Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

“Greyhound” ရုပ်ရှင်အတွက် Tom Hanks စိတ်မကောင်းဖြစ်နေ

$
0
0

မင်းသားကြီး Tom Hanks ဟာ သူ့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် “Greyhound” ရုပ်ရှင်ကို ရုံတင်ပြသမှာ မဟုတ်ဘဲ Apple TV+ ကနေပဲ ပြသမှာဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်နေတယ်လို့ သိရပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ခံ အဲ့ဒီရုပ်ရှင်မှာ မင်းသားကြီး Hanks ဟာ အတ္တလန္တိတ်ဒေသ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး Ernest Krause အဖြစ် သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာ သူဟာ နာဇီတွေရဲ့ ရေငုပ်သင်္ဘော တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံရမှာလည်း ဖြစ်ပါတယ်။

“Greyhound” ရုပ်ရှင်ရုံတင်ဖို့ ခရီးလမ်းကတော်တော်လေးကို ရှည်ကြာခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မတ်လမှာ ကတည်းက ရုံတင်ဖို့လုပ်ခဲ့ပေမယ့် Sony ကုမ္ပဏီက အဲ့ဒီရုပ်ရှင်ကို ၂၀၂၀ ပြည့်နှစ်၊ မေလအထိ ရွှေ့ဆိုင်းခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ် ရုံတင်ပြသရမယ့်အချိန်မှာ COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် အဲ့ဒီရုပ်ရှင်ကို Apple TV+ ကနေပဲ ထုတ်လွှင့်ပြသတော့မယ်လို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

အခုတော့ အဲ့ဒီရုပ်ရှင်ကို ရုပ်ရှင်ရုံတွေမှာ မဟုတ်ဘဲ အွန်လိုင်း Streaming ဝက်ဘ်ဆိုက်ကနေ လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့ကနေစလို့ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

အခု “Greyhound” ရုပ်ရှင်ကတော့ ရုံတင်ပြသဖို့ကနေ Streaming ကနေပဲ ပြဖို့ ပြောင်းလဲလိုက်တဲ့ ရုပ်ရှင်တွေထဲက တခုဖြစ်ပါတယ်။ Universal ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Trolls World Tour” ရုပ်ရှင်ဟာလည်း “Scoob!” ၊ “The King Staten Island” ရုပ်ရှင်နဲ့ “Artemis Fowl” ရုပ်ရှင်တွေလိုပဲ ရုံတင်မပြသတော့ဘဲ Streaming Service တွေကနေပဲ ပြသတော့မှာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်းမှာ ရွှေ့ဆိုင်းထားရတဲ့ ရုပ်ရှင်အများစုဟာလည်း ရုံတင်ခွင့်ရဖို့ စောင့်ဆိုင်းနေကြပြီး ရုပ်ရှင်ရုံ လုပ်ငန်းအများစုကတော့ သူတို့ရဲ့ ရုပ်ရှင်ရုံတွေကို ပြန်လည် ဖွင့်လှစ်တာမျိုး မရှိသေးပါဘူး။ အဲ့ဒီအချက်က စတူဒီယိုတွေကို အကျပ်တွေ့စေပါတယ်။

COVID -19 ကူးစက်ခံခဲ့ရတဲ့ နာမည်ကျော်ကြားသူတွေမှာ တဦးအပါအဝင်ဖြစ်တဲ့ မင်းသားကြီး Hanks ဟာ ဂါးဒီးယန်း သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ “Greyhound” ရုပ်ရှင်အကြောင်း ပြောဆိုခဲ့ပါတယ်။ အခုလိုမျိုး ရုပ်ရှင်အတွက် အပြောင်းအလဲတွေဖြစ်ရလို့ စိတ်မကောင်းဖြစ်ရတယ်လို့ သူက ဆိုပါတယ်။

မင်းသားကြီးက “လုံးဝကို စိတ်ထိခိုက်ရပါတယ်။ Apple နဲ့ပတ်သက်ပြီး ကျနော် စိတ်ဆိုးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရုပ်နဲ့ အသံပိုင်း အရည်အသွေးမှာတော့ ကွာခြားချက် ရှိပါတယ်” လို့ ဆိုပါတယ်။ “Greyhound” ရုပ်ရှင်မှာ မင်းသားကြီးဟာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတဲ့အပြင် ဇာတ်ညွှန်းပါ ရေးသားပေးထားပါတယ်။

ရုပ်ရှင်တကားကို တီဗီနဲ့ လက်ပ်တော့ကနေ ကြည့်ရတာနဲ့ ရုပ်ရှင်ရုံတခုရဲ့ ပိတ်ကားထက်မှာ ကြည့်ရှုရတာ ကွာခြားမှု ရှိတယ်ဆိုတာ ပရိသတ်တွေက နားလည်ထားကြပါတယ်။ ဒါကြောင့်လည်း Christopher Nolan နဲ့ Patty Jenkins တို့လို ဒါရိုက်တာတွေက သူတို့ရဲ့ ရုပ်ရှင်တွေဖြစ်ကြတဲ့ “Tenet” နဲ့ “Wonder Woman 1984” တို့လို ရုပ်ရှင်တွေကို ရုပ်ရှင်ရုံတွေမှာပဲ ပြသဖို့ စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။

Ref: screenrant

You may also like these stories:

ဟောလိဝုဒ်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Son Ye-jin

စားဝတ်နေရေးအတွက် အွန်လိုင်းမှာ ဆန်ရောင်းနေတဲ့ လူရွှင်တော် ကံပွင့်

ဖခင်ရဲ့အသက် အချိန်မီ ကယ်နိုင်ဖို့ ကြိုးစားခွင့်ရခဲ့တဲ့ ထက်ထက်မိုးဦး

The post “Greyhound” ရုပ်ရှင်အတွက် Tom Hanks စိတ်မကောင်းဖြစ်နေ appeared first on ဧရာဝတီ.


