်ကြီး အနုပညာရှင်များအား လှူဒါန်းခဲ့တဲ့ ဇာဂနာတို့ အဖွဲ့

The post အသက်ရှင်နေချိန်မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ချင်တဲ့ ခိုင်နှင်းဝေ appeared first on ဧရာဝတီ.


“ဇာတ်ပို့၊ ဇာတ်ရံတွေ အလုပ်မရှိတော့ အဆင်မပြေကြဘူး”လို့ စိုပြေ ပြော

$
0
0

COVID-19 ကပ်ရောဂါ ကာလမှာ လူအများ Stay home နေကြဖို့ အစိုးရက တိုက်တွန်းထားပြီး ဒီကာလမှာ ဇာတ်ပို့၊ ဇာတ်ရံများ အနေနဲ့ အလုပ်မရှိကြတဲ့အတွက် အဆင်မပြေဘူးလို့ ဟာသ သရုပ်ဆောင် စိုပြေက ပြောပါတယ်။

“Stay home ကာလကိုတော့ ခက်ခက်ခဲခဲနဲ့ပဲ ဖြတ်သန်းနေရတာပေါ့။ အလုပ်မရှိတော့ ဇာတ်ပို့ ဇာတ်ရံတွေလည်း အဆင်မပြေကြဘူး။ အိမ်မှာနေရတာကလည်း ၁ လလည်း မဟုတ်တော့ဘူး။ ၂ လလောက်ဖြစ်သွားပြီဆိုတော့ ဘယ်လောက်ပဲ ငွေရှာထားရှာထား မလောက်ဘူး။ တော်တော်ကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတယ်။ ရိုက်ကူးရေးတွေ ပြန်လုပ်ရရင်တော့ ဝမ်းသာရမှာပါ”

“ဘာလို့လဲဆို အခုလို အလုပ်မလုပ်ရတာထက်စာရင် လုပ်ရတော့ ဝင်ငွေလေးရတော့ အဆင်ပြေတာ ပေါ့ဗျာ။ ဒီရောဂါက ဘယ်ချိန်ထိ သွားမလဲ မသိဘူးလေ။ အကုန်လုံးလည်း အားတင်းထားကြပါ။ ကျန်းမာရေး အသိပညာတွေလည်း လိုက်နာကြပါ။ ဒီရောဂါတွေပြီးရင်တော့အလုပ်တွေ ကြိုးစားကြမယ်”လို့ သရုပ်ဆောင် စိုပြေက ပြောပါတယ်။

ဒီလိုအချိန်ကာလမှာ အနုပညာရှင်အချို့ အွန်လိုင်းကနေ ဈေးရောင်းကြတဲ့အပေါ်ကိုလည်း စိုပြေက သူ့အမြင်ကို အခုလိုပဲ ပြောပါတယ်။

“အနုပညာရှင်တွေ စီးပွားရေးအနေနဲ့ ဈေးရောင်းနေကြတာ တွေ့တယ်။ အနုပညာရှင်လည်း ပြည်သူထဲက ပြည်သူပဲ။ ကိုယ့်အခက်အခဲဖြစ်လာရင်တော့ လုပ်ကြရမှာပဲ။ ဝမ်းစာအတွက် ရှာဖွေကြရမှာပဲ။ သူများပစ္စည်း ခိုးစားတာ မဟုတ်ဘူးလေ။ ကောင်းရောင်းကောင်းဝယ် လုပ်စားတဲ့အတွက် ဒါအနုပညာရှင်မှ မဟုတ်ဘူး။ ဒုက္ခရောက်ရင်တော့ လုပ်ကြရမှာပဲ”

“ဂုဏ်ရှိတယ်လို့ ထင်တာပဲ။ ကိုယ်တတ်တဲ့ ပညာနဲ့ ကိုယ့်ဟာကိုယ် ရှာစားတာ ရှက်စရာ မဟုတ်ပါဘူး။ ကျနော်လည်း ရောင်းတတ်ရင် ရောင်းရမှာပဲ။ ဈေးရောင်းတာ ရှက်စရာမှ မဟုတ်တာ။ သူများလို အကြော်အလှော်လေး ကြော်တတ်ရင် ရောင်းစားချင်တယ်”လို့ စိုပြေက ပြောပါတယ်။

ဟာသ သရုပ်ဆောင် စိုပြေကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ပို့၊ ဇာတ်ရံ တဦး အနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

You may also like these stories:

သဘင်အနုပညာရှင် မိုးမင်းရဲ့ သမီးကြီး စိုပြေ ဂီတလောကထဲကို ဝင်ရောက်

The post “ဇာတ်ပို့၊ ဇာတ်ရံတွေ အလုပ်မရှိတော့ အဆင်မပြေကြဘူး”လို့ စိုပြေ ပြော appeared first on ဧရာဝတီ.

