Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

ခရစ်တော်ကို အမျိုးသမီးအဖြစ် ပုံဖော်ထားတဲ့ “Habit” ရုပ်ရှင် ဝေဖန်ခံရ

$
0
0

အမျိုးသမီးခရစ်တော်အဖြစ် အမေရိကန် မင်းသမီး Paris Jackson ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် အသစ်ဟာ ဘုရားသခင်ကို စော်ကားတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ခရစ်ယာန်ဘာသာဝင် ၂ သိန်းခွဲကျော်က လက်မှတ်ရေးထိုးပြီး ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။

အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ သမီး Paris ဟာ ဒါရိုက်တာ Janell Shirtcliff ရိုက်ကူးထားတဲ့ “Habit” ဆိုတဲ့ ရုပ်ရှင်မှာ ယေရှုဝင်စားတဲ့ မိန်းမလှလေး Bella Throne အဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ကြေညာခဲ့ပြီးဖြစ်ပါတယ်။

Gabriel Glenn နဲ့ လက်ရှိမှာ တွဲနေပြီး ဂေးအဖြစ် ဝန်ခံထားတဲ့ အဆိုတော်၊ မင်းသမီး Paris ဟာ “အမျိုးသမီးအချင်းချင်း ချစ်ကြိုက်သူ ယေရှု” အဖြစ် ပါဝင်မယ့်ကိစ္စအပေါ် ခရစ်ယာန်ဘာသာဝင်တွေက ဝေဖန်နေပြီး အဲ့ဒီရုပ်ရှင်ကို ဆက်လက် မထုတ်လုပ်ဖို့ Lionsgate နဲ့ Warner Bros. စတူဒီယိုတို့ထံ လက်မှတ်ရေးထိုး တောင်းဆိုထားကြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Change.org ဝက်ဘ်ဆိုက်မှာ လက်မှတ်ရေးထိုးတောင်းဆိုထားကြတဲ့ စာထဲမှာတော့ “ယေရှုကို အမျိုးသမီးအချင်းချင်း ချစ်ခင်သူတဦးအနေနဲ့ ပုံဖော်ထားပြီး ဘုရားသခင်ကို စော်ကားထားတဲ့ ဟောလိဝုဒ် ရုပ်ရှင်တခုဟာ မကြာခင် ထွက်လာတော့မှာပါ။ “Habit” ရုပ်ရှင်မှာ အမျိုးသမီးအချင်းချင်း ချစ်ခင်သူ ယေရှုအဖြစ် Paris Jackson က ပါဝင်သရုပ်ဆောင် ထားပါတယ်”လို့ ဖော်ပြထားပါတယ်။

ဖြန့်ချိသူတွေကတော့ အခုအထိ မရွေးချယ်ရသေးတာကြောင့် ဒီနေ့ခေတ်မှာ ပျံ့နှံ့နေတဲ့ ခရစ်ယာန်မုန်းတီးရေး အမှိုက်တွေဆီ လူတွေ ရောက်မသွားဖို့နဲ့ သတိထားကြဖို့ ဖြန့်ဝေကြမယ့် အကြောင်းလည်း ဖော်ပြထားပါတယ်။

လက်မှတ်ရေးထိုး တောင်းဆိုသူတွေကတော့ ယေရှုကို အမျိုးသမီးအချင်းချင်း ချစ်ခင်စုံမက်သူအဖြစ် ဖော်ပြထားတယ်လို့ ပြောဆိုနေကြပေမယ့် ဒီကိစ္စက ထုတ်လုပ်သူတွေရဲ့ တိုက်ရိုက်သက်ဆိုက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

မကြာသေးခင်တုန်းကလည်း အဲ့ဒီရုပ်ရှင်ဟာ ဘာသာရေးကို မလေးမစားပြုလုပ်တယ်ဆိုပြီး လက်မှတ်ပေါင်း ၆ သောင်း ကျော်အထိ တောင်းဆိုမှုကို စတင်စေခဲ့တဲ့ One Million Moms အဖွဲ့ရဲ့ ရှုတ်ချ ကန့်ကွက်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Ref: aceshowbiz

You may also like these stories:

ယေရှုခရစ်တော်ကို ဂေးအဖြစ် ပုံဖော်ထားတဲ့ Netflix ရုပ်ရှင် ဘရာဇီးမှာ ကန့်ကွက်ခံရ

ကျောင်းကပွဲမှာ ပရိသတ်တွေကို လက်ခလယ် ထောင်ပြခဲ့လို့ နာမည်ကြီးနေတဲ့ ကလေး

The post ခရစ်တော်ကို အမျိုးသမီးအဖြစ် ပုံဖော်ထားတဲ့ “Habit” ရုပ်ရှင် ဝေဖန်ခံရ appeared first on ဧရာဝတီ.


လူတွေ အလုပ်မလုပ်မှာစိုးလို့ ရိုက်ကွင်းမှာ ထိုင်ခုံမထားတဲ့ Christopher Nolan

$
0
0

မကြာသေးခင်တုန်းက မင်းသမီး Anne Hathaway က “Inception” နဲ့ “The Dark Knight” ရုပ်ရှင်တို့ရဲ့ ဒါရိုက်တာ Christopher Nolan ဟာ ရိုက်ကွင်းမှာ ထိုင်ခုံတွေကို ထားခွင့်မပြုတဲ့အကြောင်း ပြောဆိုခဲ့ပြီးတဲ့နောက် ဒါရိုက်တာရဲ့ ပြောခွင့်ရသူက အဲ့ဒီအကြောင်းကိစ္စနဲ့ ပတ်သက်လို့ ပြန်လည် ရှင်းပြခဲ့ပါတယ်။

ဇွန်လ ၂၉ ရက်နေ့တုန်းက Variety မီဒီယာကနေ တင်ဆက်တဲ့ Actors on Actors အစီအစဉ်မှာ မင်းသမီး Hathaway နဲ့ မင်းသား Hugh Jackman တို့ကြား ပြောဆိုတဲ့စကားကနေ အဲ့ဒီကိစ္စ စလာခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ Nolan က ထိုင်ခုံတွေ မထားတဲ့ကိစ္စအပေါ် လူတော်တော်များများက ဆိုရှယ်မီဒီယာမှာ ပြောဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့လည်း အွန်လိုင်းပေါ်မှာ အပြောင်အပျက် ဖော်ပြကြတဲ့ ရုပ်ပုံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ မင်းသမီး Hathaway က “ဒါရိုက်တာကြီး Nolan ဟာ ထိုင်ခုံတွေ ထားခွင့်မပြုပါဘူး။ အကြောင်းကတော့ ထိုင်ခုံတွေ ရှိနေရင် လူတွေက ထိုင်မယ်။ ထိုင်ပြီးရင် အလုပ်မလုပ်တော့လို့ပါ” လို့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

မင်းသမီးက “ကျမ ပြောချင်တာက သူဟာ နယ်ပယ်၊ ရည်မှန်းချက်၊ နည်းပညာစွမ်းအားနဲ့ စိတ်ခံစားချက်ပိုင်းတွေမှာ ထူးခြားတဲ့ ရုပ်ရှင်တွေကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒါတွေကြောင့် ခန့်မှန်းထားသလောက်အချိန်နဲ့ ဘတ်ဂျက် သိပ်မကုန်ပါဘူး။ သူဟာ ထိုင်ခုံနဲ့ပတ်သက်လို့တော့ သူက အလေးထားတယ် ထင်ပါတယ်” လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒါရိုက်တာ Nolan ရဲ့ ပြောခွင့်ရသူ Kelly Bush Novak က ဒါရိုက်တာကြီးဟာ ထိုင်ခုံတွေ ထားရှိမှုကို ဆန့်ကျင်တဲ့သူတော့ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ သူက “မှတ်တမ်းအရဆိုရင် ရိုက်ကွင်းမှာ ဆဲလ်ဖုန်း မသုံးဖို့ ကန့်သတ်ထားတဲ့အချက်ကတော့ မအောင်မြင်ခဲ့ပါဘူး။ ဆေးလိပ်မသောက်ဖို့ ကန့်သတ်ချက်ကတော့ အောင်မြင်ခဲ့ပါတယ်” လို့ Indie Wire မီဒီယာကို ပြောဆိုခဲ့ပါတယ်။

ပြောခွင့်ရသူ Kelly ရဲ့အဆိုအရ မင်းသမီး Hathaway ရည်ညွှန်းတဲ့ ထိုင်ခုံတွေဆိုတာ ဗီဒီယို မော်နီတာ ဘေးနားမှာ ရှိတဲ့ ဒါရိုက်တာတွေရဲ့ ထိုင်ခုံကို ဆိုလိုတာဖြစ်တယ်လို့ သိရပါတယ်။

Kelly က “သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေဟာ သူတို့ ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို ထိုင်နိုင်ပါတယ်” လို့ ဆိုပါတယ်။ ဒါရိုက်တာ Nolan ရဲ့ နောက်ထပ် ထွက်လာမယ့် “Tenet” ရုပ်ရှင်ကိုတော့ COVID-19 ကပ်ရောဂါကြောင့် သြဂုတ်လအထိ ရုံတင်ရက်ကို ရွှေ့ဆိုင်းထားပါတယ်။

Ref: cnalifestyle

You may also like these stories:

ခရစ်တော်ကို အမျိုးသမီးအဖြစ် ပုံဖော်ထားတဲ့ “Habit” ရုပ်ရှင် ဝေဖန်ခံရ

ပိုက်ဆံ မရင်းနှီးနိုင်လို့ Music Video မထွက်ခဲ့တာလို့ ဥက္ကာမင်းမောင် ပြော

အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ မြန်မာ Sexy Model များ

The post လူတွေ အလုပ်မလုပ်မှာစိုးလို့ ရိုက်ကွင်းမှာ ထိုင်ခုံမထားတဲ့ Christopher Nolan appeared first on ဧရာဝတီ.

အကျဉ်းကျနေစဉ် ကူညီသူများအား ကျေးဇူးတင်စကားပြောတဲ့ မေသန်းနု

$
0
0

ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၁ နှစ် ကျခံခဲ့ရတဲ့ သရုပ်ဆောင် မေသန်းနုကတော့ ဇူလိုင်လ ၁ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

အခုလို ပြန်လွတ်မြောက်လာတဲ့ အချိန်မှာတော့ မေသန်းနုက သူ့ရဲ့ပရိသတ်များ၊ ကူညီခဲ့သူများနဲ့ အကျဉ်းထောင်အတွင်း ကူညီဖေးမခဲ့သူများကို ကျေးဇူးတင်စကား ဆိုထားပါတယ်။

“ပရိသတ်ကြီးနဲ့ ခေတ္တခဏ ဝေးကွာသွားတဲ့အတွက် မဆင့် အနူးအညွှတ် တောင်းပန်ပါတယ်။ အမှားအယွင်း ရှိရင်လည်း ခွင့်လွှတ်ပါ။ မဆင့် ဖြတ်သန်းလာတဲ့ တလျှောက်မှာ အမှားအယွင်းတွေ ရှိခဲ့ရင်လည်း ထပ်ပြီး တောင်းပန်ပါတယ်”

“ပြီးတော့ မဆင့် အကျဉ်းကျနေတဲ့အချိန်မှာ မေတ္တာ၊ စေတနာရှေ့ထားပြီးတော့ ကူညီတဲ့သူတွေ၊ နှုတ်၏ ဆောင်မခြင်း၊ ကိုယ်၏ ဆောင်မခြင်းနဲ့ အားပေးတဲ့သူတွေ၊ ပြီးတော့ ချစ်ခြင်းမေတ္တာ အပြည့်နဲ့ မဆင့်ရဲ့ပရိသတ်တွေ၊ အားပေးတဲ့သူတွေ အားလုံးကို အထူးကျေးဇူးတင်ပါတယ်”လို့ မေသန်းနုက ဆိုပါတယ်။

ဆက်လက်ပြီး “မဆင့် အကျဉ်းထောင်ထဲမှာ အကျဉ်းဦးစီးမှုနဲ့ မိသားစု၊ ညီမတွေ၊ ဆရာမတွေ၊ အားလုံး အတူတူ အကျဉ်းကျနေတဲ့ ညီအစ်မတွေ အားလုံး အထူးကျေးဇူးတင်ပါတယ်။ မဆင့်ကို အားလုံးစောင့်ရှောက်ကြတာလေ။ မဆင့် ရင်ထဲ အသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” လို့ မေသန်းနုက ပြောပါတယ်။

ထောင်ဒဏ် ၁ နှစ် ကျခံရပေမယ့် နိုင်ငံတော်က ပေးတဲ့ လျှော့ရက်များ၊ ထောင်ရဲ့စည်းကမ်းများအရ လျှော့ရက်များကြောင့် ၆ လပဲ အပြစ်ဒဏ်ခံယူပြီး လွတ်မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

“အပြစ်ပေးထားတာက ၁ နှစ်၊ ထောင်ရဲ့စည်းကမ်းအရ လျှော့တွက်တွေ ရှိတယ်။ အဲဒါက ရက် ၃၀ ရတာပေါ့။ ပြီးတော့ သင်္ကြန်တုန်းက နိုင်ငံတော်ကပေးတာမှာ ရက်အချို့ ရတယ်။ အဲဒါတွေ ပေါင်းပြီး ၆ လ ရတယ်။ ဒါကြောင့် ၆ လနဲ့ ထွက်ခဲ့ရတယ်” လို့ မေသန်းနုက ပြောပါတယ်။

ပြန်လည် လွတ်မြောက်လာပြီး နောက်ပိုင်းမှာတော့ အသက်အရွယ်အရ ကိုယ်တိုင် အနုပညာလုပ်ဖို့ထက် သားဖြစ်သူရဲ့ အနုပညာခရီးမှာ အကောင်းဆုံးကူညီပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။

“မဆင့်ဘဝ အသစ်တခုကို လျှောက်မယ့် ကာလမှာ သားလေးရဲ့အနုပညာခရီးမှာ မဆင့် အမေတယောက်အနေနဲ့ အကောင်းဆုံး ကူညီပံ့ပိုးပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ပရိသတ်ကြီးအားလုံးစိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ” လို့ မေသန်းနုက ပြောပါတယ်။

သရုပ်ဆောင် မေသန်းနုကိုတော့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ရဲ့ တရားစွဲဆိုမှုဖြင့် ရန်ကင်းမြို့နယ်၊ တရားရုံးမှ ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ မြန်မာ Sexy Model များ

“ဂျီဟောသူမှာ ညိုထွေးဖြစ်ရင်ပဲ ကျေနပ်ပြီ”လို့ မေမီကိုကို ပြော

ခရစ်တော်ကို အမျိုးသမီးအဖြစ် ပုံဖော်ထားတဲ့ “Habit” ရုပ်ရှင် ဝေဖန်ခံရ

The post အကျဉ်းကျနေစဉ် ကူညီသူများအား ကျေးဇူးတင်စကားပြောတဲ့ မေသန်းနု appeared first on ဧရာဝတီ.