မွေးနေ့အလှူ လုပ်ဖြစ်ပုံကို ပြောပြတဲ့ အောင်ရေချမ်း

$
0
0

သရုပ်ဆောင် အောင်ရေချမ်းကတော့ ယနေ့ ဇူလိုင် ၇ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့အလှူအဖြစ် ရန်ကုန်မြို့၊ အရှေ့ဒဂုံမှာ ရှိတဲ့ တိက္ခာရာမ သီလရှင်စာသင်တိုက်နှင့် သီလရှင်သင်ပညာရေး ကျောင်းမှာ လှူဒါန်းဖြစ်တာနဲ့ ပက်သက်ပြီး အခုလိုပဲ ဆိုပါတယ်။

“ကျနော့် မွေးနေ့အတွက် ဘာတွေလုပ်ရမလဲ အိမ်နဲ့ တိုင်ပင်တယ်။ အလှူရှင် နည်းတဲ့ ကျောင်းတွေကို လှူချင်တယ်။ နောက် ဆရာလေးတွေကို လှူတာ နည်းတော့ ဆရာလေးတွေ လှူကြမယ်ဆိုပြီး လှူဖြစ်သွားတာပါ။ ကိုဗစ်ကာလကလည်း အကျပ်အတည်း ကာလပါပဲ။ မွေးနေ့မှာ ကုသိုလ်လည်း ဖြစ်ချင်တယ်။ ကိုယ်တိုင်က မွေးနေ့ကို အမှတ်တရ ဖြစ်ချင်တယ်။ အရင်တုန်းကဆိုရင် မွေးနေ့တွေ မလုပ်ဘူး။ မွေးနေ့ဆို မိဘတွေနဲ့ ဘုရားသွားတယ် အိမ်မှာ နေတာပဲ များတယ်”

“မနှစ်ကလည်း ပရိသတ်တွေ လုပ်ပေးတဲ့ မွေးနေ့ သွားတယ်။ ဒီနှစ်တော့ ပရိသတ်တွေကို ဖိတ်ပြီး မွေးနေ့ လုပ်မယ်ပေါ့။ ကိုဗစ်ကာလ ဖြစ်သွားတော့ မဖိတ်တော့ဘူး။ အားနာလို့ လူလေးတော့ ခွဲပြီး ဖိတ်ထားတယ်။ ကိုဗစ်ပြီးရင်တော့ မွေးနေ့ ပြန်လုပ်ဖို့ မရှိတော့ဘူး။ Fan meeting တော့ ပြန်လုပ်မယ်။ အရင်က တခါလုပ်ဖူးတယ်။ ကိုဗစ်ပြီးသွားရင်တော့ ပျော်စရာ ပွဲတွေ လာမှာပါ”လို့ အောင်ရေချမ်းက ပြောပါတယ်။

မွေးနေ့မှာ လက်ဆောင်တွေ ပေးကြတဲ့အတွက် ကျေးဇူးတင်တယ်လို့ဆိုပြီး အောင်ရေချမ်းက အသက်ရှင်နေသရွေ့ အနုပညာတွေ ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

“ကျနော့် မွေးနေ့အတွက် လက်ဆောင်တွေလည်း ပေးကြပါတယ်။ ဘာလေးပဲဖြစ်ဖြစ် ကျနော့်အတွက်ကတော့ အထူးခြားဆုံး လက်ဆောင်တွေပါပဲ။ အသက်တနှစ်ကြီးမှ ရယ်တော့ မဟုတ်ပါဘူး။ ပြင်ဆင်မှုကတော့ အမြဲတမ်းလုပ်နေရတာပဲ။ ငါအသက်တနှစ်ကြီးမှ ပြင်ဆင်မယ်လို့တော့ မဟုတ်ပါဘူး။ ကျနော်က မပြည့်စုံပါဘူး။ ကျနော့်မိဘကို ကျနော် ပြည့်စုံတဲ့အရာလေး ထားချင်တယ်။ ထားနိုင်တဲ့အချိန်ကျရင်လည်း ပြောပြမှာပါ”

“ကိုဗစ်ကာလမှာ နားနေချိန်ရတယ်။ ပြင်ဆင်ခွင့်ရတယ်။ အရင်က အလုပ်တွေ ဆက်နေတာ အခုလို နားလိုက်ချိန်မှာ ကျနော် လုပ်ခဲ့တာတွေ၊ မှားနေတာတွေ ပြုပြင်ဖို့တွေ ကျနော် အများကြီး လေ့လာတယ်။ ပြင်ဆင်နေပါတယ်။ မွေးနေ့မှာ ဆုတောင်းပေးကြတဲ့သူတွေရော၊ လာရောက် ပေးကြတဲ့သူတွေရော အရမ်းကျေးဇူးတင်ပါတယ်။ ကျနော် အသက်ရှင်သရွေ့ အနုပညာတွေ ကြိုးစားသွားမယ်”လို့ အောင်ရေချမ်းက ပြောပါတယ်။

အောင်ရေချမ်းက ဇာတ်လမ်းတွဲတွေ မပေါ်ခင်ကတည်းက အနုပညာအလုပ်တွေ လုပ်ကိုင်လာတာဖြစ်ပြီး “ပျားရည်အိုင်” ဇာတ်လမ်းတွဲနဲ့ လူသိများလာခဲ့သူလည်း ဖြစ်ပါတယ်။

You may also like these stories:

“Greyhound” ရုပ်ရှင်အတွက် Tom Hanks စိတ်မကောင်းဖြစ်နေ

ဟောလိဝုဒ်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Son Ye-jin

ဖခင်ရဲ့အသက် အချိန်မီ ကယ်နိုင်ဖို့ ကြိုးစားခွင့်ရခဲ့တဲ့ ထက်ထက်မိုးဦး

The post မွေးနေ့အလှူ လုပ်ဖြစ်ပုံကို ပြောပြတဲ့ အောင်ရေချမ်း appeared first on ဧရာဝတီ.

