အဆိုတော် ရှိုင်းကတော့ “Perfector” ဆိုတဲ့ တကိုယ်တော်အခွေ ထွက်ရှိထားပြီး မကြာသေးခင်ကလည်း “၁၉၉၀” ဆိုတဲ့ အဖေနဲ့ ပတ်သက်တဲ့ ခံစားချက် အကြောင်းအရာများကို ရေးဖွဲ့ထားတဲ့ သီချင်း ထွက်ရှိထားပါတယ်။
ကိုယ်ပိုင်သီချင်းတွေ ရေးသားပြီး သီဆိုလေ့ရှိတဲ့အပြင် တေးရေးတယောက်အဖြစ်လည်း ရပ်တည်လျက်ရှိတဲ့ လူငယ် အဆိုတော် ရှိုင်းရဲ့ သီချင်းဖန်တီးမှု အကြောင်းအရာများ၊ ဂီတနဲ့ပတ်သက်တဲ့ ခံယူချက်များကို ဧရာဝတီက အခုလိုပဲ မေးမြန်းထားပါတယ်။
မေး။ ။ “၁၉၉၀” သီချင်းကို ဘယ်လို ဖန်တီးဖြစ်ခဲ့တာလဲ။
ဖြေ။ ။ သီချင်းကတော့ “အဖေများနေ့” အတွက် ရည်ရွယ်ပြီး ထုတ်တာတော့ မဟုတ်ဘူး။ ကျနော့်အဖေနဲ့ ပတ်သက်တဲ့ ခံစားချက်တချို့ကို စဉ်းစားပြီး ရေးတာဆိုပေမယ့် အဖေများနေ့မှာ တိုက်ဆိုင်သွားတယ်။ အကုန်လုံးကလည်း သီချင်းလေး နားထောင်ပြီးတော့ သူတို့ အဖေနဲ့ အမှတ်တရအကြောင်းအရာလေးတွေ ရေးကြတယ်။ အဖေနဲ့ ပတ်သက်တဲ့ မေတ္တာတရားတွေ ခံစားရတယ်ဆိုတော့ ဝမ်းသာပါတယ်။
မေး။ ။ အချိန်ဘယ်လောက် ယူခဲ့ရလဲ။
ဖြေ။ ။ အချိန်ကကျတော့ ကျနော်က သီချင်းတပုဒ် လုပ်တော့မယ်ဆိုရင် သီချင်းနဲ့ ပတ်သက်ပြီး ထိုင်တွေးနေတာ အဲဒါ ၁ လလောက် ကြာတယ်။ သီချင်းအကြောင်းအရာကို ထိုင်စဉ်းစားတာ ဘယ်လို Music အမျိုးအစားနဲ့ ပေါင်းပြီး သုံးမယ်၊ ဘယ်အကြောင်းအရာတွေကို ဦးတည်ပြီး ရေးမယ်။ အဲဒါတွေ စဉ်းစားတာပေါ့နော်။ ၁ လလောက် ကြာတယ်။ သီချင်းတကယ် လုပ်ပြီဆိုတဲ့အချိန်ကျမှ တထိုင်တည်း စဉ်းစားထားတာတွေ ထုတ်ပြီး ရေးတာဆိုတော့ လုပ်တာကတော့ ၁ ပတ် ၊ ၂ ပတ်လောက် အတွင်း ပြီးတယ်။ ကျနော်က ၂၀ ရက်နေ့ ထုတ်လိုက်တာ။
မေး။ ။ Music ပုံစံကလည်း ဆန်းတယ်၊ ဘယ်လိုပုံစံနဲ့ သွားထားတာလဲ။
ဖြေ။ ။ ၁၉၈၅ ပေါ့။ အရင်ခေတ်က Music ပုံစံကို ယူထားတာ။ အကြောင်းအရာကလည်း ကျနော့်အဖေရဲ့ လူငယ်ဘဝ အကြောင်းအရာကို ရေးထားတာဆိုတော့ သူတို့ ငယ်ငယ်တုန်းက လူပျိုဘဝတုန်းက Music ပေါ့။ အဲ့ခေတ်က ဂီတ အမျိုးအစားကိုပဲ ပေါင်းပြီးတော့ ကျနော့်ရဲ့သီချင်းကို ဖန်တီးထားတာပါ။
မေး။ ။ အခက်အခဲအနေနဲ့ ဘယ်လိုရှိခဲ့လဲ။