“လူပျို” သီချင်းနဲ့ ပတ်သက်ပြီး အဆိုတော် မနော ပြန်တောင်းပန်

$
0
0

အဆိုတော် မနော သီဆိုကာ သူပါဝင် သရုပ်ဆောင်ထားတဲ့ “လူပျို” သီချင်း Music Video မှာ ပါဝင်တဲ့ သရုပ်ဆောင်မှုတွေဟာ ရတနာပုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းစေတဲ့အပြင် ထိပါးနှောင့်ယှက်တဲ့ သဘောမျိုးများ သက်ရောက်စေတဲ့အတွက် ကျောင်းသား၊ ကျောင်းသူများက ပြန်လည် တောင်းပန်စေရန် ပြောဆိုမှုများ ရှိခဲ့တာကြောင့် အဆိုတော် မနောက ဒီကနေ့၊ ဇူလိုင်လ ၂ ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြန်တောင်းပန်ထားပါတယ်။

“လူပျို သီချင်း Music Video နဲ့ ပတ်သက်ပြီး ကျနော် တောင်းပန်ပါ့မယ် ခင်ဗျာ။ အခုလို လမ်းအမှန်ကို ထောက်ပြပေးတဲ့ ညီလေး၊ ညီမလေးများကို ကျေးဇူးတင်ပါတယ်။ ဒီလူပျိုသီချင်းလေးဟာ ကြည့်ရှုသူများ ပျော်ရွှင်စေချင် ရယ်မောစေချင်တဲ့ ဆန္ဒတခုတည်းနဲ့သာ ပုံဖော် ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက် နစ်နာစေအောင် ရည်ရွယ်ပြီး မပြုလုပ်ခဲ့ပါ”

“ရတနာပုံ တက္ကသိုလ်ကြီးနဲ့ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အားလုံး ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့ရင် အနူးအညွတ် တောင်းပန်အပ်ပါတယ်”လို့ အဆိုတော် မနောက ပြောထားပါတယ်။

အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ရတနာပုံ ကျောင်းသားသမဂ္ဂက ဇူလိုင်လ ၁ ရက်နေ့မှ တပတ်အတွင်း မတောင်းပန်ပါက ဥပဒေအရ လုပ်ဆောင်သွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အဆိုတော် မနောကတော့ ရည်ရွယ်ချက် ၄ ချက်နဲ့ တောင်းပန်ထားတာ ဖြစ်ပါတယ်။

သူဟာ အနုပညာအလုပ် လုပ်တဲ့သူ၊ ထင်ပေါ်ကျော်ကြားသူ ဖြစ်တဲ့အတွက် လူငယ်လူရွယ်များ အမြင်မမှားစေချင်တဲ့ဆန္ဒ၊ ကိုးကွယ်ဆည်းကပ်တဲ့ ဆရာတော်များ၊ ဆရာ၊ ဆရာမများ၊ မိတ်ဆွေများရဲ့ လေးစားတန်ဖိုးထားခြင်း၊ ဆုံးမသွန်သင်မှု ညံ့တယ်ဆိုပြီး အထိခိုက် မခံလိုခြင်း၊ တေးချစ်သူများ စိတ်သောက မရောက်စေချင်ဘဲ ပြန်လည် ဆဲဆိုတဲ့အခါ အကုသိုလ် မဖြစ်စေလိုခြင်း၊ မိသားစုနဲ့အတူ ဖြတ်သန်းရင်း ဘဝကိုအေးချမ်းစွာဖြတ်သန်းရမှာဖြစ်တာကြောင့် တောင်းပန်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဒါကြောင့် ကျနော့်ရဲ့အမှားကို ပြုပြင်ပေးတဲ့ ညီလေး၊ ညီမလေးများ ကျေနပ်သည်အထိ တောင်းပန်ပါ့မယ်။ ဒီကျနော့်ရဲ့ Manaaw Page မှ တောင်းပန်တာ အားရကျေနပ်မှု မရှိသေးရင် ကိုယ်တိုင် လာရောက် တောင်းပန်ဆိုလည်း ကျနော် တောင်းပန်ပါ့မယ်။ အားလုံး သာယာ ချမ်းမြေ့ပါစေ” လို့ မနောက ဆိုထားပါတယ်။

အဆိုတော် မနောရဲ့ “လူပျို” သီချင်း

အဆိုတော် မနောကတော့ “လူပျို” သီချင်းကို လွန်ခဲ့တဲ့ ၅ ရက်ခန့်က သူ့ရဲ့ Facebook Page မှာ တင်ပေးထားတာဖြစ်ပြီး အဲဒီ သီချင်းမှာတော့ အဆိုတော် မနောနဲ့ အတူ သရုပ်ဆောင် အိချောပို၊ ချစ်စု၊ ဘုန်းထက်နဲ့ Joker (57) တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

You may also like these stories:

အကျဉ်းကျနေစဉ် ကူညီသူများအား ကျေးဇူးတင်စကားပြောတဲ့ မေသန်းနု

လူတွေ အလုပ်မလုပ်မှာစိုးလို့ ရိုက်ကွင်းမှာ ထိုင်ခုံမထားတဲ့ Christopher Nolan

ဂျပန်မှာ Tokyo Disneyland ပြန်ဖွင့်ပြီ

The post “လူပျို” သီချင်းနဲ့ ပတ်သက်ပြီး အဆိုတော် မနော ပြန်တောင်းပန် appeared first on ဧရာဝတီ.

Mask မတပ်ဘဲ ကာရာအိုကေဆိုင် သွားတဲ့ Lee Hyori နဲ့ Yoona ဝေဖန်ခံရ

$
0
0

နာမည်ကျော် ကိုရီးယားအဆိုတော် Lee Hyori နဲ့ Girls’ Generation အဖွဲ့ဝင် Yoona တို့ဟာ ကိုဗစ်ကာလမှာ Mask မတပ်ဘဲ ကာရာအိုကေဆိုင်ကို သွားခဲ့တာကြောင့် ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်၊ ညပိုင်းမှာ Lee Hyori ဟာ သူ့ရဲ့ Instagram ကနေ တိုက်ရိုက်ထုတ်လွှင့်မှုတခုကို ပြုလုပ်ခဲ့ပြီး Mask မတပ်ဘဲ ကာရာအိုကေဆိုင်မှာ ရောက်ရှိနေတာကို အဲ့ဒီ Live မှာ မြင်တွေ့ခဲ့ရပါတယ်။

အဲ့ဒီ Live ထုတ်လွှင့်မှုမှာ အဆိုတော် Lee က “Yoona နဲ့ အရက်သောက်ပြီးတဲ့နောက် ကာရာအိုကေဆိုင်ကို သွားခဲ့ပါတယ်။ Apgujeong မှာရှိတဲ့ ကာရာအိုကေဆိုင်တခု ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီ ကာရာအိုကေဆိုင်မှာ သူတို့ နှစ်ဦးနဲ့အတူ ရှိနေတဲ့ အမျိုးသားက တကယ်လို့ SM Entertainment က ဒီလိုနေရာမှာရှိတယ် ဆိုတာကို သိသွားပြီး ဖုန်းခေါ်လာရင် ဘယ်လိုလုပ်ကြမလဲလို့ မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအခါမှာ Yoona က “အဆင်ပြေပါတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။

“Hyori’s Homestay” အစီအစဉ်မှာ သူတို့နှစ်ဦး ပါဝင်ခဲ့ပြီးတဲ့အနောက် အခုလိုမျိုး အတူတူ ပြန်လည်မြင်တွေ့ ကြရတဲ့အတွက် သောင်းနဲ့ချီတဲ့ ပရိသတ်တွေက ပျော်ရွှင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုလိုမျိုး သူတို့နှစ်ဦးဟာ Mask ဝတ်ဆင်ထားခဲ့ခြင်း မရှိခဲ့တာကို မြင်တွေ့ခဲ့ရတဲ့ ကိုရီးယား ပရိသတ်တချို့က စိတ်မသက်မသာ ဖြစ်ခဲ့ကြပါတယ်။

အဲ့ဒီလို မှတ်ချက်စကားတွေကို မြင်တွေ့ခဲ့ပြီးတဲ့နောက် Lee Hyori ဟာ Mask တပ်ခဲ့သလို Yoona ကလည်း ကာရာအိုကေဆိုင်ကို လာတဲ့အချိန်တုန်းက Mask တပ်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အင်တာနက် အသုံးပြုသူအချို့ကို စိတ်ကျေနပ်မှု မရရှိစေခဲ့ပါဘူး။ အထူးသဖြင့် ကိုရီးယားမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ် ကန့်သတ်ဖို့နဲ့ ရောဂါ ကူးစက်ခံရသူတွေကို ကုသဖို့အတွက် အလုပ်ကြိုးစားနေကြတဲ့ ဆေးဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောထားတဲ့ Thanks Challenge မှာ Lee Hyori နဲ့ Yoona တို့ ပါဝင်ကြတယ်ဆိုတဲ့ အချက်က ထောက်ပြစရာဖြစ်နေပါတယ်။

အခုလက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တနေ့ကို ပျှမ်းမျှ ၄၅ ဦးလောက် တွေ့ရှိနေရတာကြောင့် အစိုးရက လူအချင်းချင်း ခပ်ခွာခွာနေဖို့၊ လူထုဆက်သွယ်ပို့ဆောင်ရေးကို အသုံးပြုတဲ့အခါ Mask တပ်ဖို့၊ ပြန်ဖွင့်လိုက်ပြီဖြစ်တဲ့ စားသောက်ဆိုင်နဲ့ ဘားတွေရဲ့ အဝင်အဝမှာ လာရောက်ကြသူတွေရဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်တွေ ချန်ထားခဲ့ဖို့ စတဲ့ လုပ်ဆောင်မှုတွေကို ချမှတ်ထားပါတယ်။

အခုလိုမျိုး ကိုဗစ်ကာလမှာ မလျော်မကန်ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်အတွက် Lee Hyori နဲ့ Yoona တို့လည်း သီးခြားစီ စာထုတ်ပြီး တောင်းပန်ခဲ့ပါတယ်။

Ref: koreaboo

The post Mask မတပ်ဘဲ ကာရာအိုကေဆိုင် သွားတဲ့ Lee Hyori နဲ့ Yoona ဝေဖန်ခံရ appeared first on ဧရာဝတီ.

“ရုပ်ရှင်သမားတွေ အလုပ်နိမ့်ပါးသွားပေမယ့် စိတ်ဓာတ် နိမ့်ပါး မသွားဘူး”

$
0
0

ရုပ်ရှင်သမားများဟာ စီးပွားရေးအခြေအနေအရ အလုပ်တွေသာ နိမ့်ပါးသွားရပေမယ့် စိတ်ဓာတ်တွေက နိမ့်ပါးမသွားဘူးလို့ ကိုယ်တိုင် တက္ကစီမောင်းနေတဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုးက ပြောပါတယ်။

“လူတွေက အလုပ်တွေသာ နိမ့်ပါးသွားရပေမယ့် စိတ်ဓာတ်တွေက နိမ့်ပါးမသွားဘူး။ ကျနော်တို့ ရုပ်ရှင်သမားတွေက မယုံရင် တယောက်ချင်းစီကို အပြင်မှာတွေ့ပြီးတော့ စကားပြောကြည့်လိုက်၊ အဲ့ရုပ်ရှင်သမားက သဘောမကောင်းဘူးဆို ကြိုက်တာ လုပ်လိုက်။ တာဝန် ယူရဲတယ်။ စိတ်ဓာတ်က အတူတူပဲ”

“ကျနော်တို့ ရုပ်ရှင်သမားတွေက ပိုပြီးတော့တောင်မှ အပြင်လူတွေကို သဘောထားကြီးပေးရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ရဲ့ ထမင်းရှင်ဆိုတာကို ရာသက်ပန် သံမှို စွဲသလိုကို အသိ ရိုက်ထည့်ထားရတာ။ ပရိသတ်အမုန်းကို မလိုချင်ဘူး။ အချစ်ကိုပဲ လိုချင်တာ” လို့ လူကြမ်းသရုပ်ဆောင် အောင်တိုးက ပြောပါတယ်။

အနုပညာရှင်တွေ ဈေးရောင်းတယ်ဆိုတာကလည်း စီးပွားဖြစ် ချမ်းသာချင်လို့ မဟုတ်ကြဘဲ အဆင်မပြေလို့ ထလုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အဆင်မပြေလို့ ဈေးရောင်းစားတာလေ။ ဘာဖြစ်တုန်း။ သူတို့ ဈေးရောင်းလို့ ကိုယ်တွေက မရောင်းရတော့ဘူးတဲ့လား။ သမုဒ္ဒရာရေကို ဘယ်လို သောက်လို့ ကုန်မှာလဲ။ ဒီတယောက် ကန်စွန်းရွက် ရောင်းနေလို့ ကန်စွန်းရွက်သည်တွေ အရောင်း အ,သွားတာမှ မဟုတ်တာ”

“အနုပညာသည်တွေ ဈေးရောင်းတယ်ဆိုတာ ချမ်းသာချင်လို့ စီးပွားဖြစ်ချင်လို့မှ မဟုတ်တာ။ တချို့ကျတော့လည်း အပျော်လေး ထလုပ်တာ။ တချို့ကျတော့လည်း အလှူလုပ်ချင်လို့ ထလုပ်တာ။ တချို့ကျတော့လည်း တကယ် အဆင်မပြေလို့ ထလုပ်တာ။ အဆင်မပြေလို့ဈေးရောင်းပါတယ်ဆိုမှ နည်းနည်းလေး ဖေးမပေးပေါ့ဗျာ။ ဒါကို အပြစ်ပြောချင်သေးတယ် ဆိုတာက ရှိသေးတယ်” လို့ အောင်တိုးက ပြောပါတယ်။