အနုပညာကြေးမယူဘဲ ဂဠုန်ဦးစောနေရာက သရုပ်ဆောင်မယ့် ကိုဥက္ကာကျော်

$
0
0

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားမှာ ဂဠုန်ဦးစော ဇာတ်ရုပ်အတွက် ပါဝင်သွားမယ့် ကိုဥက္ကာကျော်ဟာ ဒီဇာတ်ကားမှာ အနုပညာကြေး မယူဘဲ မေတ္တာနဲ့ သရုပ်ဆောင်သွားမယ်လို့ မီဒီယာတွေကို ပြောပါတယ်။

“ဂဠုန်ဦးစော ကာရိုက်တာကို လျှောက်ကြတဲ့သူတွေ အများကြီးထဲမှာမှ ကျနော်က အတူဆုံးဖြစ်နေတယ်။ ရွေးချယ်ခံရတာ သိသိချင်း အရမ်းပျော်သွားတယ်။ ကျနော်က ရုပ်တူတဲ့အတွက်ကြောင့်ပါ။ ကျနော်လည်း အရင်က သိလည်းမသိခဲ့ဘူး။ ဒီနေရာအတွက် လူခေါ်တဲ့ ပို့စ်မှာ ကျနော့်ကို Mention တွေ ခေါ်ကြတယ်။ နောက်တယ် ထင်နေတာ။ တူတယ်ဆိုတော့လည်း စိတ်ဝင်စားပြီး လျှောက်လွှာတင်ခဲ့တယ်”

“ကျနော် အလှူသဘောမျိုးလေး ဖြစ်အောင် လုပ်ချင်တာ။ လုပ်မယ်ဆိုရင် အကောင်းဆုံးဖြစ်အောင် ကျနော် လုပ်မယ်။ အနုပညာကြေးနဲ့ ပတ်သက်လို့လည်း ကျနော် စပြီး ပို့စ်တင်ကတည်းက မေတ္တာနဲ့ လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါကလည်း ကျနော့်အတွက် ထူးဆန်းတဲ့ အလှူတခုလို့ သဘောထား ပြီးတော့ တထောင့်တနေရာက လုပ်ပေးခြင်း ဖြစ်ပါတယ်”လို့ ကိုဥက္ကာကျော်က ပြောပါတယ်။

ကိုဥက္ကာကျော်ဟာ ဂဠုန်ဦးစောရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လို လေ့လာထားလဲဆိုတာကိုလည်း အခုလို ပြောပြပါတယ်။

“ကာရိုက်တာအတွက် အထွေအထူးတော့ ပြင်ဆင်မှု မရှိပါဘူး။ ကျနော် သဘာဝပုံစံကို သဘောကျလို့ ပြင်ဆင်မှု မလုပ်ခဲ့ဘူး။ တလလုံး ဆံပင်မညှပ်ခဲ့ဘူး။ ဦးစောက ဆံပင်နောက်ပြန် ဖီးတော့ ကျနော် ဆံပင်လည်း သူတို့ လုပ်လို့ရအောင် ဘာမှ မလုပ်ခဲ့တာပါ။ ကျနော့်ကို ပြင်ဆင်ကြည့်တော့ ကျနော်နဲ့ တူတယ်။ ဦးစောရဲ့ အကြောင်းကို You Tube ကနေ တဆင့် ရှာကြည့်တယ်”

“ကိုဇော်ဇော်ပိုင်က ဖုန်းတွေဆက်ပြီး ငါ့အစ်ကိုဆို တကယ်ဖြစ်မှာ အားပေးတယ်။ ငါ့အစ်ကိုကြီး လုပ်ပေါ့။ သူနဲ့လည်း စကားတွေ ပြောဖြစ်တယ်၊ အိမ်လည်း သွားလည် ဖြစ်တယ်။ ပြီးတော့ ဦးစောရဲ့ ဓာတ်ပုံတွေပြတယ်။ သူ့ရဲ့ အကြောင်းတွေကို မြေးဖြစ်တဲ့ ကိုဇော်ဇော်ပိုင်ရဲ့ အမေက ရှင်းပြပေးခဲ့ပါတယ်။ တကယ်လို့ ဇာတ်ညွှန်းလည်း ရခဲ့မယ် ဆိုရင် ကျနော် ကြိုပြီးတော့ လေ့ကျင့်ထားလို့ ရပါတယ်”လို့ ကိုဥက္ကာကျော်က ပြောပါတယ်။

နောက်ထပ် ဇာတ်ကားတွေ ကမ်းလှမ်းလာရင်လက်ခံဖြစ်မှာ မဟုတ်ဘူးလို့ဆိုပြီး ကိုဥက္ကာကျော်က ဂဠုန်ဦးစော ကာရိုက်တာနဲ့ ပတ်သက်ပြီး မိသားစုဆီကို Feedback ပြန်လာမှာ မကြောက်ဘူးလို့ဆိုပါတယ်။

“နောက်ထပ် ဇာတ်ကားတွေ ကမ်းလှမ်းခဲ့ရင်တော့ လက်ခံဖြစ်မယ် မထင်တော့ပါဘူး။ ကျနော်ဇာတ်ကား ရိုက်တာလည်း ဒီကားအတွက်ပဲ လုပ်တာပါ။ ဂဠုန်ဦးစော ကာရိုက်တာနဲ့ ပတ်သက်ပြီး မိသားစုဆီကို Feedback ပြန်လာမှာ မကြောက်ပါဘူး”

“ ကျနော်တို့ အိမ်ထောင် စကျကတည်းက အမျိုးစုံ ဝေဖန်ခံခဲ့ရတယ်။ အထွေအထူးတော့ မဟုတ်ပါဘူး။ နည်းနည်းတောင် ရိုးနေပြီ။ ဂဠုန်ဦးစော ကာရိုက်တာမှာ ကျနော့်ရဲ့ အိုက်တင်ပိုင်းက အရမ်းကောင်းသွားလို့ လူတွေ မုန်းခဲ့တယ်ဆိုရင်လည်း ဒါကို ကာရိုက်တာ ပီပြင်လို့ဆိုပြီး ဝမ်းသာမိမှာပါ”လို့ ကိုဥက္ကာကျော်က ပြောပါတယ်။

ကိုဥက္ကာကျော်ကတော့ သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

မွေးနေ့အလှူ လုပ်ဖြစ်ပုံကို ပြောပြတဲ့ အောင်ရေချမ်း

“Greyhound” ရုပ်ရှင်အတွက် Tom Hanks စိတ်မကောင်းဖြစ်နေ

ဟောလိဝုဒ်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Son Ye-jin

The post အနုပညာကြေးမယူဘဲ ဂဠုန်ဦးစောနေရာက သရုပ်ဆောင်မယ့် ကိုဥက္ကာကျော် appeared first on ဧရာဝတီ.