“အနုပညာနဲ့ ပတ်သက်ရင် ရိုးသားစွာ ချပြပါ”လို့ အကြံပြုတဲ့ ဗညားဟန်

$
0
0

မြန်မာသံအဆိုတော် ဗညားဟန်က အနုပညာကို ဝါသနာပါသူများအနေနဲ့ အနုပညာနဲ့ ပတ်သက်ပြီး ကိုယ့်နှလုံးသားထဲမှာ ရှိသလောက်ကို ရိုးသားစွာချပြပါလို့ ဗညားဟန်က အကြုံပြုထားပါတယ်။

“တချို့သော အနုပညာတွေက ပရိသတ် သိပ်မကြိုက်ကြဘူး။ မကြိုက်တာတွေ ရှိတယ်ပေါ့။ ဆို၊ က၊ ရေး၊ တီး၊ သရုပ်ဆောင် အစရှိတဲ့ နယ်ပယ်အသီးသီးထဲမှာရောပေါ့။ ဒါကို ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ ပရိသတ်ကြိုက်မှ အနုပညာ မြောက်တာချည်းတော့ မဟုတ်ပါဘူး။ ပရိသတ် မကြိုက်ဘဲ တန်ဖိုးဖြတ် မရတဲ့ အနုပညာမြောက်နေတဲ့အရာတွေ လောကမှာ အများကြီးပါ။ ပရိသတ်ကြိုက်ရင်တော့ အတိုင်းထက်အလွန်ပေါ့” လို့ ဗညားဟန်က ဆိုပါတယ်။

ကိုယ့်နှလုံးသားထဲမှာ အမှန်တကယ်ရှိတဲ့ အနုပညာကို ရဲဝံ့စွာ ချပြပြီး ပရိသတ် ကြိုက်ရင်တော့ အကောင်းလက္ခဏာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပြောချင်တာက ကိုယ်တတ်သလောက် ကိုယ့်နှလုံးသားထဲမှာ ရှိသလောက်ကို ရိုးသားစွာ ချပြပါ။ ကိုယ့်ဘက်က တတ်နိုင်သလောက် တာဝန်ကျေကျေ ချပြပါ။ ကြိုက်တာ မကြိုက်တာကတော့ ကံပေါ့။ ကိုယ့်နှလုံးသားထဲမှာ အမှန်တကယ်ရှိတဲ့ အနုပညာ (ပရိသတ် ကြိုက်အောင်ဆိုပြီး ကိုယ့်မှာ မရှိဘဲ အတင်းလုပ်ပြနေရတဲ့ အနုပညာကို မဆိုလိုပါ) ကို ရိုးသားစွာ ချပြပါ။ အဲဒါကို ပရိသတ် နှစ်သက်ရင် အားလုံးအတွက် အကောင်း လက္ခဏာပေါ့” လို့ ဗညားဟန်က ဆိုပါတယ်။

ပရိသတ် မနှစ်သက်ရင်လည်း စိတ်အားမငယ်ဘဲ လုပ်စရာရှိတာကို ဆက်ကြိုးစားပါက တနေ့နေ့မှာ ပရိသတ် လက်ခံလာမှာဖြစ်တာကြောင့် ရိုးသားစွာ ကြိုးစားဖို့သာလိုတယ်လို့ သူက ဆိုပါတယ်။

“အကယ်၍ ပရိသတ်က မနှစ်သက်ဘူးဆိုလည်း စိတ်အားမငယ်ပါနဲ့။ လုပ်စရာရှိတာ ဆက်လုပ်ပါ။ ဆက်ကြိုးစားပါ။ ဇွဲရှိပါ။ ဒါဆို တနေ့နေ့ ပရိသတ် လက်ခံလာပါလိမ့်မယ်။ သို့သော် ကိုယ့်ဘက်က ရိုးသားစွာ စေတနာပါပါ လုပ်ပြဖို့တော့ လိုပါလိမ့်မယ်။ လောကကြီးမှာ ဘယ်လောက်ကောင်းကောင်း လူကြိုက်မများသော အရာတွေ ရှိကြသလို ဘယ်လောက်ဆိုးဆိုး လူသိပ်ကြိုက်တဲ့ အရာတွေ ရှိကြပါတယ်” လို့ ဗညားဟန်က ပြောပါတယ်။`