ရုပ်ရှင်သမားဆိုတာဟာလည်း ပုထုဇဉ်လူသားတွေပဲဖြစ်တဲ့အတွက် ပြောမှားဆိုမှားတွေလည်း ပါကောင်းပါနိုင်တာကြောင့် ကိုယ်ချစ်တဲ့ အနုပညာရှင်ဖြစ်တဲ့အတွက် နားလည်ပေးကြပါလို့ ဆိုပါတယ်။

“ကျနော်တို့ ရုပ်ရှင်သမားဆိုတာလည်း ပုထုဇဉ်လူသားတွေပဲလေ။ သိကြားမင်းမှ မဟုတ်တာ။ နတ်တွေမှ မဟုတ်တာ။ လူတွေဆိုတော့လည်း ပြောမှားဆိုမှားလည်း ပါကောင်းပါသွားမှာပေါ့။ ကိုယ်ချစ်တဲ့အနုပညာရှင်ပဲ နားလည်ပေးလိုက်ပေါ့။ တချို့ကျတော့လည်း တလွဲ လုပ်ပြတာတွေ ရှိတယ်။ ကိုယ့်စိတ်ထဲမှာ တလွဲလို့ ထင်ရင် တလွဲလို့ပဲ မြင်လိုက်ပေါ့”

“အဲဒါကို တက်ရေးရင် ကျန်တဲ့သူတွေပါ ဘာမှန်း မသိဘဲနဲ့ ထရေးရင် ဒီလူက သက်သက်မဲ့ နစ်မွန်းခံရတာပေါ့။ ကျနော်တို့က ကိုယ့်လောကသားအချင်းချင်းကို သစ္စာရှိရမယ်။ မှားတာ မှန်တာ နောက်ထား၊ လောလောဆယ် တိုက်ခိုက်တာတော့ လက်မခံဘူး။ မတိုက်ခိုက်ကြပါနဲ့” လို့ အောင်တိုးက ပြောပါတယ်။

လူကြမ်းသရုပ်ဆောင် အောင်တိုးကတော့ ယခင်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာမှာ လူကြမ်းအနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ကိုလူချော အဖွဲ့ဝင်တဦးဖြစ်ပြီး လက်ရှိမှာတော့ ကားရိုက် မရှိတဲ့ အချိန်များမှာ တက္ကစီမောင်းနေတာ ၁ နှစ်ကျော်ခန့်ရှိပြီလို့ သိရပါတယ်။

You may also like these stories:

အကျဉ်းကျနေစဉ် ကူညီသူများအား ကျေးဇူးတင်စကားပြောတဲ့ မေသန်းနု

“ဂျီဟောသူမှာ ညိုထွေးဖြစ်ရင်ပဲ ကျေနပ်ပြီ”လို့ မေမီကိုကို ပြော

နာမည်တူ ရှိနေတဲ့အပေါ် ခံစားချက် ပြောပြတဲ့ ဘိုမ

The post “ရုပ်ရှင်သမားတွေ အလုပ်နိမ့်ပါးသွားပေမယ့် စိတ်ဓာတ် နိမ့်ပါး မသွားဘူး” appeared first on ဧရာဝတီ.

သွေးရည်ကြည် လှူဒါန်းနေတဲ့ မင်းသား Tom Hanks

$
0
0

မင်းသားကြီး Tom Hanks နဲ့ ဇနီး Rita Wilson တို့ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက သြစတြေးလျနိုင်ငံကို ရောက်ရှိနေစဉ်မှာ COVID-19 ကူးစက်ခံခဲ့ရကြောင်း စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီနောက် မင်းသားကြီးဟာ ပြန်လည် သက်သာလာခဲ့ပြီး ဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူတွေကို ကူညီဖို့ သွေးရည်ကြည် လှူဒါန်းခဲ့ပါတယ်။

အခုအထိလည်း မင်းသားဟာ သွေးရည်ကြည် လှူဒါန်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ မင်းသားကြီးဟာ ဒုတိယကမ္ဘာစစ်ကို အခြေခံတဲ့ “Greyhound” ရုပ်ရှင်ကို ဖြန့်ချိဖို့ ပြင်ဆင်နေပါတယ်။

မင်းသား Tom Hanks တို့ ဇနီးမောင်နှံ နှစ်ဦးလုံးဟာ အခုလောလောဆယ်မှာ ကျန်းမာရေး အခြေအနေကောင်းမွန်ကြပြီး မကြာခင် ရိုက်ကူးမယ့် ရုပ်ရှင်တွေအတွက်လည်း ပြင်ဆင်နေကြပါတယ်။ လက်ရှိမှာ မင်းသားကြီးဟာ ဘွဲ့ရ မောင်မယ်တွေအတွက် မှတ်ချက် ပြောဆိုတာတွေ အသံသွင်းနေပြီး “Saturday Night Live” အစီအစဉ်မှာလည်း ပါဝင်နေပါတယ်။

မင်းသားကြီးတို့စုံတွဲက သြစတြေးလျနိုင်ငံကနေ မထွက်ခွာခင်မှာ မင်းသားကြီးဟာ Elvis Presley ရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်အတွက် အလုပ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီရုပ်ရှင် ရိုက်ကူးမှုလုပ်ငန်းတွေကို သြစတြေးလျနိုင်ငံ၊ Gold Coast မှာရှိတဲ့ Village Roadshow Studios မှာ ဆက်လက် ပြုလုပ်မယ်လို့ သိရပါတယ်။

မင်းသားကြီးဟာ အမေရိကန်နိုင်ငံတဝန်းမှာ COVID-19 ရောဂါပျံ့နှံ့မှုတွေ ဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် Mask တပ်ကြဖို့ ပြည်သူတွေကို တိုက်တွန်းပြောဆိုနေပါတယ်။

မင်းသားကြီးက “မနက်ဖြန်ကို မြင်ရဖို့အတွက် ကျနော်တို့ လုပ်နိုင်တဲ့ အရာ ၃ ခုရှိပါတယ်။ Mask တပ်ပါ။ လူအချင်းချင်း ခပ်ခွာခွာနေပါ။ လက်ဆေးပါ။ အဲ့ဒီအရာတွေက အရမ်းရိုးရှင်းပါတယ်။ လွယ်ကူးပါတယ်။ တကယ်လို့ အဲ့ဒီ အခြေခံအချက်လေးတွေကိုတောင် လေ့ကျင့်နိုင်ခြင်း မရှိတဲ့သူတွေအတွက်တော့ ရှက်မိပါတယ်” လို့ “Greyhound” ရုပ်ရှင် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မင်းသားကြီးဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တိုက်ဖျက်ရေးမှာ ပါဝင်နေသလို တဖက်မှာလည်း ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းနေချိန်မှာ ရိုက်ကူးနေဆဲ ရုပ်ရှင်အတွက် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဒါ့အပြင် Quarantine ကာလမှာ ဇနီးဖြစ်သူနဲ့ အတူ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အော်စကာဆု နှစ်ကြိမ်ရ စာရေးဆရာ ရေးသားထားတဲ့ စစ်ပွဲနောက်ခံ “Greyhound” ရုပ်ရှင်ကို Apple TV+ ကနေ ဇူလိုင်လ ၁၀ ရက်နေ့ကစလို့ ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။

Ref: etcanada

You. may also like these stories:

ဘော့စ်ဝါးနားနိုင်ငံမှာ ဆင် ၃၅၀ ကျော် ထူးဆန်းစွာ သေဆုံး

ဘန်ကောက်မှာ စည်းမျဉ်းသစ်နဲ့ နိုက်ကလပ်တွေ ပြန်ဖွင့်ပြီ

ဂျပန်မှာ Tokyo Disneyland ပြန်ဖွင့်ပြီ

The post သွေးရည်ကြည် လှူဒါန်းနေတဲ့ မင်းသား Tom Hanks appeared first on ဧရာဝတီ.

“မိသားစုကို ပြောတာ စိတ်မကောင်းဖြစ်မိတယ်”လို့ နန်းမွေစံ ပြော

$
0
0

Sexy မော်ဒယ် နန်းမွေစံက အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ကြောင့် သူ့ကို ပြောခံရတာ ခံနိုင်ပေမယ့် မိသားစုကို ပြောတာကိုတော့ စိတ်မကောင်းဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အွန်လိုင်းမှာ တက်နေတဲ့  ဗီဒီယိုက မွေစံ တင်တာ မဟုတ်ဘူး။ မွေစံ့ အနေနဲ့ အဲ့လို တင်စရာ အကြောင်းလည်း မရှိဘူး။ မွေစံရဲ့ ဗီဒီယိုကို Fan တယောက်က တင်လိုက်တာပါ။ Porn hub Gmail အကောင့်ကလည်း မွေစံ့အကောင့် မဟုတ်ဘူး။ မွေစံ့ဘာသာ ဖုန်းထောင်ပြီး ရိုက်လိုက်တယ်။ ရောင်းစားရအောင်လည်း မွေစံ့ အနေအထားက ပိုက်ဆံလည်း မလိုအပ်ဘူး”

“နဂိုကတည်းကလည်း ပိုက်ဆံ မမက်ဘူး ပြောပြီးသား၊ ဝါသနာပါလို့ ဒီအလုပ်လုပ်နေတာ။ ရိုက်ထားတုန်းက အရင်က ပြတ်သွားတဲ့ မွေစံ့ရဲ့ Ex (ရည်းစားဟောင်း) အတွက် လွန်ခဲ့တဲ့ တနှစ်က သူ့အတွက် ရိုက်လိုက်တာ။ သူ့ကို မွေးနေ့ လက်ဆောင်ဆိုပြီး ပေးလိုက်တာ”လို့ နန်းမွေစံက ပြောပါတယ်။

ဆက်လက်ပြီး နန်းမွေစံက ဒီဗီဒီယိုကို ကိုယ်တိုင် တင်တာ မဟုတ်ဘဲ ဟက်ကာ တယောက်ယောက် တင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“အဲ့ဗီဒီယိုက မွေစံ့ ဖုန်းထဲ ရှိနေတယ်။ မွေစံလည်း သေချာတော့ မသိဘူး။ ဟက်ကာ ရသွားတာလည်း ဖြစ်နိုင်တယ်။ ဘယ်သူ တင်လိုက်လဲတော့ မသိဘူး။ ကိုယ်တိုင်တော့ မတင်ဘူး။ ကိုယ့်ကို ပြောခံရတာ တော်သေးတယ်။ ကိုယ့်မိသားစုကို ပြောရင် စိတ်မကောင်းဖြစ်တယ်။ သူတို့က ဆရာဝန် တယောက် ဖြစ်အောင် သင်ကြားပေးတယ်။ အဲ့လို အပြောခံရတော့ စိတ်မကောင်းဘူး”


“မွေစံ့ကို ကြိုက်သလို ပြောလို့ရတယ်။ မွေစံတင်တာ မဟုတ်တာကြောင့် မွေစံ့ကိုလည်း အထင်မလွဲကြ ပါနဲ့” လို့ နန်းမွေစံက ပြောပါတယ်။

အဆိုပါ ဟက်ကာကတော့ နန်းမွေစံရဲ့ Hard core Fan (အမာခံ ပရိသတ်) တဦးဖြစ်ပြီး ပိုက်ဆံ လိုချင်လို့ hack တာ မဟုတ်ဘဲ လူကိုလိုချင်လို့ hack တာလို့လည်း ဆိုပါတယ်။

“ဟက်ကာက မွေစံရဲ့ Hardcore Fan ဖြစ်နေတယ်။ သူက လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ပို့ထားနဲ့ Chat history တွေ အများကြီးပဲ။ တခုမှ မကြည့်ဘူး။ နောက်ဆုံး မွေစံရဲ့ အကောင့်ကို ဟက်လိုက်တယ်။ ဟက်တာလည်း မသိသေးဘူး။ နောက်တော့ မှတ်ပုံတင်နဲ့ Password လာပြတော့ သေချာတယ်။ သူ့ဟက်သွားပြီပေါ့။ နင်ပိုက်ဆံလိုချင်တာလား မေးတော့ မဟုတ်ဘူး။ လူလိုချင်တာတဲ့”

“ကြိုက်တယ်ဆိုလည်း Public area မှာ လာတွေ့လို့ ပြောတယ်။ မတွေ့ချင်ဘူး။ နှစယောက်တည်းပဲ တွေ့ချင်တယ်။ သူနဲ့လာတွေ့ရင် ဒီ Data တွေကို ဘာမှမလုပ်ဘူး။ လာမတွေ့ရင် လုပ်မယ် ပြောတယ်။ မွေစံ့အထင် အခု ဗီဒီယိုကို သူလုပ်တာပဲ ဖြစ်ဖို့များတယ်”လို့ နန်းမွေစံက ပြောပါတယ်။

Porn Video ရိုက်ဖို့ ကမ်းလှမ်းလာတာရှိပေမယ့် ငဲ့ညှာရမယ့် သူတွေရှိတာကြောင့် မရိုက်ဖြစ်သေးဘူးလို့ နန်းမွေစံက ဆိုပါတယ်။

“အဲ့လိုရိုက်ဖို့ ကမ်းလှမ်းလာတာရှိတယ်။ အမေရိကန်က ရှိတယ်။ အိန္ဒိယက ရှိတယ်။ တခြားနိုင်ငံကလည်း ရှိတယ်။ မွေစံ့ကို သေချာချာ ရိုက်ဖို့ဆိုပြီး လာကမ်းလှမ်းတယ်။ လေယာဉ် စရိတ်တွေ၊ သရုပ်ဆောင်ခတွေကအစ ပေးမယ်လို့ အကုန်ကမ်းလှမ်းထားတယ်။ ဒါပေမဲ့ မွေစံသာ သိပ်ထောက်ထားစရာ မရှိရင်တော့ လုပ်ဖြစ်မလား မပြောတတ်ဘူး။ ဒါပေမဲ့ အခုလက်ရှိမှာတော့ လုပ်ဖို့ အနေအထား မရှိသေးပါဘူး”

“မြန်မာနိုင်ငံမှာ နေထိုင်နေတာရယ်၊ ဆက်လုပ်ရမယ့် အရာတွေလည်း ရှိသေးတယ်။ လုပ်လိုက်ရင် အင်တာနေရှင်နယ်ထိ ထိုးဖောက်သွားမှာ။ မွေစံ့မှာ ငဲ့ရမယ့်သူတွေ၊ ထောက်ထားစရာတွေ ရှိတယ်။ နောက်ဆရာဝန်တယောက် ဖြစ်နေတယ်။ အဲ့လို အခြေအနေတွေကြောင့် မလုပ်ဖြစ်သေးဘူး”လို့ နန်းမွေစံက ပြောပါတယ်။

နန်းမွေစံကတော့ ဆရာဝန်တယောက်ဖြစ်ပြီး ဆေးကုသခွင့်လိုင်စင် ဆမ ပိတ်သိမ်းခံထားရပါတယ်။  နန်းမွေစံက လက်ရှိမှာ Sexy Model တဦးအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

You may also like these stories:

The post “မိသားစုကို ပြောတာ စိတ်မကောင်းဖြစ်မိတယ်”လို့ နန်းမွေစံ ပြော appeared first on ဧရာဝတီ.