အသရေဖျက်မှုနဲ့ The Sun သတင်းစာကို Johnny Depp တရားစွဲ

$
0
0

ဟောလိဝုဒ်စတား မင်းသား Johnny Depp နဲ့ ဇနီးဟောင်း မင်းသမီး Amber Heard တို့အပါအဝင် နာမည်ကျော်ကြားသူတွေရဲ့ သီးသန့်ဖြစ်တည်မှု ဘဝတွေထဲကို ထဲထဲဝင်ဝင် ရေးသားလေ့ရှိတဲ့ ဗြိတိသျှ သတင်းစာ တစောင်အပေါ် မင်းသား Depp ရဲ့ အသရေဖျက်မှုဆိုင်ရာ တရားခွင်ကြားနာမှုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က စတင်လိုက်ပြီလို့ သိရပါတယ်။

“Pirates of the Caribbeanဧ ရုပ်ရှင်စတား အသက် ၅၇ နှစ်အရွယ် မင်းသား Depp ဟာ ဇနီးကို ရိုက်နှက်သူလို့ ဖော်ပြခံခဲ့ရတဲ့ ၂၀၁၈ ခုနှစ်တုန်းက ဆောင်းပါးတပုဒ်ကို အခြေပြုပြီး The Sun သတင်းစာထုတ်ဝေသူ News Group Newspapers နဲ့ အမှုဆောင်အယ်ဒီတာ Dan Wootton တို့အပေါ် တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

လန်ဒန်မြို့ရဲ့ တရားရုံးချုပ်မှာ ကြားနာခဲ့တဲ့ အဲ့ဒီအမှုဟာ အချိန် ၃ ပတ်လောက် ကြာမြင့်မယ်လို့ မျှော်လင့်ရပြီး မင်းသားနဲ့ မင်းသမီး နှစ်ယောက်လုံးက သက်သေတွေ တင်ကြမှာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၁ ခုနှစ်တုန်းက “The Rum Diary” ရုပ်ရှင်မှာ အတူတွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မင်းသမီး Heard က အိမ်ထောင်သက် ၁၅ လအကြာမှာ ကွာရှင်းခွင့် တောင်းခံခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ရက်အနည်းငယ်အကြာမှာ ခင်ပွန်း မင်းသား Depp ကို တားမြစ်မိန့် တခုကိုလည်း ရရှိခဲ့ပါတယ်။

မင်းသမီး Heard က သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးကာလအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု လုပ်ဆောင်ခဲ့ကြောင်း မင်းသားကို စွပ်စွဲထားပြီး အဲ့ဒီစွပ်စွဲချက်တွေကို မင်းသားဘက်က ငြင်းဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ကွာရှင်းမှုကို ၂၀၁၇ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပြီး ဒေါ်လာ ၇ သန်းကို မင်းသားက ပေးဖို့ သဘောတူခဲ့လို့ တားမြစ်မိန့်ကို ပြန်လည် ရုပ်သိမ်းနိုင်ခဲ့ပါတယ်။

မင်းသားဟာ မူးယစ်ဆေးရယူ သုံးစွဲခဲ့ကြောင်း သတင်းစာရဲ့ တရားရေးအဖွဲ့က ပြောဆိုထားတဲ့ မင်းသားနဲ့ သူ့ရဲ့ လက်ထောက်တို့အကြားက ဖုန်း မက်ဆေ့ချ် အသေးစိတ်ကို ပေးဖို့ ရုံးတော်ရဲ့ အမိန့်ကို အပြည့်အဝ လိုက်နာခဲ့ခြင်း မရှိကြောင်း တရားသူကြီးက ကောက်ချက်ချခဲ့ပေမယ့်လည်း ဒီအသရေဖျက်မှုကို ပလပ်ပေးဖို့ The Sun သတင်းစာရဲ့ တောင်းဆိုချက်က ပယ်ချခဲ့ရပါတယ်။

တရားသူကြီး Andrew Nicol က မင်းသား Depp ရဲ့ ကြားနာရေး တရားခွင်ကို လာရောက် နားထောင်ဖို့ မင်းသမီး Heard ကို ဆင့်ခေါ်ခဲ့ပါတယ်။ တရားရေးဆိုင်ရာ ဆုံးဖြတ်ချက်မှာတော့ တရားသူကြီး Nicol က The Sun သတင်းစာဟာ မင်းသမီး Heard နဲ့ တခြားသူတွေထံကနေ ရရှိထားတဲ့ သက်သေတွေအပေါ် ယုံကြည်အားကိုးခဲ့တာသာဖြစ်ပြီး အဲ့ဒီအဖြစ်အပျက်တွေဟာ အမှန်ဖြစ်တဲ့အကြောင်း သတင်းစာဘက်က တုံ့ပြန် ပြောဆိုထားပါတယ်။

Ref: asiaone

You may also like these stories:

“Greyhound” ရုပ်ရှင်အတွက် Tom Hanks စိတ်မကောင်းဖြစ်နေ

“Mission: Impossible 7” ရုပ်ရှင်ကို ယူကေမှာ ပြန်လည် ရိုက်ကူးခွင့်ရ

အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်မယ်လို့ Kanye West ပြော

The post အသရေဖျက်မှုနဲ့ The Sun သတင်းစာကို Johnny Depp တရားစွဲ appeared first on ဧရာဝတီ.

အမေရိကန်မှာ ရုပ်တုတွေ ဖယ်ရှားပေးဖို့ Justin Timberlake တောင်းဆို

$
0
0

အဆိုတော် Justin Timberlake ဟာ အမေရိကန်နိုင်ငံအတွင်းမှာ ရှိတဲ့ ခွဲထွက်ရေးဝါဒီ ခေါင်းဆောင်တွေရဲ့ ရုပ်တုတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အဆိုတော် Timberlake ဟာ ကျွန်စနစ်တို့ ဆက်လက် ထားရှိဖို့ အမေရိကန်ပြည်တွင်းစစ်မှာ တိုက်ခိုက်ခဲ့ကြတဲ့ ခွဲထွက်ရေးဝါဒီ ခေါင်းဆောင်တွေကို အမှတ်တရအဖြစ် အမေရိကန်နိုင်ငံတဝန်းမှာ ထားရှိတဲ့ ရုပ်တုတွေကို ဖြိုချပေးဖို့ ကမ်ပိန်းကိုလည်း ထောက်ခံနေသူ ဖြစ်ပါတယ်။