ပရိသတ်ကို မလိမ် မညာမိစေဘဲ စေတနာသာ မှန်ပါက ပရိသတ်ဆီက ရောက်ပြန်ဟပ်တာခံရပါလိမ့်မယ်လို့လည်း ပြောထားပါတယ်။

“သေချာတာကတော့ အနုပညာတိုင်းဟာ ပရိသတ် အကြိုက်တွေ့အောင်ဆိုတဲ့ ရည်ရွယ်ချက်ကို ဦးစားပေး စဉ်းစားပြီးမှ ချပြကြတာချည်းပါပဲ။ မကြိုက်သေးသမျှ စိတ်ဓာတ် မကျဘဲနဲ့ ကြိုက်လာသည်အထိ ဇွဲကောင်းဖို့သာ လိုပါတယ်။ ပရိသတ်ကိုသာ မလိမ် မညာမိပါစေနဲ့။ စေတနာသာ မှန်ပါစေ”

“ပရိသတ်ဆီက ရောက်ပြန်ဟပ်တာ ပြန်ခံရပါလိမ့်မယ်လို့ ပြောပါရစေ။ အနုပညာ မျိုးဆက်သစ်များ တိုးတက်ဖို့သာ ရည်ရွယ်ပါတယ်။ အားလုံးသော အနုပညာနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ ၊ ကျန်းမာချမ်းသာကြပါစေ။ အားလုံးသော ပရိသတ်ကြီးလည်း ကျန်းမာချမ်းသာကြပါစေ”လို့ ဗညားဟန်က သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသား မျှဝေထားပါတယ်။

အဆိုတော် ဗညားဟန်ကတော့ မြန်မာသံ အဆိုတော် တဦးဖြစ်ပြီး တကိုယ်တော် တေးသီချင်းခွေ များစွာ ထွက်ရှိခဲ့တဲ့ အဆိုတော်လည်း ဖြစ်ပါတယ်။

You may also like these stories:

အနုပညာရှင်တွေကို လှူဒါန်းပေးခဲ့တဲ့ ကျော်သူရဲ့ စကားသံ

အနုပညာမျိုးဆက် မရှိပေမယ့် နီးစပ်ရာ လူငယ်တွေကို လက်တွဲခေါ်တဲ့ ရဲအောင်

The post “အနုပညာနဲ့ ပတ်သက်ရင် ရိုးသားစွာ ချပြပါ”လို့ အကြံပြုတဲ့ ဗညားဟန် appeared first on ဧရာဝတီ.

အိမ်မပြန်ဖြစ်ဘဲ ပရဟိတတွေ လုပ်ကိုင်နေတဲ့ ထွန်းကိုကို

$
0
0

သရုပ်ဆောင် ထွန်းကိုကိုကတော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ စတွေ့ကတည်းက အိမ်မပြန်ဖြစ်ဘဲ နာရေးကူညီမှုအသင်းမှာပဲ နေထိုင်ကာ ပရဟိတအလုပ်များ ကူညီလုပ်ကိုင်ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကျနော် ဒီနိုင်ငံမှာ COVID-19 တွေ ဖြစ်ကတည်းက အိမ်မပြန်ဖြစ်တာ ၁ လပြည့်တော့မယ် ထင်တယ်။ ပထမတုန်းက ပြန်သေးတယ်။ နောက်ပိုင်း အိမ်ကို သေချာပြောပြီး မပြန်တော့ဘဲ အသင်းမှာ နေလိုက်တာပါ။ အမေက စိတ်ပူတယ်။ စိတ်လည်း မချဘူး။ ကျနော်က ပြန်ငဲ့ရတာပေါ့။ အမေ စိတ်မချပေမယ့် အိမ်ပြန်ရင် အမေတို့ အဖေတို့နဲ့ဆိုတော့ ကျနော်ကလည်း နေရာစုံသွားနေရတာ”