ဖြေ။ ။ အခက်အခဲက ရှိတယ်။ အဲ့ Music က ကျနော်လုပ်နေကျ မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။ အဲ့တော့ ဘာဖြစ်လဲဆိုရင် ဒီ Music ကို ဒီအကြောင်းအရာနဲ့ ရအောင် လုပ်မယ်ဆိုပြီး စဉ်းစားပြီးတဲ့နောက်ပိုင်းမှာ အဲ့ Music တွေကို ထိုင်လေ့လာတယ်။ 80 ‘s Music ၊ 90’s Music အဲဒါတွေကို ဘယ်လိုဖန်တီးလဲ။ ဘယ်တူရိယာတွေ သုံးတာများလဲ။ အဲ့ Vibe ကို ရအောင် ဘယ်လို ဖန်တီးရမလဲ ဆိုတာတွေက အဲ့သီချင်းအကြောင်းအရာကို နားထဲစွဲနေအောင် နားထောင်ပြီး ဒီဘက်မှာ ပြန်ပေါင်းစပ်ရတယ်။
မေး။ ။ အဖေနဲ့ အမှတ်တရတွေကရော ဘယ်လို ရှိခဲ့လဲ။
ဖြေ။ ။ ကျနော့်အဖေက ၈ တန်းနှစ်မှာ ဆုံးသွားတယ်။ အမေ့ကိုလည်း ဒီသီချင်းရေးတာ မပြောပြဘူး။ အဓိက အကြောင်းအရာကကျတော့ ဘယ်လိုလဲဆိုတော့ ကျနော်က ၂၀၂၀ မှာ လူငယ်တယောက်ပေါ့နော်။ ကျနော် ခံစားနေရတဲ့ ခံစားချက်တွေ၊ လူငယ်ဘဝတွေ တွေ့ကြုံခံစားရတာတွေကို ကိုယ့်အဖေလည်း ခံစားခဲ့ရမှာပဲ။ သူခံစားခဲ့တုန်းကရော ဘယ်လိုဖြတ်ကျော်ခဲ့ရလဲဆိုတဲ့ အတွေးကို ရေးထားတာဆိုတော့လေ။
အမှတ်တရတွေကတော့ ရှိတယ်။ အရမ်းကြီး မမှတ်မိတော့ဘူး။ ဖေဖေကကျတော့ မိသားစုကို အရမ်းချစ်တဲ့ထဲမှာ ပါတယ်။ အစိုးရဝန်ထမ်းဆိုပေမယ့် အချိန်ရပြီဆိုရင် မိသားစုကို အချိန်ပေးတာ များတယ်။ ခရီးအမြဲတမ်း လိုက်ပို့တယ်။ တခါတလေ ညနေဘက်တွေ အားရင် နီးစပ်ရာမြို့နေရာတွေထိကို ဆိုင်ကယ် ပတ်မောင်းပြီး မုန့်လိုက်ကျွေးတာ ရှိတယ်။ ငယ်ငယ်က ဆုရရင် ဆိုင်ကယ်ပေါ် တင်မောင်းပြီး သူ့သား ဆုရပါတယ်ဆိုတဲ့အကြောင်းကို မြို့ပတ်ပြီး ပြောတယ်။
မေး။ ။ ဒီသီချင်းက မိဘဖွဲ့တေးဆိုရင် ပထမဆုံးလို့ ပြောရင်ရမလား။
ဖြေ။ ။ မိဘနဲ့ ပတ်သက်တာ ပထမဆုံး စရေးတာ။ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်နိုင်တယ်။ နောက်ဆုံး ဆိုတာက အဖေနဲ့ ပတ်သက်တာပေါ့။ ဒီလိုမျိုး သီချင်းထပ်လုပ်ဖို့က ကျနော့် ဘဝမှာ မလွယ်တော့ဘူး။ ဖန်တီးရကျိုးနပ်တယ်လို့ ပြောလို့ရတယ်။ ကျနော်ပေးချင်တဲ့ အကြောင်းအရာ ခံစားမှု ပရိသတ်ဆီကိုရောက်တယ်လို့ ခံစားရတယ်။
မေး။ ။ နောက်ပိုင်းကျရင်ရော ဘယ်လိုမျိုး Music ပုံစံတွေ ထပ်လုပ်သွားဖို့ ရှိမလဲ။
ဖြေ။ ။ ကျနော် တခါမှတော့ မပြောဖူးဘူး။ ပြောပြလိုက်မယ်။ ကျနော့်ကိုယ်ကျနော် ခံယူထားတာ အစကတော့ ကျနော့်ကိုအများစုက R&B Artist လို့ မြင်ကြတယ်။ ကျနော်ကလည်း အားသန်တာကို။ ဒါပေမဲ့ ကျနော် တကယ်တမ်း စဉ်းစားရင်းနဲ့ ဘယ်လို Artist လည်းလို့ စဉ်းစားမိတဲ့အချိန်မှာ ကျနော်က General Artist လို့ထင်တယ်။