သူကြီးပြင်းခဲ့ရာ Tennessee ပြည်နယ်အပါအဝင် တောင်ပိုင်းပြည်နယ်တွေမှာ ပျံ့နှံ့တည်ရှိနေတဲ့ အဲ့ဒီ ရုပ်တုတွေကို ဖယ်ရှားမှုဟာ အမေရိကန်သမိုင်းကို ဖျောက်ဖျက်ပစ်မှာ မဟုတ်ဘဲ နိုင်ငံတွင်းမှာ ရှိတဲ့ လူမည်းတွေအပေါ် လေးစားမှုသင်္ကေတအဖြစ် မှတ်ယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Instagram ပို့စ်မှာ အသက် ၃၉ နှစ်အရွယ် အဆိုတော်က “ကျနော်ဟာ Tennessee ပြည်နယ်ကလာတယ်ဆိုတာ ခင်ဗျားတို့ တော်တော်များများ သိကြမှာပါ။ အဲ့ဒီပြည်နယ်ဟာ ခွဲထွက်ရေးခေါင်းဆောင်တွေရဲ့ ရုပ်တုတွေ တော်တော်များများ ရှိတဲ့နေရာဖြစ်ပါတယ်။ အဲ့ဒီရုပ်တုတွေကို ဘယ်လိုဆက်လုပ်ကြမလဲဆိုတော့ ဆွေးနွေးငြင်းခုံမှုတွေကို ကျနော် အနီးကပ်နားထောင်နေခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီအကြောင်း ကျနော် တမိနစ်လောက် အချိန်ယူ ပြောချင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

သူက “ကျနော်တို့ဟာ အမေရိကန်နိုင်ငံမှာ လူမျိုးရေးကို ဆန့်ကျင်မှုလုပ်မယ်ဆိုရင် ပြည်သူတွေက ကျနော်တို့က အမေရိကန်ကို ဆန့်ကျင်တာဖြစ်တယ်လို့ ယူဆကြတယ်။ ဘာလို့ဒီလိုမျိုး တုံ့ပြန်ရတာလဲ။ အမေရိကန်ဟာ လူမျိုးရေးခွဲခြားမှုကို ယုံကြည်ပြီး အဲ့ဒီကနေ အကျိုးအမြတ်ရနေတဲ့ အမျိုးသားတွေက တည်ဆောက်ထားတာကြောင့်လား။ ရိုးရိုးရှင်းရှင်းလေးပါ။ ဒါဟာ အရင်တုန်းက ခင်ဗျားတို့ကြားခဲ့ရတာတွေပါ။ အခုတော့ အဲ့ဒီဂုဏ်ယူနေကြတဲ့ အမျိုးသားတွေရဲ့ အနှိပ်စက်ခံ လူမည်းတွေကပါ နိုင်ငံတော်အတွက် ဂုဏ်ယူနေကြဆဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အမေရိကန်တလွှားမှာ ခွဲထွက်ရေးခေါင်းဆောင် ရုပ်တုပေါင်း ၂ ထောင်နီးပါးရှိနေဆဲဖြစ်ပြီး အဲ့ဒါကိုလက်မခံနိုင်ဘူးလို့ အဆိုတော် Timberlake က ဆိုပါတယ်။

သူက “အမေရိကန်နိုင်ငံမှာ ခွဲထွက်ရေးခေါင်းဆောင် ရုပ်တုပေါင်း ၁၈၄၈ ခု ရှိပါတယ်။ အဲ့ဒီအထဲက တဝက်လောက်က နိုင်ငံတောင်ပိုင်းမှာပါ။ အဲ့ဒါကို လက်မခံနိုင်ပါဘူး။ ခွဲထွက်ရေး ခေါင်းဆောင်တွေနဲ့ ကျွန်ပိုင်ရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်သူကမှ မကာကွယ်ပေးသင့်ပါဘူး”

“တကယ်လို့ ကျနော်တို့ ရှေ့ဆက်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် အဲ့ဒီရုပ်တုတွေကို ဖြိုလှဲရပါမယ်။ ဒါပေမဲ့ မှတ်ထားရမှာက အဲ့ဒီ ရုပ်တုတွေ ဖယ်ရှားမှုဟာ နိုင်ငံရဲ့ ဖိနှိပ်မှုသမိုင်းကြောင်းကို ဖျက်စီးပစ်မှာ မဟုတ်ပါဘူး။ အဲ့ဒါတွေကို ဖယ်ရှားမှုဟာ အမေရိကန်မှာရှိတဲ့ လူမည်းတွေကို လေးစားမှုသင်္ကေတဖြစ်လာမှာပါ။ တိုးတက်ဖို့နဲ့ တန်းတူညီမျှမှု ရှိဖို့အတွက် ခြေလှမ်းတခုဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အဲ့ဒီပို့စ်နဲ့အတူ အဆိုတော်ဟာ ရုပ်တုတွေရဲ့ သမိုင်းကြောင်းကို ရှင်းပြခဲ့ပြီး အဲ့ဒီရုပ်တုတွေအကောင်း ပိုမိုလေ့လာကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

Ref: contactmusic

You may also like these stories:

တွဲဖက် မင်းသမီးနဲ့ လက်ချင်းကိုင်မိလို့ ဇနီးဖြစ်သူကို တောင်းပန်လိုက်တဲ့ Justin Timberlake

The post အမေရိကန်မှာ ရုပ်တုတွေ ဖယ်ရှားပေးဖို့ Justin Timberlake တောင်းဆို appeared first on ဧရာဝတီ.

မိုးအောင်ရင်ဘက်မှ သက်သေ ၁၂ ယောက် တင်ထား

$
0
0

သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက တရားစွဲဆိုထားတဲ့ အမှုမှာတော့ နောက်ထပ်ရုံးချိန်းများမှာ မိုးအောင်ရင်အား စစ်ဆေးတော့မှာဖြစ်ပြီး မိုးအောင်ရင် အပါအဝင် သက်သေ ၁၂ ယောက် တင်ထားတယ်လို့ သိရပါတယ်။

“ကျမကို တယောက်ပဲ ခေါ်ထားတာဆိုတော့ ဒီနေ့ ပြီးသွားပြီ။ သူတို့ဘက်ကို စစ်ဖို့ပဲ ကျန်တော့တယ်။ သူတို့ဘက်ကတော့ သူပါ အပါအဝင်ဆိုရင် ၁၂ ယောက် တင်ထားတယ်” လို့ တရားလို ခင်မြတ်နိုးက ပြောပါတယ်။