“ဆေးရုံတွေလည်း ရောက်တယ်။ သံသယလူနာတွေ သယ်ရတယ်။ ရပ်ကွက်တွေထဲ ဆေးလိုက်ဖျန်းနဲ့ အန္တရာယ် အရမ်းများတယ်။ မကူးဘူးလို့ ပြောမရဘူး။ ကူးချင်ရင် ကူးသွားမှာပဲ။ အခန့်မသင့်ရင် ကူးနိုင်တဲ့အတွက် မိသားစုဆီ မပြန်ဘဲ နာရေးကူညီမှုအသင်းမှာ နေပြီး ပရဟိတ အလုပ်တွေ လုပ်တယ်။ ဒီရက်ထဲမှာလည်း တရက်မှ မနားရသေးဘူး”လို့ သရုပ်ဆောင် ထွန်းကိုကိုက ပြောပါတယ်။

ဆက်လက်ပြီး ထွန်းကိုကိုက အခုလို ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ခွင့်ရချိန်မှာ လုပ်ရတဲ့အတွက် ပီတိ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

“ကျနော်လည်း အိမ်မှာ နေချင်တာပေါ့။ ပင်ပန်းတယ်လို့လည်း သဘောမထားပါဘူး။ ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို လုပ်ခွင့်ရတဲ့အချိန်မှာ လုပ်ရတဲ့အတွက် ပီတီဖြစ်ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူတယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။

ကိုဗစ်ကာလအတွင်း ဦးကျော်သူရဲ့ ညွှန်ကြားမှု အောက်မှာ ပရဟိတလုပ်ငန်းတွေကို အကောင်းဆုံးလုပ်ပြီး  ဖြတ်သန်းနေတယ်ဆိုတဲ့ ထွန်းကိုကိုက စိတ်ဆုံးဖြတ်ချက်ကို ခိုင်မာအောင် ထားတယ်လို့ ဆိုပါတယ်။

“ကျနော် စိတ်ဆုံးဖြတ်ချက် ၂ ခု ထားထားတယ်။ အကောင်းဆုံးတွေ တွေးထားသလို အဆိုးဆုံးတွေ ဖြစ်ဖို့အတွက်လည်း ကြိုတွေးထားရတယ်။ ဆုံးဖြတ်ချက်တွေ ခိုင်မာမှလည်း အလုပ်တွေ လုပ်ရတာ ပိုအားရှိတာပေါ့။ အဆိုးဆုံးလည်း တွေးထားသလို အကောင်းဆုံးလဲ တွေးထားတယ်။ ကျနော်တို့နဲ့ အတူ ဒီကာလမှာ ဦးမောင် (ဦးကျော်သူ) ကလည်း အားနဲ့ မာန်နဲ့ အသက်အရွယ်အရ ညှာရမယ့် အသက်ဆိုပေမယ့် မညှာဘဲ ကိုယ်တိုင်လုပ်တော့ ကျနော်တို့ လူငယ်တွေ အားတက်စေပါတယ်”

“ဒီကာလမှာ ဦးမောင်ရဲ့ ညွှန်ကြားမှုအောက်မှာ ပရဟိတလုပ်ငန်းတွေကို အကောင်းဆုံး လုပ်ပြီး ကျနော်တို့ ဖြတ်သန်းနေပါတယ်။ လူတိုင်းကို သံသယ မျက်လုံးနဲ့ ကြည့်ရမယ်။ ကိုယ်တိုင်ကလည်း တခြားသူ မကူးစက်အောင် နေသင့်တယ်။ ပေါ့လည်း မပေါ့ဆပါနဲ့။ အရမ်းကြောက်ဖို့လည်း မလိုပါဘူး” လို့ ထွန်းကိုကိုက ပြောပါတယ်။

ရောဂါ ကူးစက်မှုများ လျော့နည်းအောင် တတ်နိုင်သမျှ အိမ်မှာပဲ နေကြဖို့နဲ့ မဖြစ်မနေ အပြင်ထွက်ရရင်လည်း Mask တပ်ကြဖို့ ထွန်းကိုကိုက တိုက်တွန်းထားပါတယ်။

“အိမ်မှာနေတာ အကောင်းဆုံးပဲ။ အိမ်မှာနေလို့ မရဘူး၊ အလုပ်တွေ လုပ်ဖို့ အပြင်ထွက်ရမယ်ဆိုလည်း လက်ကို ခဏခဏ ဆေးပါ။ နှာခေါင်းစည်း တပ်ပါ။ အသုံးပြုများတဲ့ နေရာတွေကို မကိုင်ပါနဲ့။ ကိုင်ပြီးရင်လည်း လက်ကို ဆေးပါ”လို့ ထွန်းကိုကိုက ပြောပါတယ်။