ကျနော် ဘယ် Music အောက်မှာမှ အသေကြီးဝင်နေတာမျိုး မရှိဘူး။ အခုဆိုရင် 90’s Music ကို လုပ်တယ်။ တခါတလေကျရင် R& B ဆိုတယ်။ POP တွေ ဆိုတယ်။ ချစ်တေးသံသာဆို Pop လို့ ပြောလို့ရတယ်။ ခံစားလို့ ရတယ်။ လုပ်နိုင်တယ်ဆိုရင် လုပ်လိုက်တာပဲ။
မေး။ ။ ဒီလို ဂီတခရီးလမ်းကို ဖြည်းဖြည်းနဲ့ မှန်မှန်သွားနေတဲ့အတွက် အရမ်းကြီးကျော်ကြားတဲ့ထဲမှာမပါဘူးလို့ ပြောရင်ရမလား။
ဖြေ။ ။ ဒါကလည်း မဆန်းပါဘူး။ ကျနော်လုပ်နေတဲ့ Music ကခံယူချက်နဲ့လည်းဆိုင်တာပေါ့။ အမှန်အတိုင်းပြောရရင် Hit ဖြစ်ချင်တဲ့ Hit ဖြစ်လို့ရတဲ့သီချင်းတွေ မြန်မြန် လူသိများလာမယ့် အကြောင်းအရာတွေ မြန်မာနိုင်ငံမှာ လုပ်ရတာ အရမ်းလွယ်တယ်။ သူများတွေကို ထိခိုက်ပြီးပြောတာတော့မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ နာမည်ကျော်ကြားဖို့လုပ်ရတာ လွယ်တယ်။ အနုပညာအစစ်နဲ့ ဖန်တီးရတာတော့ ခက်တယ်။
ကျနော့်ရဲ့ခံယူချက်ကလည်း နာမည်မြန်မြန်ကြီးချင်တဲ့ထဲမှာလည်းမပါဘူး။ သူငယ်ချင်းတွေကိုတောင်ပြောတယ်။ ငါကသီချင်းတွေ လုပ်နေရင်နဲ့ ချမ်းသာတဲ့ထဲတော့ ပါမှာ မဟုတ်ဘူးလို့ ကျနော် လုပ်တဲ့ Music ကလည်း ဒီဘက်လူတွေ နားလည်ချင်မှ နားလည်မယ်။ ဒါပေမဲ့ ကျနော် ဒီထဲမှာပဲ နေတယ်။ ဒီအတိုင်းပဲ ဆက်သွားတယ်။ ပေါ်ပြူလာဖြစ်တာ မဖြစ်တာတော့ လက်ခံနိုင်သူရဲ့လက်ခံနိုင်စွမ်းနဲ့ပဲ ဆိုင်တယ်။ ကျနော်ကတော့ ကျနော်ဖန်တီးတဲ့ Music ကို ယုံကြည်တဲ့အတွက် ဒီအတိုင်းပဲ သွားနေမှာပဲ။
မေး။ ။ အနုပညာရှင်နဲ့ ဖျော်ဖြေရေးသမားဆိုတာရဲ့ ကွဲပြားတဲ့အပေါ် အမြင်လေး ပြောပြပါဦး။
ဖြေ။ ။ ဖျော်ဖြေရေးသမားကတော့ ကျနော်ကြားဖူးတာ လက်လည်း လက်ခံတယ်။ ထူးအိမ်သင်ပြောဖူးတာ ရှိတယ်။ အနုပညာရဲ့အနိမ့်ဆုံးအဆင့်က ဖျော်ဖြေရေး၊ အမြင့်ဆုံးက ဝါဒရေး ကိုယ်ဘယ်ထဲမှာဝင်လျှောက်မလဲဆိုတာ ဆုံးဖြတ်ပေါ့။ ကျနော်ကတော့ ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် မဇ္ဈိမ ပဋိပဋာ အလယ်အလတ် လမ်းစဉ်က အကောင်းဆုံးပဲ။ အရမ်းကြီး ဝါဒသီချင်းတွေလုပ်တာလည်း မကောင်းဘူး။
ဖျော်ဖြေရေး သီချင်းတွေပဲ လုပ်နေတာလည်း မကောင်းဘူး။ အဲ့လို ခံစားရတယ်။ တခါတလေကျရင်လည်း ပေါ့ပေါ့ပါးပါးလေး လုပ်သင့်ပါတယ်။ မလုပ်ရဘူးလို့ ကျနော် မပြောဘူး။ အတိုင်းအတာဆိုတာတော့ ရှိတယ်။ လူတွေကြားထဲမှာ ရေပန်းစားနေတဲ့ အကြောင်းအရာတွေကို သီချင်းလုပ်ဆိုနေတာတော့လည်း မဟုတ်သေးဘူး။ နိုင်ငံရေးအကြောင်းအရာတွေ ဘာတွေကို သီချင်းလုပ်နေတာလည်း မကောင်းဘူး။ အလယ်အလတ်ပဲ ကောင်းတယ်။ အဲ့လိုမျိုးတော့ ကျနော် ခံစားရတယ်။