ဘယ်သွားသွား အပျိုကြီးလို့ အခေါ်ခံရတဲ့ ဈူးဈူးဈာန်

$
0
0

“ဂျီဟောသူ” ဇာတ်လမ်းတွဲထဲမှာ အပျိုကြီး မမခင်အဖြစ် သရုပ်ဆောင်ထားတဲ့ ဈူးဈူးဈာန်ကတော့ ဘယ်သွားသွား အပျိုကြီးလို့ပဲ အခေါ်ခံရတယ်လို့ ပြောပါတယ်။

“ဈူးကို အခုအချိန်ထိ ဘယ်သွားသွား အပျိုကြီးလို့ပဲ ခေါ်ကြတယ်။ အပြင်မှာတွေ့လည်း အပျိုကြီး ဈူးဈူးဈာန်ဆိုတာက ခေါ်တော့ ခေါ်ကြတယ်။ ရှားတယ်။ ဇာတ်လမ်းထဲက ကာရိုက်တာကိုပဲ မှတ်မိကြတာများတယ်။ အဲ့အတွက် အရမ်းပျော်တယ်။ အခုအချိန်ထိ အပျိုကြီးဖြစ်နေရလို့”

“တကယ်ဆိုရင် လူရည်ချွန် ရိုက်တာ တော်တော်ကြာသွားပြီလေ လွှင့်တာ။ အခုအချိန်ထိ မမေ့သေးဘဲနဲ့ အပျိုကြီးဆိုပြီး ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်” လို့ ဈူးဈူးဈာန်က ဧရာဝတီကို ပြောပါတယ်။

အဆိုပါ “မမခင်” ကာရိုက်တာအတွက် ကြိုတင်ပြင်ဆင်ရတဲ့အကြောင်းတွေကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ကြိုတင်ပြင်ဆင်ရတာက ဒီကားက ၁၉၈၅ ခုနှစ်ကို သွားတယ်ဆိုတော့ သွားပုံလာပုံ စကားပြောပုံလေးတွေတော့ ပြင်ဆင်ရတယ်။ ဒါတွေအကုန်လုံးကို ရုံးကနေပြီးတော့ သင်တန်းတွေ ပေးတယ်။ လိုက်လုပ်ပြီး ကြိုးစားရုံပဲပေါ့။ သင်တန်းတွေကတော့ ရုံးကအကုန်လုပ်ပေးတယ်။ ဆံပင်တွေ၊ မိတ်ကပ်တွေ၊ အဝတ်အစားပိုင်းတွေကအစ အကုန်လုပ်ပေးတယ်။ ဈူးတို့ကကျတော့ ကာရိုက်တာဝင်ဖို့ပဲ အဓိကကြိုးစားရတာပေါ့” လို့ ဈူးဈူးဈာန်က ပြောပါတယ်။

ဆက်လက်ပြီး “ ဒီကားမှာ အများဆုံး သင်တန်းတွေ တက်ရတယ်။ ဘော်လီဘော တက်ရတယ်။ မြန်မာအကတွေ တက်ရတယ်။ စက်မှုကျောင်းသူဖြစ်တဲ့အတွက်ကြောင့် RIT ကျောင်းမှာ အခေါ်အဝေါ်တွေ ၄ ၊ ၅ ရက်လောက် သွားသင်ရတယ်။ သင်တန်းတွေကတော့ အများကြီးတက်ရတယ်။ ဘော်လီဘောကတော့ အဆိုးဆုံးပဲပေါ့” လို့ ပြောပါတယ်။

ကာရိုက်တာအတွက် လိုအပ်တဲ့ ဘော်လီဘော ကစားတာကိုတော့ ဝါသနာ မပါပေမယ့်”ဂျီဟောသူ” ထဲက မမခင်က ဘော်လီဘောကို ကျွမ်းကျင်စွာ ကစားတတ်တာကြောင့် ကြိုးစားပြီး သင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

“ဘော်လီဘောဆိုရင် ဝါသနာမပါဘူး။ ဒီကားထဲမှာ မမခင်တို့သည် ဘော်လီဘောကို ကျွမ်းကျွမ်းကျင်ကျင် ဆော့တတ်တယ်။ နိုင်တယ်။ အဲ့တော့ကြိုးစားပြီး သင်ရတယ်။ လက်မှာဆို အမာရွတ်တွေ သင်တန်းတက်တုန်းကဆို အရမ်းစိတ်ညစ်တာ။ အမှန်အတိုင်းပြောတာ။ ဒါပေမဲ့ ကိုယ့်ကာရိုက်တာအတွက်ပဲလေ။ သင်လိုက်တယ်။ ရိုက်တော့လည်း အကောင်းဆုံး ကြိုးစားပြီးဆော့တယ်။ အဆင်ပြေသွားတယ်။ ဘောလီဘော အခန်းလေး လာတော့မယ်” လို့ ဈူးဈူးဈာန်က ပြောပါတယ်။

မမခင် ကာရိုက်တာကိုလည်း စတင်လွှင့်တဲ့အချိန်က အနည်းငယ် အဆဲခံရပေမယ့် နောက်ပိုင်းမှာ ချစ်ခင်ပေးကြတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းလည်း ဈူးဈူးဈာန်က ပြောပါတယ်။

စာရေးဆရာမကြီး မစန္ဒာရဲ့ နာမည်ကြီး ဝတ္ထုကို ပြန်လည် ရိုက်ကူးထားတဲ့ အဆိုပါ “ဂျီဟောသူ” ဇာတ်လမ်းတွဲကိုတော့ လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့ အထိ ည ၇ နာရီအချိန်မှာ ထုတ်လွှင့် ပြသနေတာ ဖြစ်ပါတယ်။

You may also like these stories:

“ဂျီဟောသူမှာ ညိုထွေးဖြစ်ရင်ပဲ ကျေနပ်ပြီ”လို့ မေမီကိုကို ပြော

စာရေးဆရာမကြီး မစန္ဒာရဲ့ ဝတ္ထု “ဂျီဟောသူ” ဇာတ်လမ်းတွဲ မကြာခင် ပြသမည်

The post ဘယ်သွားသွား အပျိုကြီးလို့ အခေါ်ခံရတဲ့ ဈူးဈူးဈာန် appeared first on ဧရာဝတီ.

နာမည်ရလာပေမယ့် စီးပွားရေးအရ ဝင်ငွေမကောင်းတဲ့ မေမီကိုကို

$
0
0

“ပျားရည်အိုင်” ဇာတ်လမ်းတွဲနဲ့ ပရိသတ်ရဲ့အားပေးမှုများစွာရရှိခဲ့ပြီး မြိုင်ဆိုတဲ့နာမည်နဲ့ လူသိများလာခဲ့တဲ့ မေမီကိုကိုကတော့ ဇာတ်လမ်းတွဲပေါက်ခဲ့ပြီး နာမည်ကြီးလာခဲ့ပေမယ့် စီးပွားရေးအရ ဝင်ငွေမကောင်းဘူးလို့ ဧရာဝတီကိုပြောပါတယ်။

“အနုပညာက ဝါသနာအရပဲပေါ့။ အနုပညာကလည်း စန်းရှိဦးမှလေ။ ဝင်ငွေကောင်းတယ်ဆိုတာလည်း စန်းရှိဦးမှ။ မေမီဆို ဘာဝင်ငွေမှ မကောင်းဘူး။ ပျားရည်အိုင်သာ ပေါက်သွားတယ်။ သူများတွေလည်း ဇာတ်လမ်းတွဲမှာပေါက်ရင် လုပ်ငန်းတွေအများကြီးရတယ်။ အဆက်အသွယ်တွေ အများကြီးရတယ်”

“ ကိုယ်ကလည်း အစကတည်းက လူမှုဆက်ဆံရေးကလည်း ညံ့၊ ဘာမှလည်းထူးချွန်မှုမရှိ ဆိုတော့ ကိုယ့်ကိုလာငှားရင် ဈေးနှုန်းကိစ္စတွေအစ ဘာပြောရမှန်းမသိဘူး။ အရမ်းတုံးတဲ့ထဲမှာပါတယ်ဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကံနဲ့ စန်းကပဲနည်းသေးလို့လားမသိဘူး။ စီးပွားရေးဘက်မှာ ချွန်ထွက်သွားပြီး အလုပ်များများလုပ်ရတဲ့ထဲမှာ မပါဘူး” လို့ မေမီကိုကိုက ပြောပါတယ်။

ဇာတ်လမ်းတွဲများရိုက်ပြီး တီဗီမှာလွှင့်တဲ့အချိန်နဲ့ နောက်ဇာတ်လမ်းတွဲရိုက်တဲ့အချိန် တိုက်နေတာကြောင့်လည်း ကြော်ငြာများရိုက်ကူးရမှာကို ဖျက်လိုက်ရတာတွေရှိပြီး လုပ်ငန်းပိုင်းဆိုင်ရာမှာ စကားမပြောတတ်တာတွေကြောင့်လည်း ပါတယ်လို့ သိရပါတယ်။

“၂ချက်ရှိတယ်။ တချက်ကကျတော့ လုပ်ငန်းပိုင်းဆိုင်ရာမှာ သိပ်စကားမပြောတတ်လို့ပါမှာပေါ့။ နောက်တခုကကျတော့ အမြဲတမ်းဖျက်နေရတယ်။ စီးရီးနဲ့တိုက်ပြီးတော့ ရက်က ဘယ်လိုမှမရဘူး။ သူများတွေဆိုရင် ဇာတ်လမ်းတွဲတခု ရိုက်ပြီးတော့ လွှင့်တဲ့အချိန်က သူတို့နားတဲ့အချိန်နဲ့ကွက်တိသွားကျတယ်။ အလုပ်တွေအများကြီးလုပ်ရတယ်”

“ မေမီကျတော့ အဲ့လိုကွက်တိကိုမကျဘူး။ မေမီကျတဲ့ကွက်တိက ဘာလဲဆိုရင် ဒီဇာတ်လမ်းတွဲရိုက်ပြီး လွှင့်တဲ့အချိန် နောက်တခုကိုရိုက်နေတဲ့အချိန်ဖြစ်နေတော့ ၄ ၊ ၅ ၊ ၆ လ ဘာမှမလုပ်ရဘူး။ အကုန်ဖျက်ရတော့ ကြာလာတဲ့အခါမှာ လာငှားတဲ့သူတွေက သူမအားလောက်ပါဘူးလေဆိုပြီး အဲ့လိုထားလိုက်ကြရော” လို့ မေမီကိုကိုကပြောပါတယ်။

MRTV-4 ဘက်က ညှိနှိုင်းပေးတာတွေရှိပေမယ့် ကံမကောင်းတာကြောင့် ဖျက်လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

“သွားတိုက်ဆေးကြော်ငြာ ၊ ဆပ်ပြာမှုန့်ကြော်ငြာအများကြီးပဲလာပြီး ချိတ်ကြတယ်။ ရက်မပေးနိုင်တာများတယ်။ ရုံးကလည်း ရက်မညှိပေးတာမဟုတ်ဘူး။ ညှိပေးတယ်။ မေမီကကျတော့ အဲ့လိုပြောရမှာကို ဝန်လေးတာ ကိုယ့်ကြောင့်နဲ့ စီစဉ်ထားတာတွေပျက်သွားပါဦးမယ်လေဆိုပြီး လာအပ်တဲ့သူတွေကိုတောင်းပန်ရတယ်”

“ကိုယ်ကလည်း ကံဆိုးပါတယ်။ ကိုယ်တောင်းတဲ့အခါမျိုးတွေဆိုရင်လည်း ရိုက်ကူးရေးရက်က ဘယ်လိုမှညှိပေးလို့မရဘူး။ အဲ့လိုမျိုးမှာ ဖြုတ်လိုက်ရတာတွေရှိတယ်။ ကိုယ်ကကိုကံမကောင်းတာ” လို့ မေမီကိုကိုကပြောပါတယ်။

အစ်မဖြစ်သူနဲ့ တွဲဖက်ဖွင့်ထားတဲ့ ဖက်ရှင်ဆိုင်ကိုလည်း အကြောင်းအမျိုးမျိုးကြောင့် ပိတ်လိုက်ရပြီး အခုအချိန်မှာတော့ Online မှတဆင့်ပဲရောင်းချနေတယ်လို့ သိရပါတယ်။

မေမီကိုကိုကတော့ လက်ရှိမှာတော့ “ဂျီဟောသူ” ဇာတ်လမ်းတွဲထဲမှာ “ညိုထွေး” ကာရိုက်တာဖြင့် ပါဝင်သရုပ်ဆောင်ထားပါတယ်။

The post နာမည်ရလာပေမယ့် စီးပွားရေးအရ ဝင်ငွေမကောင်းတဲ့ မေမီကိုကို appeared first on ဧရာဝတီ.