ဒီကနေ့ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ ခင်မြတ်နိုးကို ပြန်ခေါ်သက်သေအဖြစ် အပြီးစစ်ဆေးပြီးဖြစ်တယ်လို့ သိရပါတယ်။

တရားလိုဖြစ်သူ ခင်မြတ်နိုး (ဓာတ်ပုံ – ယုဖြူဟန်/ဧရာဝတီ)

“ကျမကတော့ အမှန်အတိုင်းအကုန်ပြောထားပြီးသား တရားဥပဒေ အဆုံးအဖြတ်ပဲ ရှိတော့တာပေါ့။ အဆုံးအထိပဲ ဆက်သွားမှာပါ။မှန်မှန်ကန်ကန်ပဲ ဖြစ်သွားမှာပါ” လို့ ခင်မြတ်နိုးက ပြောပါတယ်။

“ဒီနေ့မှာတော့ တရားလိုဖြစ်သူ မခင်မြတ်နိုးကို စစ်ဆေးလို့ ပြီးသွားပါပြီ။ နောက်ရုံးချိန်းဖြစ်တဲ့ ၁၀ ရက်နေ့မှာ မိုးအောင်ရင်ဘက် အပြီးသတ် အကြိုညှိနှိုင်းကို ပြုလုပ်သွားမှာဖြစ်ပါတယ်” လို့ ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ မိုးအောင်ရင်ဘက်ကို စစ်ဆေးရန်အတွက် မှုခင်း စီမံခန့်ခွဲမှု အပြီးသတ် အစည်းအဝေး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တရားလိုဖြစ်သူ ခင်မြတ်နိုးဘက်မှ တရားလိုပြသက်သေ ၅ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုးအောင်ရင် အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

You may also like these stories:

အနုပညာကြေးမယူဘဲ ဂဠုန်ဦးစောနေရာက သရုပ်ဆောင်မယ့် ကိုဥက္ကာကျော်

မွေးနေ့အလှူ လုပ်ဖြစ်ပုံကို ပြောပြတဲ့ အောင်ရေချမ်း

စားဝတ်နေရေးအတွက် အွန်လိုင်းမှာ ဆန်ရောင်းနေတဲ့ လူရွှင်တော် ကံပွင့်

The post မိုးအောင်ရင်ဘက်မှ သက်သေ ၁၂ ယောက် တင်ထား appeared first on ဧရာဝတီ.

ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ

$
0
0

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားမှာ ဂဠုန်ဦးစော ဇာတ်ရုပ်နေရာ ရွေးချယ်ခံထားရတဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်နဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဆုပန်ထွာက အခုလိုပဲ ပြောပါတယ်။

“ဂဠုန်ဦးစော ကာရိုက်တာအတွက် ရွေးချယ်ခံရပြီးတော့ အမျိုးသားကို ပုံတွေ အများကြီး ရိုက်ထားတယ်။ ကိုဥက္ကာကို မိတ်ကပ်တွေ လိမ်းကြည့်တယ်။ အင်္ကျီတွေ ဝတ်ခိုင်းကြည့်တော့ တော်တော် တူတယ်။ ဦးစိုးမိုးရော၊ ကိုလူမင်းရော ကြည့်ပြီး မင်း တော်တော်တူတယ်ကွလို့ ပြောတယ်။ ဘာကြောင့် ရွေးချယ်လဲဆို အကျိုးအကြောင်း အားလုံးစုံသွားလို့သာ ရွေးချယ်ခံရတာလို့ ကျမ ထင်တယ်”

“ကိုလူမင်းကတော့ ကိုဥက္ကာကို ဘုရားတရားလေး ပိုလုပ်ခိုင်းပါလို့ ပြောတယ်။ သရုပ်မဆောင်ဖူးတော့ သူ အိုက်တင် မကောင်းရင် ရုပ်ဘယ်လောက်တူတူ အလကားပဲ။ အိုက်တင် လုပ်နိုင်ဖို့လည်း လိုတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သေချာ သင်ပေးမယ် ပြောတယ်။ မရိုက်ခင် ဇာတ်ညွှန်းတွေလည်း ပေးမယ်။ သေချာ ကျက်ထားရမယ်”လို့ ဆုပန်ထွာက ပြောပါတယ်။

ဇာတ်ရုပ်နေရာက ဗီလိန်နေရာ ဖြစ်တဲ့အတွက်လည်း အိုက်တင် မကောင်းမှာ စိုးတာကြောင့် ပထမက သရုပ်ဆောင်မစေချင်ဘူးလို့ ဆုပန်ထွာက ဆိုပါတယ်။

“ကျမကတော့ သူ့ကို စိတ်ပူတယ်။ အိုက်တင် မကောင်းသွားမှာ စိုးတယ်။ အနုပညာသမားတယောက်အနေနဲ့ ကြည့်ရင် ဗီလိန်နေရာ အိုက်တင် အရမ်းလုပ်ရမယ့်နေရာ၊ ကျမက မလုပ်စေချင်ဘူး။ ဒီနေရာက လူမုန်းမယ့် နေရာလည်း ဖြစ်တယ်။ သမိုင်းမကောင်းတဲ့ နေရာဆိုတော့ မလုပ်ပါနဲ့လို့ ပြောခဲ့တယ်”

“တကားလုံးကောင်းပြီး ကိုဥက္ကာ အိုက်တင် မကောင်းရင် ပျက်သွားမှာစိုးလို့ ကျမ ခွင့်မပြုခဲ့တာ။ ပရိသတ်တွေက အရမ်းအားပေးပြီး mention တွေ ခေါ်ကြ၊ ဂဠုန်ဦးစောနဲ့ တူတယ် ရိုက်သာရိုက်လို့ ပြောလာတဲ့ ပရိသတ်တွေ များလာတော့ လျှောက်လွှာတင်ဖို့ ခွင့်ပြုလိုက်တာ”လို့ ဆုပန်ထွာက ပြောပါတယ်။

အခုလို “အောင်ဆန်း” ရုပ်ရှင်မှာ ပါဝင်ခွင့်ရတဲ့အတွက် ခင်ပွန်းဖြစ်သူကို ဂုဏ်ယူတယ်လို့ ဆိုပြီး နောက်ကနေ လိုအပ်တာ ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