မေး။ ။ တချို့ Artist တွေကို ပရိသတ်တွေ လက်ခံနိုင်မယ့် အားနည်းနေသေးတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ တကယ်လို့ ကိုယ်က အနုပညာရှင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရပ်တည်မယ်ဆိုရင်တော့ အရမ်းခေါင်းမာလို့တော့ မရဘူး။ ဒီနိုင်ငံမှာဆို ပိုများတယ်။ သီချင်းကို လက်ခံနိုင်တဲ့ လက်ခံနိုင်မှုအားက အရမ်းအားနည်းနေတဲ့ အနေအထားမှာ ကိုယ်က အရမ်းကို Artist ဖြစ်ပြမယ်။ ငါက Commercial လုံးဝ မလုပ်ဘူး။
ဒါတွေပဲ လုပ်ပြမယ်ဆိုရင် မတော်တာ မဟုတ်ဘူး၊ တော်တယ်။ ဒီနိုင်ငံက လက်ခံနိုင်တဲ့ အားနည်းနေသေးတော့ ဒါကိုလက်မခံပေးရင် ရပ်တည်လို့မရဘူး။ မာန်တော့ လျှော့ရမယ်။ Artist အရမ်းဖြစ်တာလည်း မကောင်းဘူး။ Commercial အရမ်းဖြစ်တာလည်း မကောင်းဘူး။
မေး။ ။ အဲ့တော့ ကိုယ်တိုင်ကရော ဘယ်လို ရပ်တည်သွားမလဲ။
ဖြေ။ ။ ကျနော့် စီနီယာတွေ လေးစားရတဲ့ အနုပညာရှင်တွေနဲ့လည်း အများကြီး စကားပြောဖြစ်တယ်။ သူတို့ဆီကလည်း အများကြီး သင်ယူရတယ်။ အလယ်အလတ်သွားတာ အကောင်းဆုံးပဲ။ စီးပွားရေးအရလည်း လုပ်လို့ရတယ်။ အနုပညာဆန်တာတွေလည်း လုပ်လို့ရတယ်။
ကျနော်ကတော့ ကျနော်နဲ့ ခင်တဲ့သူတွေကိုလည်း ပြောဖြစ်တယ်။ စီးပွားရေး မဆန်ဘူးဆိုရင် ရပ်တည်ဖို့ ခက်သွားလိမ့်မယ်။ နှမြောလို့ ပြောတာ။ ဆရာကြီးလုပ်တာ မဟုတ်ဘူး။ အကြံပေးချင်တာပါ။ ကျနော်လည်း အခုထိ ထိန်းထားရတုန်း။
မေး။ ။ ထပ်ပြီးတော့ ဖြည့်စွက် ပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ။ ။ ကျနော်ကတော့ ကျနော်ယုံကြည်တဲ့အတိုင်း၊ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း ကျနော် လျှောက်ချင်တဲ့လမ်းကို အမြဲတမ်း လျှောက်နေမှာ။ ကျနော့်ကို ယုံကြည်တဲ့သူတွေ ကျနော့် နောက်ကို လိုက်ခဲ့စေချင်တယ်။ ကြိုးစားနေပါမယ်။ ယုံကြည်နေပေးပါ။ ။
You may also like these stories:
“Now & Ever” ရုပ်ရှင်မှာ ဇာတ်ဝင်တေးကို သီဆိုခဲ့တဲ့ အဆိုတော် ရှိုင်း
The post အဆိုတော် ရှိုင်းနဲ့ တွေ့ဆုံခြင်း appeared first on ဧရာဝတီ.