“ဂျီဟောသူ”မှာ မော်မော်ကာရိုက်တာအတွက် ပေးဆပ်ထားတဲ့ ရွှေစင်ဝင့်ရှိန်

$
0
0

“ဂျီဟောသူ” ဇာတ်လမ်းတွဲထဲမှာ ချစ်စရာကောင်းတဲ့ တက္ကသိုလ်ကျောင်းသူလေး “ မော်မော်” အဖြစ် သရုပ်ဆောင်ထားတဲ့ ရွှေစင်ဝင့်ရှိန်ကတော့ ကာရိုက်တာအတွက် သစ္စာရှိရှိပေးဆပ်ထားတယ်လို့ ဧရာဝတီကိုပြောပါတယ်။

“ဘော်လီဘော သင်တန်းတွေလည်းတက်ခဲ့ရတယ်။ တခါမှလည်း မလုပ်ဖူးဘူးပေါ့လေ။ အားကစားဆိုရင်ပြေးတာတို့ စက်ဘီးစီးတာတို့ ကြိုးခုန်တာတို့လောက်ပဲလုပ်ဖူးတာ။ ဘော်လီဘောသင်တန်းကို ကိုယ့်အတွက်အားကစားတခုဆိုပြီး သွားလိုက်တယ်။ ပထမတရက်မှာတင် အကုန်လုံးက အီစလန်ဝေသွားတယ်”

“လက်တွေဆိုလည်း အညိုအမည်းတွေစွဲတယ်။ နောက်နေ့ဆိုရင် သင်တန်းသွားတောင်မသွားချင်ဘူး။ ဒါပေမယ့်ကိုယ်က ကာရိုက်တာအတွက် သစ္စာရှိရှိနဲ့ ပေးဆပ်ထားရတာပေါ့” လို့ ရွှေစင်ဝင့်ရှိန်ကပြောပါတယ်။

“ဂျီဟောသူ” ဇာတ်လမ်းတွဲရိုက်ဖို့အတွက် ဆံပင်ပုံစံတွေလည်း ပြောင်းခဲ့ရပြီး ၄လခန့် ဆံပင်ပုံစံပြောင်း၍ နေခဲ့ရတယ်လို့ သိရပါတယ်။

“ဒီကားကိုမရိုက်ခင်က Casting တွေအရင်ဝင်ရတယ်။ အဲ့ကတည်းက ဆံပင်တွေချိန်းရမယ်ဆိုတာသိတယ်။ လက်ခံပြီးလည်းဝင်ခဲ့တယ်။ တကယ့်တကယ်လုပ်လိုက်ပြီး ပထမဆုံးထွက်လာတဲ့အချိန်မှာ ငိုလည်းငိုတယ်။ ကိုယ့်ရုပ်နဲ့မလိုက်မဖက် ထူးထူးဆန်းဆန်းဖြစ်နေတော့ စိတ်ထဲလည်းမကောင်းဘူး။ ဝမ်းလည်းဝမ်းနည်းတယ်။ ငိုလည်းငိုခဲ့ရတယ်။ ဒီကားမှာ ဆံပင်ပုံကတော့ စိန်ခေါ်မှုပါပဲ” လို့ ရွှေစင်ဝင့်ရှိန်ကပြောပါတယ်။

ဆက်လက်ပြီး “ဒီကားကို ၄လလောက်ရိုက်ခဲ့ရတယ်။ အဲ့အချိန်မှာ ဒီဆံပင်နဲ့ပဲနေခဲ့ရတယ်။ နေရင်းနဲ့ကိုကြိုက်လာတယ်။ တနေ့တခြားကာရိုက်တာကလည်း ဝင်လာတယ်လို့ ပြောရမှာပေါ့။ ဒီကားကြီးပြီးတာတောင် ၁လလောက်မပြောင်းဘူး။ အရောင်တွေလည်းမဆိုးဘူး။ ဆံပင်တွေကို ၁၉၈၀ ဆံပင်ပုံအတိုင်းပဲနေတယ်။ သူများတကာတွေအရောင်တွေပြောင်းပြီး ပြန်လုပ်တဲ့အချိန်မှာ မပြောင်းခဲ့ဘူး” လို့ ပြောပါတယ်။

သရုပ်ဆောင်မှုအပေါ် ဝေဖန်ကြတဲ့အပေါ်မှာလည်း အခုလိုပြောထားပါတယ်။

ဂျီဟောသူမှာ မော်မော်အဖြစ်ပါဝင်ထားတဲ့ ရွှေစင်ဝင့်ထည် (ဓာတ်ပုံ – ဂျီဟောသူ ဖေ့စ်ဘုတ်)

“တချို့ကတော့ ဝေဖန်တာတွေရှိတာပေါ့။ တယောက်နဲ့တယောက်ကတော့ ဘယ်တူမလဲ ကြိုက်တာရှိတယ်။ မကြိုက်တာလည်း ရှိတယ်။ အဲ့အတွက်ကြောင့်မလို့ ရွှေစင်ကတော့ အများကြီးတော့မပြောချင်ပါဘူး။ မကြိုက်ဘူး ဆိုတာကလည်း သူတို့ဘယ်လိုစံချိန်စံနှုန်းထားလဲ မသိတာ။ ဆက်ပြီးတော့ အားပေးပေးပါ”

“ ရွှေစင်တို့တွေ ဇာတ်ဝင်ခန်းတခန်းချင်းစီမှာ အကောင်းဆုံးတွေကြိုးစားထားပါတယ်။ ကြိုက်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ အသိအမှတ်ပြုပေးတဲ့အတွက်ပါ” လို့ ရွှေစင်ဝင့်ရှိန်ကပြောပါတယ်။

မင်းသမီးတယောက်ဖြစ်တဲ့အတွက် လှချင်ပေမယ့် ကာရိုက်တာအပေါ်မှာ သဘာဝကျကျနဲ့ သစ္စာရှိရှိလုပ်ထားတယ်လို့ သိရပါတယ်။

“အဓိက မင်းသမီးလုပ်ပြီဆိုကတည်းကိုက လှချင်တယ်ကွာ။ နယ်မှာရိုက်တဲ့ကားမှာ ကိုယ်ကလှနေလို့ဖြစ်မှမဖြစ်တာ ဒီကာရိုက်တာအပေါ်မှာကိုယ်က သစ္စာရှိရမယ်လေ။ ဒီကာရိုက်တာက လှရမှာလား။ မလှရဘူးလား။ ဘယ်လိုလဲဆိုတာ ကိုယ်ကသိရမှာလေ။ Actor ဖြစ်တဲ့ကိုယ်ကသိရမှာဖြစ်တဲ့အတွက်ကြောင့် ကာရိုက်တာအပေါ်မှာ သေသေချာချာအားစိုက်ပြီးလုပ်ထားတယ်”

“ ကာရိုက်တာကို သစ္စာရှိရှိနဲ့ပဲလုပ်ထားတယ်။ မသိတဲ့သူတွေကတော့ မင်းသမီးတွေက ရုပ်ဆိုးကြတယ်။ ၁၉၈၀ က ရိုက်ထားတဲ့ကားဖြစ်တဲ့အတွက် ရုပ်ဆိုးတာထက်ကို သဘာဝကျကျလေး ဂျီဟောသူလေးတွေက သဘာဝကျကျ တက္ကသိုလ်ကျောင်းသူဘဝကို ဘယ်လိုဖြတ်သန်းလဲပြချင်တာပါ” လို့ ရွှေစင်ဝင့်ရှိန်ကပြောပါတယ်။

ရွှေစင်ဝင့်ရှိန်ကတော့ MRTV 4 ဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ၇ခုခန့်ရှိပြီဖြစ်ပြီး ပရိသတ်ကတော့ “ပဉ္ဇလက်ရွာ” ဇာတ်လမ်းတွဲမှာ “ထွေးမြ” ကာရိုက်တာနဲ့ လူသိများခဲ့တယ်လို့ သိရပါတယ်။

The post “ဂျီဟောသူ”မှာ မော်မော်ကာရိုက်တာအတွက် ပေးဆပ်ထားတဲ့ ရွှေစင်ဝင့်ရှိန် appeared first on ဧရာဝတီ.

ဖားကန့်မြေစာပုံပြိုမှုမှာ ထိခိုက်ခဲ့ရသူများကို လှူဒါန်းမယ့် ဖိုးချစ်

$
0
0

မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်းမှ မြေပြိုမှုကြောင့် ထိခိုက်ခဲ့ကြတဲ့သူတွေအတွက် ဇာတ်မင်းသားဖိုးချစ်က အွန်လိုင်းပရဟိတ ဈေးရောင်းပွဲတော်ပြုလုပ်ပြီး လှူဒါန်းသွားမယ်လို့ ပြောပါတယ်။

“ဖားကန့်မှာ မြေစာပုံပြိုလို့ ထိခိုက်သွားကြရတဲ့ သွေးရင်းသားရင်းများအတွက် Online ပရဟိတ ဈေးရောင်းပွဲတော် ကျင်းပပါမယ်ဗျာ။ အရင်းများကိုစိုက်ထုတ်ပြီး ရောင်းရသမျှ အားလုံးကို လှူဒါန်းပေးသွားပါ့မယ်နော်။ ကိုယ်ရှင်သန်နေတာ အများအတွက် ဖြစ်စေချင်ပါတယ်”

“ အားလုံး အနုပညာညီအစ်ကိုမောင်နှမတွေ ကိုယ်တိုင်ပေးပို့ ရောင်းချသွားကြမယ်။ အသေးစိတ် ကြေညာပေးပါ့မယ်ဗျာ ကျနော်တို့လက်ရာလေးတွေ စားရင်း ကုသိုလ်ယူနိုင်ကြပါစေ” လို့ ဖိုးချစ်က ဆိုထားပါတယ်။

အဆိုပါဈေးရောင်းပွဲတော်အတွက် အရင်းစိုက်ထုတ်၍ ရောင်းရသမျှအားလုံးကို လှူဒါန်းသွားမှာဖြစ်ပြီး အနုပညာညီအစ်ကိုမောင်နှမများ ကိုယ်တိုင်ပေးပို့ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နယ်မှလူများအတွက် ရောင်းချရန်စီစဉ်ထားတဲ့ ပစ္စည်းများကတော့ ဇော်ဂျီမြန်မာ နှလုံးသည်းခြေဆေး ၊ ပိုသူလှူလိုသူကူ အသင့်စားငါးရံ့ခြောက် ၊ အာလူးကြော်ထုတ် ၊ အမှတ်တရအကျီၤများ ၊ တံဆိပ်ပန်းအိုးလေးများ (ပန်းအစစ်) တို့ကိုရောင်းချရန် စီစဉ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အနီးကိုတော့ ကိုယ်တိုင်ချက်မယ့် သီးစုံချဉ်ဟင်း ၊ ဝက်သားကြာညှိ့နှပ် ၊ ကြာဆန်ဟင်းခါးစတဲ့ အစားအသောက်တွေကို ရောင်းချပေးသွားမှာဖြစ်ပြီး ရောင်းမယ့်ပစ္စည်းများကိုတော့ ဈေးနှုန်းမသတ်မှတ်ဘဲ မှာတာနဲ့ပို့ပေး၍ လှူတဲ့ငွေကို လက်ခံကာ ပြန်လည်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဇော်ဂျီမြန်မာ နှလုံးသည်းခြေဆေးမှ သိန်း ၃၀ ဖိုးစတင်လှူဒါန်းထားပြီး ရောင်းရငွေအားလုံးကို လှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ မှာယူဆက်သွယ်ရမယ့် ဖုန်းနံပါတ်များနဲ့ အစီအစဉ်များကိုလည်း ထပ်မံကြေညာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဖားကန့်မြေစာပုံပြိုကျမှုကြောင့်ဇူလိုင်လ ၂ရက်နေ့က လူပေါင်း ၂၀၀ ကျော်ပျောက်ဆုံးခဲ့ပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

The post ဖားကန့်မြေစာပုံပြိုမှုမှာ ထိခိုက်ခဲ့ရသူများကို လှူဒါန်းမယ့် ဖိုးချစ် appeared first on ဧရာဝတီ.

ဇူလိုင်လအတွင်း ပြသမယ့် ကိုရီးယားဇာတ်လမ်းတွဲအသစ်များ

$
0
0

မိုးအေးအေးနဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေကြည့်ပြီး အနားယူမယ်ဆိုရင်တော့ ဇူလိုင်လအတွင်း ရသစုံဇာတ် လမ်းတွဲအသစ်တွေ ပြသဖို့ရှိနေပါတယ်။ လက်ရှိကြည့်နေတဲ့ ဇာတ်လမ်းတွဲတွေအပြင် တကယ့်ကို ထိတ်ထိတ် ကြဲသရုပ်ဆောင်တွေ ပါဝင်မယ့် ဇာတ်လမ်းတွဲသစ်တွေကိုလည်း မျှော်လင့်စောင့်ဆိုင်းနိုင်ဖို့ ညွှန်းဆိုပေးလိုက်ပါ တယ်။

Flower of Evil

ပထမဆုံးဇာတ်ကားကတော့ မြန်မာပရိသတ်ကို ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုအောင် ဘယ်လိုဇာတ် ကောင်မျိုးမဆို ပီပြင်တဲ့ မင်းသား လီဂျွန်ကီရဲ့ ဇာတ်လမ်းတွဲသစ်ပါ။ မင်းသမီးကလည်း အားလုံးသိကြမယ့် မွန်ချေဝန် တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့အတွက် မပြခင်ကတည်းက ပရိသတ်စိတ်ဝင်စားနေကြပါတယ်။

လျှို့ဝှက်သည်း ဖိုဆန်ဆန် ရိုက်ကူးထားပြီး ပတ်ဟီဆွန် (လီဂျွန်ကီ) ဆိုတဲ့ အမျိုးသားတယောက်အကြောင်းကို ရိုက်ကူးထား တာပါ။ အများအမြင်မှာ ပတ်ဟီဆွန်ဟာ ဇနီး ချာဂျီဝန် (မွန်ချေဝန်) ကို ချစ်တတ်သူကြီးလို့ ထင်ရပေမယ့် သူ့ရဲ့သရုပ်မှန်က ဘယ်လိုဖြစ်မလဲ စောင့်မျှော်ရင်ခုန်ရပါမယ်။ ဇူလိုင် ၂၂ ရက်မှာ tvN ရုပ်သံလိုင်းကနေ ပြသ သွားမှာပါ။

Train

နောက်ထပ်တကားကတော့ နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ခပ်စိတ်စိတ်ရိုက်လာတဲ့ မင်းသား ယူရီယွန်ရဲ့ ဇာတ်ကားအသစ်ပါ။ သိပ္ပံစိတ်ကူးယဉ်အက်ရှင်ဇာတ်ကားဖြစ်ပြီး Parallel universe ကြားက အခြေအနေကို ရိုက်ကူးထားတာပါ။ စိတ္တဇလူသတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ စုံထောက် ဆိုဒိုဝန် (ယူရီယွန်) က သူချစ်တဲ့ မိန်းကလေးကို ဘယ်လိုကယ်ဆယ်မလဲဆိုတာ မြင်တွေ့ရမှာပါ။ OCN ရုပ်သံလိုင်းကနေ ဇူလိုင် ၁၁ ရက်မှာ ပြသသွားမှာပါ။

Graceful Friends

နာမည်ကြီးသရုပ်ဆောင်တွေ အများကြီးပါတဲ့ ဒီဇာတ်လမ်းတွဲအသစ်ကတော့ လျှို့ဝှက်သည်းဖို အမျိုးအစားပါ။ အသက် ၄၀ အရွယ် ငယ်သူငယ်ချင်းစုံတွဲတွေ နေရာအသစ်မှာ ပြန်ဆုံတွေ့ရင်း လူသတ်မှုတခုနဲ့ကြုံတွေ့ရပြီး သူတို့ရဲ့ နေ့စဉ်ဘဝတွေ ကမောက်ကမဖြစ်သွားပုံကို ရိုက်ကူးထားတာပါ။ JTBC ရုပ်သံလိုင်းကနေ ဇူလိုင် ၁၀ ရက်မှာ ပြသသွားမှာပါ။

Was It Love?