သရုပ်ဆောင် ထွန်းကိုကိုကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ပါတယ်။ ဒါ့အပြင် ထွန်းကိုကိုက နာရေးကူညီမှု အသင်း၊ မီးသတ်တပ်ဖွဲ့များနဲ့အတူ အရေးပေါ် ကယ်ဆယ်ရေးအလုပ်တွေမှာ ပရဟိတ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

You may also like these stories:

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုတွေအတိုင်း နေစေချင်တယ်”

“ဇာတ်ပို့၊ ဇာတ်ရံတွေ အလုပ်မရှိတော့ အဆင်မပြေကြဘူး”လို့ စိုပြေ ပြော

The post အိမ်မပြန်ဖြစ်ဘဲ ပရဟိတတွေ လုပ်ကိုင်နေတဲ့ ထွန်းကိုကို appeared first on ဧရာဝတီ.

“မြန်မာဓလေ့နဲ့ မကိုက်လို့ သီချင်းမှာ မထည့်ခဲ့တာတွေ ရှိတယ်”

$
0
0

ပရိသတ် အကြိုက်တွေ့တဲ့ သီချင်းတွေနဲ့ အောင်မြင်လာတဲ့ အဆိုတော် ချယ်ရီသင်းက “မလို့ပဲခေါ် ” သီချင်း Music Video ရိုက်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“မလို့ပဲခေါ် သီချင်းလေးကို Music Video ရိုက်ဖို့ သူငယ်ချင်းတွေကလည်း ပြောတယ်။ ချယ်ရီ ကိုယ်တိုင်ကလည်း ကိုယ့်မောင်လေး သီဟအောင်က အရမ်းကြိုးစားလို့ ဖြစ်လည်း ဖြစ်စေချင်တယ်။ သူသရုပ်ဆောင်တာတွေလည်း သဘောကျလို့ ရိုက်ဖြစ်ခဲ့တာပါ”လို့ ချယ်ရီသင်းက ပြောပါတယ်။

ဒီသီချင်း ရိုက်ကူးစဉ်မှာ လူငယ်သဘာဝ ကိုယ့်စိတ်ကြိုက် ရိုက်ခဲ့တာ ဖြစ်ပြီး မြန်မာဓလေ့နဲ့ မကိုက်လို့ မထည့်ဖြစ်ခဲ့တာတွေလည်း ရှိတယ်လို့ ချယ်ရီသင်းက ဆိုပါတယ်။

“အမှတ်တရတွေလည်း အများကြီးပဲ။ လူငယ်သဘာဝ ကိုယ့်အတွေးနဲ့ကိုယ် ကောင်းမယ် ထင်ထားပြီး ရိုက်ထားတာတွေ ရှိတယ်။ မြန်မာ ဓလေ့နဲ့ မကိုက်တာတွေ ရှိလို့ မထည့်လိုက်တာတွေ ရှိတယ်။ မောင်လေးနဲ့ နမ်းတဲ့အခန်းတွေ ရိုက်တော့ နှစ်ယောက်လုံး အတွေ့အကြုံ မရှိတော့ ရှက်နေကြတာ အမှတ်တရပါပဲ”လို့ ချယ်ရီသင်းက ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး “ချယ်တို့ ရိုက်တဲ့ Music Video ကို ဝေဖန် ပြောနေကြတာ ရှိတယ်။ ချစ်တဲ့ စိတ်နဲ့ ကောင်းစေချင်လို့ ပြောကြတယ်လို့ ချယ် မြင်တယ်။ အကြံပြုတဲ့သူကကျတော့ ချယ် ဆံပင်အရောင် ဆိုးတာကအစ ချယ်လေးရေ ဒီလိုလေးတော့ မလုပ်ပါနဲ့ ပြောတယ်”

“တချို့ကတော့ ဆံပင်အရောင်က မကောင်းတဲ့ မိန်းကလေးတောင် မဆိုးဘူး။ အဆိုတော်ဖြစ်ပြီး ကလပ်တယ်ပေါ့၊ ပြောကြတယ်။ ဘယ်လိုပဲပြောပြော ချယ့်ကိုချစ်တဲ့ စိတ်နဲ့ ပြောတာကိုပဲ ချယ်ကကျေနပ်ပါတယ်”လို့ ချယ်ရီသင်းက ပြောပါတယ်။