“ကျမကတော့ ဗိုလ်ချုပ်ရုပ်ရှင်မှာ နိုင်ငံတော်အတွက် တတပ်တအား ပါဝင်ခွင့်ရတာနဲ့ကို ဝမ်းသာရတယ်။ အခုလို အောင်ဆန်းရုပ်ရှင်မှာ ပါဝင်ခွင့်ရတာနဲ့ကို ဂုဏ်ယူနေတာပေါ့။ ကိုဥက္ကာကလည်း တူတယ်လို့ ပြောတာနဲ့တင် ပျော်နေတာ။ ပါရတဲ့အတွက် ပျော်တယ်။ သူပါရတဲ့ နေရာလေးအတွက် ကျမ နောက်ကနေ လိုအပ်တာအကုန် ကြိုးစားပြီး ပံ့ပိုးပေးပါမယ်”လို့ ဆုပန်ထွာက ပြောပါတယ်။

သရုပ်ဆောင် ဆုပန်ထွာကတော့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်နဲ့အတူ သားလေး တဦး မွေးဖွားထားပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။

You may also like these stories:

ဗိုလ်ချုပ်အောင်းဆန်း အတ္ထုပ္ပတ္တိ မူကြမ်းစာအုပ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ

ဂဠုန်ဦးစော ဇာတ်ရုပ် လူပြောင်းတဲ့အကြောင်း ပြောပြတဲ့ လူမင်း

The post ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ appeared first on ဧရာဝတီ.

ထိထိရောက်ရောက်ဖြစ်မယ့် ကာရိုက်တာမျိုး ရိုက်ချင်သေးတဲ့ ဈူးဈူးဈာန်

$
0
0

MRTV-4 ရုပ်သံလိုင်းမှာ လက်ရှိပြသနေတဲ့ “ဂျီဟောသူ” ဇာတ်လမ်းတွဲမှာ မမခင် နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ဈူးဈူးဈာန်ကတော့ ထိထိရောက်ရောက်ဖြစ်မယ့် ကာရိုက်တာမျိုးကို ရိုက်ချင်သေးတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဈူးရဲ့ဆန္ဒကတော့ တကယ့်ကို လုပ်ကွက်ရှိရှိနဲ့ လူမုန်းရင်မုန်းပါစေ၊ တကယ့်ကို လုပ်ကွက်များမယ်၊ ဆင်းန်များတဲ့ ကာရိုက်တာကို ရိုက်ချင်တယ်။ အခု ကိုယ်ရိုက်ခဲ့တဲ့ ဆင်းန်တွေလည်း များတယ်။ လုပ်ကွက်တွေလည်း ရှိတယ်။ ဒါပေမဲ့ တကယ့်ကို ထိထိရောက်ရောက် ဖြစ်မှာမျိုးလည်း ရိုက်ချင်သေးတာပေါ့။ ရှေ့လျှောက်ရိုက်ရပါစေလို့တော့ ဆုတောင်းပါတယ်”လို့ ဈူးဈူးဈာန်က ပြောပါတယ်။

သရုပ်ဆောင်တာနဲ့ ပတ်သက်လို့ လောဘတွေ ရှိနေသေးပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်တဲ့ထဲမှာ ပါတဲ့အတွက် အများကြီးသင်ယူရဦးမှာလို့ ဆိုပါတယ်။

“ဖြည့်ဖို့ကတော့ အများကြီး လိုအပ်သေးတာပေါ့။ သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့ လောဘတွေ ရှိနေသေးတယ်။ ကိုယ်က ဇာတ်လမ်းတခု ရိုက်လိုက်တယ်။ ရိုက်တုန်းတော့ ဟုတ်နေပြီ။ လွှင့်လို့ ပြန်ကြည့်ရင် အားမရဘူး။ ငါအဲ့တုန်းက ဒီလိုလုပ်လိုက်ရမှာဆိုပြီး အားမလို အားမရဖြစ်တဲ့ထဲမှာ ဈူးပါတယ်။ အများကြီး သင်ယူရဦးမှာပါ” လို့ ဈူးဈူးဈာန်က ပြောပါတယ်။

သရုပ်ဆောင်ပညာအတွက် MRTV 4 မှ ပေးတဲ့ သင်တန်းများကို တက်နေပြီး ကိုရီးယားကားတွေကြည့်ပြီးလည်း ပညာတွေရတယ်လို့ ဆိုပါတယ်။

“ကိုရီးယားကားတွေ ကြည့်တယ်။ ရုံးကသင်တန်းတွေ ပေးတာ တက်တယ်။ အဲ့ကနေပဲ ပညာတွေရတယ်။ သင်ယူနေဆဲပေါ့။ ကိုယ်တိုင် ကြိုက်ခဲ့တဲ့ ဇာတ်ကောင်ဆိုရင် အရိပ်၊ အဲ့ထဲက ခင်ဦးဆိုတဲ့ ကာရိုက်တာလေးကို အရမ်းကြိုက်တယ်။ ရိုက်ကွင်းပေါ်မှာ ဒရာမာတွေ များတယ်၊ ငိုရတယ်။” လို့ ဈူးဈူးဈာန်က ပြောပါတယ်။

ကိုဗစ်ကာလ မတိုင်ခင်က “My Dear Heart” ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးနေတာဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာတော့ အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ အတွင်းရေးမှူးနေရာက သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“My Dear Heart ဆိုတဲ့ကားလေးရိုက်နေတာ ၂ ဆင်းန် လောက်ပဲ ရိုက်ရသေးတယ်။ အခုလို ဒီကာလဖြစ်တော့ နားလိုက်ရတယ်။ ရိုက်ကူးခွင့်တွေရရင် ဆက်ရိုက်ဖို့ ရှိပါတယ်။ အတွင်းရေးမှူး ကေသီပေါ့။ တီမို့ (မို့မို့မြင့်အောင်) ရဲ့ အတွင်းရေးမှူးပေါ့။ အဲ့ကားလေး ရိုက်ရတာ အရမ်းပျော်တာပဲ။ တီမို့နဲ့ ဆုံဖို့ကလည်း မလွယ်ဘူးလေ။ တီမို့ရဲ့အတွင်းရေးမှူးဆိုတော့ တချိန်လုံး သူ့အနားမှာ နေရတာဆိုတော့ အများကြီးသင်ပေးတယ်။ အဲဒီအတွက် အများကြီး ဂုဏ်ယူတယ်” လို့ ဈူးဈူးဈာန်က ပြောပါတယ်။

ဈူးဈူးဈာန်ကတော့ ၂၀၁၂ ခုနှစ်ကတည်းက MRTV-4 မှာ ပြသခဲ့တဲ့ “ထာဝရမန္တလေး” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ အခုအချိန်ထိ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ တဦး ဖြစ်ပါတယ်။

You may also like these stories:

ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ

ဖားကန့်မှာ အသက်တွေ ဆုံးရှုံးရတဲ့အပေါ် ကိုယ်ချင်းစာမိတဲ့ J Naw

The post ထိထိရောက်ရောက်ဖြစ်မယ့် ကာရိုက်တာမျိုး ရိုက်ချင်သေးတဲ့ ဈူးဈူးဈာန် appeared first on ဧရာဝတီ.