မြန်မာပရိသတ်တွေရဲ့ အချစ်တော် Running Man အဖွဲ့ဝင် မင်းသမီး ဆွန်ဂျီဟိုရဲ့ ဇာတ်ကားအသစ်ပါ။ အချစ် ဇာတ်မြူးဟာသ အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ဆွန်ဂျီဟိုကို ရုပ်ရှင်ထုတ်လုပ်သူ၊ Single Mother အဖြစ် မြင်တွေ့ရမှာပါ။

၁၄ နှစ်ကြာ တယောက်တည်း ဘဝကိုရုန်းကုန်ရပ်တည်နေခဲ့ရာက တနေ့မှာ တော့ မထင်မှတ်ဘဲ သူမရဲ့အချစ်သစ်ကို ရှာဖွေတွေ့ရှိလိုက်ပါတယ်။ ဘာတွေဆက်ဖြစ်ကြမလဲ သိချင်ရင်တော့ ဇူလိုင် ၈ ရက်မှာ JTBC ရုပ်သံလိုင်းကနေပဲ ပြသပေးသွားမှာပါ။

She Knows Everything

နောက်ဆုံးညွှန်းဆိုပေးချင်တာကတော့ မင်းသမီး ဂန်ဆောယွန်းခေါင်းဆောင်ပါဝင်ထားတဲ့ လျှို့ဝှက်စုံထောက် ဇာတ်ကားအမျိုးအစားပါ။ အိမ်ခြံမြေအရောင်းအဝယ်ကျွမ်းကျင်သူ လီဂွန်ဘုတ် (ဂန်ဆောယွန်း) နဲ့ စုံထောက် အင်ဟိုချူ (ဂျိုဟန်ဆန်) တို့နှစ်ယောက် တိုက်ခန်းတခုမှာ ဖြစ်ပွားခဲ့တဲ့ ပဟေဠိဆန်ဆန်လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ပုံတွေကို ရိုက်ကူးထားတာပါ။ MBC ရုပ်သံလိုင်းကနေ ဇူလိုင် ၈ ရက်မှာ ပြသသွားမှာပါ။

Ref: Soompi

The post ဇူလိုင်လအတွင်း ပြသမယ့် ကိုရီးယားဇာတ်လမ်းတွဲအသစ်များ appeared first on ဧရာဝတီ.

အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်မယ်လို့ Kanye West ပြော

$
0
0

အဆိုတော် Kanye West ဟာ အမေရိကန်သမ္မတ ရာထူးအတွက် ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။ အသက် ၄၃ နှစ်အရွယ် Rap အဆိုတော် Kanye ဟာ တနေ့မှာ အမေရိကန် သမ္မတတဦး ဖြစ်လိုကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း Twitter ကနေ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Twitter မှာ Follower သန်း ၃၀ နီးပါးရှိတဲ့ အဆိုတော် Kanye က “ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ကျနော်တို့ရဲ့ အမြင်ကို ပေါင်းစည်းခြင်းနဲ့ ကျနော်တို့ရဲ့ အနာဂတ်ကို တည်ဆောက်ခြင်းဖြင့် အမေရိကသားတို့ရဲ့ ကတိကို ကျနော်တို့ အခု သဘောပေါက် နားလည်ရပါမယ်။ ကျနော်ဟာ အမေရိကန်သမ္မတဖြစ်ဖို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

သူ့ရဲ့ ရည်မှန်းချက်ကို ထောက်ခံသူတွေထဲမှာ နည်းပညာဆိုင်ရာ ဘီလီယံနာသူဌေးကြီး Elon Musk လည်း ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ ပို့စ်ကို တုံ့ပြန်တဲ့အနေနဲ့ သူဌေးကြီး Musk က “ကျနော် ခင်ဗျားကို အပြည့်အ၀ ထောက်ခံပါတယ်” လို့ ရေးသားခဲ့ပါတယ်။

အဆိုတော် Kanye ရဲ့ ဇနီး Kim Kardashian West ကလည်း ခင်ပွန်းရဲ့ အစီအစဉ်ကို ထောက်ခံကြောင်း ပြောဆိုထားပြီး သူ့ရဲ့ပို့စ်ကို အမေရိကန်အလံ ပုံဖော်ပြထားတဲ့ emoji ကို အသုံးပြုပြီး ပြန်လည် ဝေမျှခဲ့ပါတယ်။

ဒါပေမဲ့ အဆိုတော် Kanye ဟာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ အမှန်တကယ် ဝင်ရောက် ယှဉ်ပြိုင်မှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဂီတဇယားတွေမှာ ထိပ်ဆုံးပိုင်းကို ရယူနိုင်ခဲ့တဲ့ အဆိုတော် Kanye အနေနဲ့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံကြောင်း အရင်တုန်းက ပြောဆိုခဲ့ဖူးပါတယ်။

အဲ့ဒီတုန်းက သူဟာ “ခင်ဗျားတို့ ထရမ့်နဲ့ သဘောထား တူညီဖို့ မလိုပါဘူး။ ဒါပေမဲ့ အဲ့ဒီလူအုပ်ကြီးအနေနဲ့ သမ္မတကို ကျနော်က မချစ်အောင် တားလို့ မရပါဘူး။ ကျနော်တို့ နှစ်ယောက်လုံးမှာ နဂါးစွမ်းအင်တွေ ရှိပါတယ်။ သူက ကျနော့်အစ်ကို ဖြစ်ပါတယ်။ ကျနော် လူတိုင်းကို ချစ်ပါတယ်”

“ကျနော်က လူတိုင်းနဲ့ အရာရာတိုင်းမှာ သဘောထားချင်း မတိုက်ဆိုင်ပါဘူး။ ဒါဟာ ကျနော်တို့ကို သီးခြား ဖြစ်တည်မှုဆိုတဲ့ အရာကို ဖြစ်စေပါတယ်။ ပြီးတော့ ကျနော်တို့မှာ လွတ်လပ်တဲ့ အတွေးတွေ တွေးပိုင်ခွင့် မရှိပါဘူး” လို့ Twitter မှာ ရေးသားခဲ့ဖူးပါတယ်။

အဲ့ဒီ ပို့စ်ကို သမ္မတက “ကျေးဇူးပါပဲ။ Kanye ။ အရမ်းမိုက်တယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဇနီး Kim ကလည်း သူ့ခင်ပွန်းအပေါ် ဝေဖန်မှုတွေကို ပယ်ချခဲ့ပြီး ခင်ပွန်းကတော်တော်လေး ခေတ်ရှေ့ပြေးသူဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

“Kanye ဟာ လူကြိုက်များတဲ့ပုံစံ ပြိုင်ပွဲမှာ ဘယ်တော့မှ ဝင်ပြိုင်မှာ မဟုတ်ပါဘူး။ ကျမတို့ အဲ့ဒါကို သိပါတယ်။ ဒါကြောင့်လည်း ကျမ သူ့ကို ချစ်တာ၊ လေးစားတာပါ”

“နောင်နှစ် အနည်းငယ်ကျရင် လူတချို့က အခုလိုမျိုး အလားတူတွေ ပြောနေနိုင်ပေမယ့် သူသွားနေတဲ့ လမ်းကြောင်းကို တိုက်ခိုက်ကြတော့မှာ မဟုတ်ပါဘူး။ ရှင်တို့အားလုံးက သူကို ချီးမွမ်းကြလိမ့်မယ်။ Kanye ဟာ အဲ့ဒီလောက်အထိ ခေတ်ရှေ့ပြေးပါတယ်” လို့ Kim က ၂၀၁၈ ခုနှစ်မှာ ရေးသားခဲ့ဖူးပါတယ်။

Ref: asiaone

You may also like these stories:

The post အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်မယ်လို့ Kanye West ပြော appeared first on ဧရာဝတီ.

“Mission: Impossible 7” ရုပ်ရှင်ကို ယူကေမှာ ပြန်လည် ရိုက်ကူးခွင့်ရ

$
0
0

“Mission: Impossible 7” ရုပ်ရှင်ဟာ ယူကေနိုင်ငံမှာ ရိုက်ကူးရေး လုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်နိုင်ဖို့ အထူးချွင်းချက်တခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ပေါင်းများစွာကြာ အက်ရှင်ဇာတ်လမ်းတွဲ အဖြစ် ရပ်တည်ခဲ့တဲ့ စီးရီးရဲ့ နောက်ဆုံး ထွက်ရှိလာမယ့် အဲ့ဒီရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတုန်းက အီတလီနိုင်ငံမှာ ရိုက်ကူးရေးတွေ လုပ်ဆောင်နေစဉ် COVID-19 ကပ်ရောဂါကြောင့် ရိုက်ကူးရေး လုပ်ငန်းတွေ ရပ်နားသွားခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ကမ္ဘာတဝန်းမှာ ရုပ်ရှင်နဲ့ရုပ်သံရိုက်ကူးရေး လုပ်ငန်းတွေအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက် တွေကို ဖြေလျှော့ပေးလာတာနဲ့အမျှ MI 7 အဖွဲ့သားတွေဟာလည်း လာမယ့် စက်တင်ဘာလက စလို့ ပြင်ပ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးမှုကို ပထမဆုံး ပြန်လည် လုပ်ဆောင်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။

အဖွဲ့သားတွေဟာ ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေအပေါ် ယူကေနိုင်ငံက ချမှတ်ထားတဲ့ COVID-19 လမ်းညွှန်ချက်အသစ်တွေအတိုင်း လိုက်နာလုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ တခြားနိုင်ငံကနေ ရောက်ရှိလာပြီး ရိုက်ကူးရေး လုပ်ငန်းတွေ လုပ်ဆောင်မယ့် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကို သီတင်း ၂ ပတ် ကြာမြင့်မယ့် Quarantine ဝင်ရောက်ဖို့ ယူကေနိုင်ငံက အမိန့်တရပ် ထုတ်ပြန်ထားပေမယ့် MI 7 အဖွဲ့သားတွေသာ ချွင်းချက်နဲ့ ကင်းလွတ်ခွင့် ရရှိမှာ ဖြစ်တယ်လို့ Variety မီဒီယာက ဖော်ပြပါတယ်။

မင်းသား Tom Cruise ဟာ ယူကေရဲ့ ယဉ်ကျေးမှု ဝန်ကြီး Oliver Dowden နဲ့ စကားပြောဆိုခဲ့ပြီး ဗြိတိသျှရုပ်ရှင် အင်စတီကျုရဲ့ အဆင့် သတ်မှတ်ချက်တွေအတိုင်း လိုက်နာပြီး ရုပ်ရှင်နဲ့ ရုပ်သံထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် နိုင်ငံတွင်းကို ရောက်လာတဲ့ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေကို ခွင့်ပြုပေးမယ့် အစီအစဉ်အသစ်ကို ဖန်တီးရာမှာ ကူညီပေးမယ့်အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီ ချွင်းချက်တွေကြောင့် မင်းသား Cruise နဲ့ ကျန်ရှိတဲ့ ရိုက်ကူးရေးအဖွဲ့သားတွေဟာ လုပ်ငန်းတွေ ပြန်စမယ်ဆိုရင် သီတင်း ၂ ပတ်ကြာ Quarantine ဝင်ရောက်မှုကနေ ရှောင်ရှားနိုင်မှာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးရေးကို လာမယ့် စက်တင်ဘာလ မတိုင်ခင် ပြန်လည် စတင်ဖို့ ရည်ရွယ်ထားသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမဲ့ အစီအစဉ်အရ သူတို့အဖွဲ့ဟာ ယူကေနိုင်ငံဆီ အရင်ဆုံး လာရောက်မယ့်ပုံမှာ ရှိနေပါတယ်။ တကယ်လို့ ချွင်းချက်သာ မရရှိခဲ့ဘူးဆိုရင်တော့ ရိုက်ကူးရေးဟာ သီတင်းနှစ်ပတ် ထပ်မံ နောက်ကျမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ရုံတင်မယ်လို့ သတ်မှတ်ထားတဲ့ ရက်ထက် ပိုနောက်ဆုတ်သွားမှာဖြစ်ပါတယ်။

အခုရုပ်ရှင်ကို ရိုက်ကူးပြီးရင်တော့ “Mission: Impossible 8” ရုပ်ရှင်ကို ဆက်တိုက် ဆိုသလို ရိုက်ကူးမှာ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်ဖြစ်တဲ့ “Mission: Impossible – Fallout” ရုပ်ရှင်ဟာ ဝေဖန်မှုတွေအရရော၊ ငွေကြေးပိုင်းဆိုင်ရာအရ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ဒါကြောင့် Paramount ထုတ်လုပ်ရေးနဲ့ မင်းသား Cruise တို့ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကို မြန်မြန်စတင်နိုင်ဖို့ တွန်းအားပေးနေတာလည်း ဖြစ်ပါတယ်။

Ref: screenrant

You may also like these stories:

ဇူလိုင်လအတွင်း ပြသမယ့် ကိုရီးယားဇာတ်လမ်းတွဲအသစ်များ

ဖားကန့်မြေစာပုံပြိုမှုမှာ ထိခိုက်ခဲ့ရသူများကို လှူဒါန်းမယ့် ဖိုးချစ်

“ဂျီဟောသူ”မှာ မော်မော်ကာရိုက်တာအတွက် ပေးဆပ်ထားတဲ့ ရွှေစင်ဝင့်ရှိန်

The post “Mission: Impossible 7” ရုပ်ရှင်ကို ယူကေမှာ ပြန်လည် ရိုက်ကူးခွင့်ရ appeared first on ဧရာဝတီ.