ချယ်ရီသင်းရဲ့ သီချင်းတွေ Tiktok မှာ ရေပန်းစားတဲ့အပေါ်ကိုလည်း အခုလိုပဲ ဆိုပါတယ်။

အဆိုတော် ချယ်ရီသင်း (ဓာတ်ပုံ – ဧရာဝတီ)

“ဒီသီချင်းလေးကို အင်တာဗျူးတခုမှာ ဆိုပြလိုက်ကတည်းက ပရိသတ်တွေ ကြိုက်ကြတယ်။ Tiktok တွေ ဆော့ကြတယ်။ အောင်မြင်တယ်လို့တော့ မခံယူထားပါဘူး။ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်တုန်းက လည်း သီချင်းအောင်မြင်လို့ ငါအောင်မြင်သွားပြီဆိုပြီး မခံယူဘူး။ ဆက်ကြိုးစားရမယ်။ ဒီသီချင်းအောင်မြင်လို့ ဒါနဲ့ပဲ ရပ်နေလို့ မရဘူး”

“သီချင်းတွေ ပရိသတ်ကြိုက်လို့ အောင်မြင်နေလည်း ကြိုးစားရှေ့ဆက်သွားရမယ်လို့ အမြဲခံယူထားတယ်။ ချယ့် သီချင်းလေးတွေနဲ့ Tiktok ဆော့ပေးတာ ကျေးဇူးတင်ပါတယ်။ ချယ်တို့အတွက်လည်း အများကြီး အထောက်အပံ့ ဖြစ်တယ်။ သူတို့လည်း ဒီကနေ သူတို့အတွက် အခွင့်အလမ်းလည်း ရတယ်”လို့ ချယ်ရီသင်းက ပြောပါတယ်။

အဆိုတော် ချယ်ရီသင်းကိုတော့ “ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေ စတင်သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ Shwe FM ဂီတ ဆုပေးပွဲမှာလည်း အဲဒီသီချင်းနဲ့ပဲ Shwe FM Facebook Page မှတဆင့် “သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသမီးဆု” ကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

The post “မြန်မာဓလေ့နဲ့ မကိုက်လို့ သီချင်းမှာ မထည့်ခဲ့တာတွေ ရှိတယ်” appeared first on ဧရာဝတီ.

ကိုဗစ်ကာလမှာ ယူနန်ဟော့ပေါ့ လုပ်ရောင်းနေတဲ့ မင်းမြတ်စိုးစံ

$
0
0

COVID-19 ကာလမှာ ရိုက်ကူးရေးတွေ ရပ်နားထားရတာကြောင့် စီးပွားရေးအနေနဲ့ “ရှောင်ကောကော” ယူနန်ဟော့ပေါ့ ရောင်းဖြစ်တဲ့အကြောင်း မင်းမြတ်စိုးစံက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“ကျနော် Stay home ကာလမှာ အရင်ကတော့ အိမ်မှာပဲ နေဖြစ်တယ်။ အခုကတော့ ရှောင်ကောကောဆိုတဲ့ ယူနန် ဟော့ပေါ့လေး လုပ်နေတယ်။ နေရေးထက် ဝမ်းရေးက ခက်ဆိုတော့ စီးပွားရေး လုပ်ဖြစ်တယ်။ လက်ရှိအချိန်မှာ မြန်မာပြည်တပြည်လုံးက ခက်ခဲနေကြမှာပါ။ ကျနော်လည်း ဇာတ်ကားရိုက်ကူးရေးတွေကလည်း ရပ်နားထားရတော့ ဘယ်ချိန်ထိ ဒီကာလကြီးက ကြာရှည်မယ်ဆိုတာလည်း မသိနိုင်ဘူး”

“နောက်ပြီးတော့ ကျနော် လုပ်နေတဲ့ ရှောင်ကောကော ယူနန် ဟော့ပေါ့ကို ရေရှည်လည်း သွားချင်တယ်။ ဆိုင်လေးလည်း ဖွင့်ဖို့ စိတ်ကူးရှိတာကြောင့် စလုပ်လိုက်တာပါ။ ကျနော်က Gym လည်း ဖွင့်ထားပေမယ့် ဆော့တဲ့လူက နည်းနေတာ အခုလို ရောဂါတွေ ဖြစ်တော့ ပိုဆိုးတာပေါ့”

“အဲ့ဒါနဲ့ စားသောက်ကုန် လုပ်မယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ကျနော် ကျွမ်းကျင်တဲ့ ယူနန်ဟော့ပေါ့ကို လုပ်ဖြစ်သွားတယ်။ ကျနော်က ဟော့ပေါ့ကြိုက်တော့ သူငယ်ချင်း ခါရာနဲ့ မိုးကုတ်လိုက်သွားတာ။ အဲ့မှာ ယူနန်ဟော့ပေါ့ကို စားမိတော့ ကျနော် သူ့အဒေါ်ဆီမှာ သင်ပြီးတော့ လုပ်ဖြစ်တာပါ”လို့ မင်းမြတ်စိုးစံက ပြောပါတယ်။

အဆိုပါ ရှောင်ကောကော ယူနန်ဟော့ပေါ့က ဈေးနှုန်း ၂ သောင်းကနေ ၅ သောင်း အစားစား ရှိပြီး Page ကနေ မှာယူအားပေးနိုင်တယ်လို့ မင်းမြတ်စိုးစံက ဆိုပါတယ်။

“ရှောင်ကောကော ယူနန်ဟော့ပေါ့ကို ၂ သောင်း၊ ၃ သောင်း၊ ၅ သောင်းပေါ့။ ရှောင်ကောကော Page ကနေ မှာယူ သုံးဆောင်လို့ရပါတယ်။ ရှောင်ကောကော ယူနန်ဟော့ပေါ့က သန့်ရှင်းမှုကို အဓိက ပေးတယ်။ အရသာကိုလည်း အကောင်းဆုံး ပေးနိုင်အောင်လည်း ကြိုးစားလုပ်ထားပါတယ်။ လက်ရှိချိန်ထိတော့ ကောင်းတယ်လို့ ပြန်ကြားရပြီး အားပေးနေကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ လက်ရှိချိန်မှာတော့ ပုံမှန်လေးတော့ ရောင်းနေရတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိအချိန်မှာ ရောဂါပိုးတွေ့သူ အရေအတွက် ပြန်တက်လာတာ တွေ့ရတာကြောင့် မြန်မာနိုင်ငံကို ကိုရီးယားလို ဖြစ်မှာ စိုးရိမ်ရတယ်လို့ မင်းမြတ်စိုးစံက ဆိုပါတယ်။

“လက်ရှိအချိန်မှာ ရောဂါက နည်းနည်း ပြန်တက်လာတာတွေ့ရတယ်။ တခုကြောက်ရတာ ကိုရီးယားလို ဖြစ်မှာ စိုးရိမ်ရတယ်။ ကျောင်းတွေတောင် ဖွင့်ပြီးမှ ပြန်ပိတ်လိုက်ရတယ် ကြားတယ်။ အဲ့လို ဖြစ်လာမှာ စိုးတယ်။ မြန်မာပြည်မှာကလည်း အခက်အခဲတွေ ရှိနေတော့ စိုးရိမ်မိတယ်”

“အဓိကကတော့ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြပါ။ လက်ဆေးကြပါ။ ကိုယ်က အပြင်ထွက်ရတယ်ဆိုရင်လည်း ပြန်လာရင် မိသားစုကို ကူးစက်နိုင်တတ်ကြောင့် ဆင်ခြင်နေထိုင်ကြဖို့ ပြောချင်ပါတယ်”လို့ မင်းမြတ်စိုးစံက ပြောပါတယ်။

မင်းမြတ်စိုးစံကတော့ အနုပညာလောကထဲကို “မင်းလူလူ”ဆိုတဲ့ နာမည်နဲ့ မော်ဒယ်တယောက် အဖြစ် စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ Mister ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့ဖူးသူပါ။ အဲဒီနောက်မှာတော့ သရုပ်ဆောင် တယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။

မင်းမြတ်စိုးစံက ၂၀၁၅ ခုနှစ်မှာလည်း “မျှော်လင့်ချက် အလင်းတန်း” ဆိုတဲ့ တကိုယ်တော် တေးစီးရီး အခွေ ထွက်ရှိခဲ့ပါသေးတယ်။

The post ကိုဗစ်ကာလမှာ ယူနန်ဟော့ပေါ့ လုပ်ရောင်းနေတဲ့ မင်းမြတ်စိုးစံ appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live