ဖားကန့်မှာ အသက်တွေ ဆုံးရှုံးရတဲ့အပေါ် ကိုယ်ချင်းစာမိတဲ့ J Naw

$
0
0

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မြေစာပုံပြိုကျမှုကြောင့် လူအမြောက်အများ သေဆုံးခဲ့ရတဲ့အပေါ် ဖားကန့်မှာမွေးပြီး ကြီးပြင်းခဲ့သူတယောက်အနေနဲ့ ကိုယ်ချင်းစာမိတယ်လို့ မော်ဒယ် J Naw က ပြောပါတယ်။

“နောတို့ကျတော့ ဖားကန့်မှာမွေးပြီး ဖားကန့်မှာကြီးတဲ့သူပေါ့။ နောတို့ဆို အဲ့မှာပဲ ဟိုးငယ်ငယ်လေးကတည်းကနေ ကြီးလာတဲ့သူတယောက်ဆိုတော့ ကိုယ့်ရဲ့မွေးရပ်မြေ ဇာတိနေရာမှာ အရင်တုန်းကလည်း ဒီလိုမျိုး ကြုံဖူးတယ်။ ဒါပေမဲ့ ဒီလောက်ထိ လူဦးရေ မများဘူးပေါ့”

“ဒီတခေါက်ဖြစ်သွားတာဆိုရင် အယောက်၂၀၀ ကျော်ပိပြီး သေသွားတာ။ အဲဒီမှာမှ ၁၆၀ ကျော်ပဲ ပြန်တွေ့တာဆိုတော့ တော်တော်များတဲ့ လူဦးရေပမာဏလို့ ပြောလို့ရတာပေါ့။ အရင်တုန်းကဆို ငှက်ဖျားတုပ်ကွေးတို့၊ တခြားဆုံးပါးမှုတွေများတဲ့အချိန်မှာ အခုကျတော့ သဘာဝဘေးအန္တရာယ်နဲ့ တွေ့တော့ ကိုယ်တိုင်ကလည်း အမျိုးဝမ်းကွဲတွေမှာဖြစ်ခဲ့ဖူးတယ်ဆိုတော့ ကိုယ်ချင်းစာမိလို့ပါ” လို့ မော်ဒယ် J Naw က ပြောပါတယ်။

ရေမဆေးကျောက်သမား အများစုကို တရားဝင် ကျောက် ရှာခွင့်ပေးတာ မဟုတ်ပေမယ့် တနိုင်တပိုင် ဝမ်းစာအတွက် ရှာဖွေစားသောက်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တရားမဝင်ဘူးဆိုတာကတော့ နိုင်ငံတော်ကနေ ချပေးတဲ့ တရားဝင် ကုမ္ပဏီတွေလည်း ရှိတယ်။ ဒီကုမ္ပဏီတွေကနေ လုပ်တာကျတော့ တရားဝင်တယ်ပေါ့။ အခု ရေမဆေးကျောက် ရှာတဲ့သူတွေကျတော့ တရားဝင်ရှာခွင့်ပေးတယ်လို့ မဟုတ်ပေမယ့် အများစုက ကိုယ့်ရဲ့တနိုင်တပိုင် ဝမ်းစာအတွက် ရေမဆေး ကောက်တာတို့ မြေစာပုံနားလေးမှာ ဈေးရောင်းတာတို့ကတော့ မထူးဆန်းဘူးပေါ့။ အဲ့လိုလေးပဲ ရှာဖွေစားသောက်နေရတာပေါ့” လို့ J Naw က ပြောပါတယ်။

ဆက်လက်ပြီး “အဖေတို့ ခေတ်တုန်းကကျတော့ ရေမဆေးရှာတာတို့၊ မြေစာပုံမှာ ကျောက်ရှာတို့ကတော့ အဲ့ခေတ်က ခေတ်မစားသေးဘူး။ အဲ့တုန်းကကျတော့ လက်လုပ်ကျင်းလို့ ခေါ်တာပေါ့။ ကိုယ့်ရဲ့ကိုယ်ပိုင်ကျင်းမှာမှ ကျောက်တူးပြီးတော့ တနိုင်တပိုင် လုပ်စားရတဲ့ ခေတ်ပေါ့”

“အဲ့ကနေမှတဆင့် ကုမ္ပဏီကြီးတွေက ဘတ်ဟိုးတွေရယ် ကားအကြီးကြီးတွေရယ် လုပ်ကွက်တွေဝယ်ပြီးတော့ ကုမ္ပဏီတွေဝင်လာတဲ့အချိန်မှာ တရုတ်ဘက်ကနေ ကုမ္ပဏီတွေလည်းအများကြီး ဝင်လာတယ်။ ပြီးတော့ နိုင်ငံတော် အကျိုးပြုဆိုပြီး ကုမ္ပဏီတွေ အများကြီး ဝင်လာတဲ့အချိန်မှာ စက်ယန္တရားတွေနဲ့ အများကြီးလုပ်ပြီးတဲ့နောက်ပိုင်းမှာမှ မြေစာပုံ ရေမဆေးရှာတဲ့ ကျောက်ရှာသမားတို့ ဆိုတာက အခုခေတ်နောက်ပိုင်းမှာမှ ပေါ်လာတာပေါ့” လို့ J Naw က ပြောပါတယ်။

အဆိုပါ မြေစာပုံပြိုကျ၍ သေဆုံးမှုမှာတော့ သူမရဲ့ဦးလေးတော်စပ်သူ တယောက်လည်း ဆုံးပါးခဲ့ဖူးပြီး အဲ့အချိန်ကတော့ J Naw ၁၆ နှစ်အရွယ်ခန့်ပဲ ရှိသေးတယ်လို့ သိရပါတယ်။

“နောရဲ့ ဆွေမျိုးတော်စပ်တဲ့ ဦးလေးပေါ့။ သူလည်းအဲ့လိုပဲ အဲ့တုန်းကတော့ နောရဲ့အသက် ၁၅ ၊ ၁၆ လောက်ပဲ ရှိဦးမယ်။ ကျောက်သွားရှာတာတော့ မဟုတ်ပေမယ့် ကျောက်သွားယူရင်းနဲ့ မြေစာပုံပိပြီးတော့ မြေစာပုံမှာ ပါသွားတယ်။ အသက်ပါ ပျောက်ပြီးသားပဲ။ ကိုယ့်ဆွေမျိုးတွေထဲမှာလည်း ဖြစ်ထားတော့ သူများတွေအခုလိုဖြစ်တော့ ဘယ်လောက် ပူဆွေးရမလဲဆိုတာ ကိုယ်ချင်းစာပေးလို့ ရတယ်။ တချို့တွေကကျတော့လည်း ကိုယ်တိုင်မနာကျင်ဖူးရင် အဲ့ခံစားချက်က ဘာလဲဆိုတာ နားမလည်ဘူး” လို့ J Naw က ပြောပါတယ်။

လက်ရှိမှာတော့ J Naw က ရန်ကုန်မှာအခြေချနေထိုင်နေပြီး မိသားစုများကတော့ ဖားကန့်မှာပဲ နေထိုင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

You may also like these stories:

ဖားကန့်မြေစာပုံပြိုမှုမှာ ထိခိုက်ခဲ့ရသူများကို လှူဒါန်းမယ့် ဖိုးချစ်

ဖားကန့်တွင် မြေစာပုံပြိုကျမှု အလောင်း ၁၀၀ ကျော် ပြန်တွေ့

The post ဖားကန့်မှာ အသက်တွေ ဆုံးရှုံးရတဲ့အပေါ် ကိုယ်ချင်းစာမိတဲ့ J Naw appeared first on ဧရာဝတီ.

သင်ဇာဝင့်ကျော်နဲ့အတူ ကြော်ငြာရိုက်ကူးခဲ့တဲ့ အောင်လေး

$
0
0

သင်ဇာဝင့်ကျော်နဲ့ အတူ တွဲဖက်ပြီး ကြော်ငြာတခု ရိုက်ကူးခဲ့တဲ့ မော်ဒယ် အောင်လေးက သင်ဇာဝင့်ကျော်နဲ့ အမှတ်တရတွေအကြောင်း အခုလိုပဲ ပြောပါတယ်။

“ကိုဗစ်ကတော့ ဖြစ်နေပေမယ့် ကျနော်တို့ ရိုက်ကူးရေးအနေနဲ့ ဓာတ်ပုံတွေ ရိုက်ပေးဖြစ်တယ်။ ကြော်ငြာလေးတွေလည်း ရိုက်ပေးဖြစ်တယ်။ မသင်ဇာနဲ့လည်း ဝေဖာကြော်ငြာလေး ရိုက်ဖြစ်တယ်။ မန္တလေး ၇ မိုင်မှာရှိတဲ့ Waterboom မှာပေါ့။ မသင်ဇာနဲ့ ရိုက်နေကျဆိုတော့ အမှတ်တရတွေလည်း ရှိတယ်။ သူရိုက်ရင် ကျနော် နောက်က လိုက်စတာကလည်း အမြဲ အမှတ်တရ ဖြစ်ပါတယ်”

“မသင်ဇာက သူကြိုက်တာ သူလုပ်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကို လွတ်လွတ်လပ်လပ် ထားတယ်။ အရမ်းလည်း ခင်ဖို့ကောင်းတယ်။ စိတ်ထားလည်း ကောင်းတယ်။ မာန မရှိဘူး။ ကျနော့်အစ်မ တယောက်လိုပါပဲ။ အနုပညာနဲ့ ပတ်သက်ပြီးလည်း အမြဲ ပြောပြပေးတယ် ။ သူက ကျနော့်စီနီယာလည်း ဖြစ်တယ်။ အကြီးလည်းဖြစ်တော့ ကောင်းတာလေးတွေ ပြောပြပေးတယ်။ လမ်းညွှန်ပေးတယ် ”လို့ အောင်လေးက ပြောပါတယ်။

ကိုဗစ်ကာလမှာ မစုခဲ့မိရင် ဘယ်လိုရပ်တည်မလဲဆိုတဲ့ အတွေးတွေ ဝင်လာတာကြောင့် အလုပ်တွေ ပြန်လုပ်ရရင် ပိုက်ဆံစုမယ်လို့ အောင်လေးက ဆိုပါတယ်။

“ရန်သူမျိုးငါးပါးဆိုတာ ကြိုမြင်ရတဲ့အရာ မဟုတ်ဘူးလေ။ ဒါကြီးဖြစ်လာမယ်လို့လည်း ဘယ်သူမှ ကြိုမတွေးခဲ့ဘူး။ ဖြစ်လာပါစေလို့လည်း ဘယ်သူမှ မမျှော်လင့်ခဲ့ဘူး။ ရုတ်တရက်ကြီး ဖြစ်လာတော့ ကိုယ့်မှာ စုဆောင်းမိရင် ကိစ္စမရှိဘူး။ မစုမိထားရင် ဘာနဲ့ ရပ်တည်မလဲဆိုတဲ့ စိတ်အတွေးတွေ ဝင်လာတယ်။ ရောဂါကြီး ပျောက်လို့ အလုပ်တွေလုပ်ရရင်လည်း ပိုက်ဆံ စုမယ်။ တတ်နိုင်သလောက် လှူမယ်”လို့ အောင်လေးက ပြောပါတယ်။

ရိုက်ကူးရေးတွေ မရှိချိန်မှာ အဆင်မပြေတဲ့ စက်အဖွဲ့တွေကို လှူခဲ့ရတာကြောင့် ပီတိဖြစ်ရတယ်လို့ အောင်လေးက အခုလို ဆိုပါတယ်။

“ကိုဗစ်ကို မကြောက်ကြတာတော့ ဘယ်ဟုတ်မလဲ ။ အားလုံးကတော့ ဘယ်တောင့်ခံနိုင်ပါ့မလဲ။ တနေ့လုပ်မှ တနေ့ စားရသူတွေ ရှိတယ်။ အပြင်ထွက် စီးပွားရှာမှ စားရမယ့် သူတွေရှိတော့ အလုပ်လုပ်မှမိသားစုစားဝတ်နေရေးက အဆင်ပြေမှာ အားလုံးကလည်း သတိထားပြီး သွားလာကြပါ။ ဂရုစိုက်ကြပါ။ ဒီကာလမှာတော့ ကျနော်တို့ အလုပ်တွေ ပါးသွားတယ်။ ရိုက်ကူးရေး ရပ်လိုက်ရတယ်”

“အဲ့ချိန်မှာ အားနည်းပြီး အဆင်မပြေတဲ့ စက်အဖွဲ့တွေက အကူအညီတောင်းကြတယ်။ ကိုယ်ကလည်း ဘာမှဟုတ်နေသူမဟုတ်ပေမယ့် နည်းနည်းလေးကူညီပေးရတာနဲ့ကို ပီတိဖြစ်ရတယ်။ စက်အဖွဲ့တွေက ကျနော်တို့ ရုပ်ထွက်လှဖို့ သူတို့တွေက အများကြီး ကူညီပေးခဲ့သူတွေလေ။ အခုလိုကူညီရတော့ ပီတိဖြစ်တာပေါ့”လို့ အောင်လေးက ပြောပါတယ်။

အောင်လေးကတော့ အနုပညာလောကထဲကို မော်ဒယ် တယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ဗီဒီယို ဇာတ်ကားတွေ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် ရိုက်ကူးနေသူ ဖြစ်ပါတယ်။

You may also like these stories:

ဖားကန့်မှာ အသက်တွေ ဆုံးရှုံးရတဲ့အပေါ် ကိုယ်ချင်းစာမိတဲ့ J Naw

“Mission: Impossible 7” ရုပ်ရှင်ကို ယူကေမှာ ပြန်လည် ရိုက်ကူးခွင့်ရ

အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်မယ်လို့ Kanye West ပြော

The post သင်ဇာဝင့်ကျော်နဲ့အတူ ကြော်ငြာရိုက်ကူးခဲ့တဲ့ အောင်လေး appeared first on ဧရာဝတီ.

စားဝတ်နေရေးအတွက် အွန်လိုင်းမှာ ဆန်ရောင်းနေတဲ့ လူရွှင်တော် ကံပွင့်

$
0
0

လူရွှင်တော် ကံပွင့်က COVID-19 ကာလမှာ အနုပညာလုပ်ငန်းတွေ မလုပ်ရသေးတာကြောင့် စိတ်မလေအောင် စီးပွားရေးတခုအနေနဲ့ ဆန်ရောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

“COVID-19 စဖြစ်ကတည်းက အိမ်ထဲမှာပဲ နေတာများတယ်။ ကျနော်ကတော့ ဘာမှမလုပ်ဖြစ်ဘူး။ အခုက ၁၅ ရက် ပြီးနိုး ၊ပြီးနိုးနဲ့ ၁၅ ရက်က ကြာလာတော့ ဒဏ်မခံနိုင်တော့ဘူး။ တခါတလေ ဖြစ်ချင်တာဖြစ်ဆိုပြီး ရိုက်ကူးရေးတွေ လုပ်ချင်စိတ်ပေါ်တယ်။ ဟိုရက်တော့ သမီးလေး ဖြူဖြူထွေးက ကြော်ငြာလေးတခု ဖေကြီး မိုးဒီနဲ့ မကြူနဲ့ ခေါ်ရိုက်တယ်။ သူက ဖုန်းနဲ့ ရိုက်တာ အဆင်ပြေတယ်”

“အဲ့ ကန့်သတ်ရက် ထပ်တိုး ၁၅ ရက်က မပြီးတော့၊ စိတ်မလေအောင် စီးပွားရေးလေးတခု အနေနဲ့ တူ၊ တူမတွေကလည်း ဆန်ဆိုင်ရှိတော့ လိုင်းပေါ်ကနေ ရောင်းပါလားပေါ့။ သူတို့ဆီက ဆန်ကို ဖောက်သည်ဈေးယူပြီး ရောင်းပါ။ လုပ်ကြည့်မယ်ဆိုပြီး လုပ်ကြတာ။ စရောင်းကတည်းကတော့ ကျနော်ပရိသတ်တွေ အားပေးကြပါတယ်။ တနင်္လာကနေ သောကြာ အော်ဒါကောက်ပြီး ကိုယ့်ကားနဲ့ပဲ စနေ၊ တနင်္ဂနွေ လိုက်ပို့တယ်” လို့ ကံပွင့်က ဧရာဝတီကို ပြောပါတယ်။

လက်ရှိအချိန်မှာ အနုပညာသမားတချို့ ဈေးရောင်းနေတာနဲ့ ပတ်သက်ပြီး ကံပွင့်က အခုလို ပြောပါတယ်။

“အခုချိန်မှာ အကုန်လုံးက အခက်အခဲတွေနဲ့ နေရင်းနေရင်း အခက်တွေနဲ့ နေသားကျစ ပြုနေပြီ။ ရုပ်ရှင်၊ သဘင်၊ ဂီတ ကိုယ့်အနုပညာလောကက အနုပညာသမားတွေ ဈေးရောင်းကြတယ်။ အနုပညာအလုပ်နဲ့ပဲ ရပ်တည်လာတဲ့သူတွေက ချက်ချင်းကြီး စားဝတ်နေရေးအတွက် လုပ်နေကြတာဆိုတော့ စိတ်မော လူမောလေးတွေတော့ အားလုံးမှာ ရှိကြတာပေါ့”

“ကျနော်တို့ အနုပညာလောကထဲက အဆင်မပြေကြတဲ့သူတွေ၊ နောက် အသက်ကြီးတော့ ရောဂါတွေ ဖြစ်နေသူတော့ အဆင်မပြေကြတာ တွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ အခုဖြူဖြူထွေးက အသက်ကြီး လူရွှင်တော်တွေနဲ့ ဇာတ်ပို့ တချို့ ကို ခေါ်ရိုက်ပေးတယ်။ အခုလို ခေါ်ရိုက်ပေးတော့ သူ့တို့ အပြုံးလေးတွေ ပီတိလေးတွေ မျက်နှာလေးတွေ မြင်ရတော့ ဝမ်းသာရတယ်။ အရင်လို ပျော်ပျော်ပါးပါးနဲ့ အနုပညာတွေ ပြန်လုပ်ကြရပါစေလို့ပဲ ဆုတောင်းနေရတယ်” လို့ ကံပွင့်က ပြောပါတယ်။

သရုပ်ဆောင်၊ လူရွှင်တော် ကံပွင့်ကတော့ သဘင်မှာလည်း လူရွှင်တော်အဖြစ် ပါဝင်ခဲ့သလို ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်း များစွာမှာ ဇာတ်ပို့၊ ဇာတ်ရံ တဦးအနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

You may also like these stories:

“ရုပ်ရှင်သမားတွေ အလုပ်နိမ့်ပါးသွားပေမယ့် စိတ်ဓာတ် နိမ့်ပါး မသွားဘူး”

နာမည်တူ ရှိနေတဲ့အပေါ် ခံစားချက် ပြောပြတဲ့ ဘိုမ

“ရိုက်ကူးရေးတွေ ပြန်စမှာကို စိုးရိမ်မိတယ်”လို့ ကောင်းစံ ပြော

The post စားဝတ်နေရေးအတွက် အွန်လိုင်းမှာ ဆန်ရောင်းနေတဲ့ လူရွှင်တော် ကံပွင့် appeared first on ဧရာဝတီ.

ဖခင်ရဲ့အသက် အချိန်မီ ကယ်နိုင်ဖို့ ကြိုးစားခွင့်ရခဲ့တဲ့ ထက်ထက်မိုးဦး

$
0
0

ဖခင်ဖြစ်သူ အရေးပေါ် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံ ၁ လနီးပါး တင်ခဲ့ရတဲ့အချိန်မှာ အချိန်မီ အသက်ကယ်နိုင်ဖို့ ကြိုးစားခွင့်ရခဲ့တယ်လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

“ဆေးရုံမှာ ၁ လပြည့်လုနီး ကြာပြီ။ အဖေလည်း သက်သာလာတာတွေ့ရတော့ သမီးပင်ပန်းရကျိုး နပ်ပါပြီ။ လွန်ခဲ့တဲ့ ၇ နှစ်ခန့်က Ischaemic heart disease ဖြစ်တော့ သွေးကြော၂ ချောင်း ချဲ့ရတယ်။ အချိန်မီ အသက်ကယ်လို့ ရခဲ့တယ်။ အခုလည်း ပြန်သက်သာလာအောင် သမီးကြိုးစားခွင့်ရခဲ့တယ်” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

ဖခင်ဖြစ်သူရဲ့ သီလနဲ့ ထက်ထက်မိုးဦးကို ချစ်တဲ့သူများမှ ဝိုင်းဝန်း ဆုတောင်းပေးကြတဲ့အတွက် သက်သာလာခဲ့တာကြောင့် ဘယ်လို အခက်အခဲပဲ ရင်ဆိုင်ရ၊ ရင်ဆိုင်ရ အဆင်ပြေတယ်လို့ ဆိုပါတယ်။

“အဖေလည်း အဖေ့ရဲ့သီလနဲ့ ကျမကိုချစ်တဲ့သူတွေ ဝိုင်းပြီး ဆုတောင်းပေးကြတဲ့အတွက် အဖေသက်သာလာတာ။ ကျမဘဝ ဘယ်လိုပဲဖြစ်ဖြစ် ဘာအခက်အခဲနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ အားလုံးအဆင်ပြေပါတယ်” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

ကိုယ်တိုင်လည်း ချွေးနည်းစာနဲ့ အလှူအတန်းများ များစွာပြုလုပ်ခဲ့ပြီး ဘယ်သူ့အပေါ်မဆို တတ်နိုင်တဲ့ဘက်က ကူညီပေးခဲ့တာတွေကြောင့် သေပျော်ပါပြီလို့လည်း ဆိုပါတယ်။

“ကျမဘဝမှာ ကျမရဲ့အသက်၊ ချွေးနည်းစာနဲ့ ဘုရားတည်၊ ကျောင်းဆောက်၊ ဘုန်းကြီးကျောင်းတွေ၊စာသင်ကျောင်းတွေ၊ ရဟန်းတွေ၊ ဘုရားအမ၊ ကျောင်းအမအဖြစ် လှူဒါန်းခဲ့ရတယ်။ ဘယ်သူ့အပေါ်မဆိုလည်း တတ်နိုင်တဲ့ဘက်က လိုက်ရောကူညီပေးခဲ့တာတွေ အများကြီးနဲ့ သေမယ်ဆို ကျမ အခု သေပျော်နေပါပြီ” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

ထက်ထက်မိုးဦးရဲ့ ဖခင်ဖြစ်သူကတော့ ဇွန်လထဲမှာ သွေးတိုးလေဖြတ်သွားတာကြောင့် မန္တလေးမင်္ဂလာဆေးရုံမှာ အရေးပေါ်တင်ခဲ့ရတာဖြစ်ပြီး အခုဆိုရင် အသက် ၈၅ နှစ်ရှိပြီလို့ သိရပါတယ်။

You may also like these stories:

အနုပညာနဲ့ပတ်သက်ရင် မာနထားတဲ့အကြောင်း ပြောပြတဲ့ ထက်ထက်မိုးဦး

“အသက်ကြီးလာတော့ ကိုယ့်ထက်ငယ်တဲ့ သူတွေကို နေရာဖယ်ပေးရတယ်”လို့ ထက်ထက်မိုးဦး ပြော

The post ဖခင်ရဲ့အသက် အချိန်မီ ကယ်နိုင်ဖို့ ကြိုးစားခွင့်ရခဲ့တဲ့ ထက်ထက်မိုးဦး appeared first on ဧရာဝတီ.

ဟောလိဝုဒ်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Son Ye-jin

$
0
0

တောင်ကိုရီးယားမင်းသမီး Son Ye-jin ဟာ “The Cross” လို့ အမည်ရတဲ့ ရုပ်ရှင်မှာ ပါဝင်ပြီး ဟောလိဝုဒ် ရုပ်ရှင်လောထဲ စတင်ခြေချတော့မယ်လို့ သိရပါတယ်။

မင်းသမီးရဲ့ အေဂျင်စီ MS Team အင်တာတိန်းမန့်ရဲ့အဆိုအရ မင်းသမီးဟာ ရုပ်ရှင်မှာ ပါဝင်ဖို့ စဉ်းစားနေပြီး အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့  သိရပါတယ်။ တိကျတဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီဆိုရင်တော့ အတည်ပြုပေးမယ်လို့ သိရပါတယ်။

မင်းသမီး Son ဟာ အဲ့ဒီရုပ်ရှင်ထဲမှာ ကိုရီးယားလူမျိုး မဟုတ်တဲ့ အမျိုးသမီးဇာတ်ဆောင် နေရာကနေ ပါဝင်မှာဖြစ်ပြီး ဇာတ်ကားတကားလုံးမှာ အင်္ဂလိပ်လိုပဲ ပြောဆိုရမယ်လို့ ဆိုပါတယ်။ Avatar နဲ့ Clash of Titans ရုပ်ရှင်တွေထဲက သြစတြေးလျမင်းသား Sam Worthington က အဓိကမင်းသားအဖြစ် ပါဝင်မယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

အော်စကာဆုရရုပ်ရှင် “Parasite” ထဲက မင်းသား Lee Sun-kyun ကလည်း အဲ့ဒီရုပ်ရှင်မှာ ပါဝင်လာနိုင်ချေရှိတယ်လို့ သိရပါတယ်။ မင်းသားရဲ့ အေဂျင်စီ HODU&U အင်တာတိန်းမန့်က မင်းသားဟာ ရုပ်ရှင်အတွက် ကမ်းလှမ်းချက်ကို ရရှိထားပြီးလက်ခံစဉ်းစားနေတယ်လို့ ဆိုပါတယ်။

နယူးဇီလန် ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ Andrew Niccol က “The Cross” ရုပ်ရှင်ကို ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့်နှစ် အစောပိုင်းလောက်မှာ စတင်ရိုက်ကူးမယ့် အဲ့ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်း တချို့ကို တောင်ကိုရီးယားနိုင်ငံမှာ ရိုက်ကူးမယ်လို့ သိရပါတယ်။

အသက် ၃၈ နှစ်အရွယ် မင်းသမီး Son ဟာ ၂၀၀၁ ခုနှစ်မှာ “Delicious Proposal” စီးရီးနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး ဝါရင့်ဒါရိုက်တာ Im Kwon Taek ရဲ့ “Painted Fire” ရုပ်ရှင်မှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ “Classic” ရုပ်ရှင်နဲ့ ၂၀၀၄ ခုနှစ်မှာ “A Moment to Remember” ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း မင်းသမီးဟာ ရုပ်ရှင်နဲ့ ရုပ်သံစီးရီးတွေမှာ တလှည့်စီ သရုပ်ဆောင်ခဲ့ပြီး မင်းသား Hyun Bin နဲ့အတူ “Crash Landing on You” ဒရာမာမှာ နောက်ဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: thejakartapost

You may also like these stories:

The post ဟောလိဝုဒ်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Son Ye-jin appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live