ကိုဗစ်ကာလပြီးရင် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိနေတဲ့ မေမြင့်မိုရ်

$
0
0

COVID-19 ရောဂါ ကူးစက်မှုတွေကြောင့် အနုပညာအလုပ်များ ရပ်နားထားရပြီး ကိုဗစ်ကာလ ပြီးသွားရင်တော့ ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ရှိတယ်လို့ မေမြင့်မိုရ်က ပြောပါတယ်။

“လောလောဆယ်တော့ လက်ခံထားတဲ့ Music Video တွေ၊ ကြော်ငြာတွေတော့ ပြန်ရိုက်နေပြီ။ ကိုဗစ် ပြီးရင် ရုပ်ရှင်တွေ ပြန်ရိုက်ဖို့ ရှိပါတယ်။ ကိုဗစ် မတိုင်ခင်ကတည်းက ပြောထားတာတွေ ရှိတယ်။ အဓိကက စီးရီးပေါ့။ စီးရီးကလည်း ဒီနှစ်ထဲမှာ မရိုက်ရသေးဘူးဆိုတော့ စီးရီး ပြန်ရိုက်ဖို့ ရှိတယ်။ ရိုက်ခွင့်ရလို့ ရိုက်မယ်ဆိုရင် ကိုယ်လည်း ရိုက်မှာပေါ့”လို့ မေမြင့်မိုရ်က ပြောပါတယ်။

ကိုဗစ်လူနာ စတွေ့စဉ် အချိန်က အရမ်းကြောက်ခဲ့ရပြီး အချိန်ကြာလာတာနဲ့အမျှ အသားကျလာပေမယ့် အပြင်သွားရင်တော့ Mask တပ်နေရတုန်းပဲလို့ မေမြင့်ရ်က ဆိုပါတယ်။

“ကိုဗစ် စဖြစ်ဖြစ်ချင်းတုန်းကတော့ အရမ်းကြောက်တယ်။ အချိန်လည်း ကြာလာတယ်။ မြန်မာနိုင်ငံက တခြားနိုင်ငံတွေလိုလည်း မဟုတ်ဘဲ နည်းနည်း ထိန်းချုပ်လို့ရတယ်ဆိုတော့ အပြင်သွားရင် Mask တပ်တာတွေကတော့ လုပ်တုန်းပေါ့”

“ရိုက်ကူးရေးတွေ နားထားရတာပေါ့။ ပွဲတွေပေါ့။ ရိုက်ကူးရေးတွေ စည်းကမ်းတကျလုပ်ရင် ပြန်စလို့ ရရင်တော့ ရိုက်မှာပေါ့။ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတိုင်းလိုက်နာရင်တော့ အကောင်းဆုံးပေါ့”လို့ မေမြင့်မိုရ်က ပြောပါတယ်။

သရုပ်ဆောင် သျှင်းမြတ်နဲ့ မေမြင့်မိုရ်

မေမြင့်မိုရ်ကတော့ သူ့ရဲ့ မောင်လေး သျှင်းမြတ်လည်း အနုပညာ အလုပ်တွေ လုပ်နေပြီဖြစ်တဲ့အတွက် အစ်မတယောက်အနေနဲ့ မောင်လေးကို ပိုပြီး စိတ်ပူရတယ်လို့ ဆိုပါတယ်။

“အနုပညာရှင်ဆိုတာကတော့ မောင်လေးမှ မဟုတ်ဘူး။ တိုက်ခိုက် ပြောဆိုခံရတာပဲ။ အချိန်တန်ရင် ပြီးသွားမှာပဲ။ ကိုယ်တိုင် ကြိုးစားနေဖို့ပဲ လိုတယ်။ ဝေဖန်ပြောဆိုတာကို ကိုယ်ကြုံရင် ခံနိုင်တယ်။ မောင်လေးကြုံရရင်တော့ ပိုပြီး စိတ်ပူတယ်။ အဲ့တော့ ကိုယ်က စိတ်ပင်ပန်းတယ်။ အဓိကက အိမ်မှာက ကိုယ်တိုင် ဖြစ်ရင် စိတ်နည်းနည်းဖြေလို့ ရတယ်”

“မောင်လေး တခုခုဖြစ်ရင် အဖေရော အမေ ရောက ကိုယ့်ကို ပြောတော့ Stress တွေ ပိုများတယ်။ အနုပညာလောကမှာပဲဖြစ်ဖြစ်၊ အပြင်လောကမှာပဲဖြစ်ဖြစ် ကိုယ့်ကို မနာလို တိုက်ခိုက်သူတွေကတော့ ရှိမှာပဲ။ ကိုယ့်ဘက်ကတော့ စိတ်ကို အေးအေးဆေးဆေးပဲ ဖြေရတယ်။ စိတ်ညစ်တာတို့၊ စိတ်ပင်ပန်းတာတို့ဆို အရမ်းပူလောင်တယ်”

“ဆရာတော်တွေကိုလည်း လျှောက်တယ်။ တိုက်ခိုက်ခံရတာတို့ စိတ်ညစ်နေတာတို့ဆို ဘယ်လို လုပ်သင့်လဲ။ ဘယ်အရာက အကောင်းဆုံးလဲ မေးတော့ တရားထိုင်တာက အကောင်းဆုံးပဲ။ စိတ်လည်း တည်ငြိမ်တယ်။ အခုနောက်ပိုင်းတော့ တရားထိုင် ဖြစ်တယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။

မနာလို တိုက်ခိုက်ကြသူတွေကို လှည့်မကြည့်ဘဲ ကိုယ်တိုင် ကြိုးစားနေပြီး မောင်နှမ နှစ်ယောက်ပဲ ရှိတဲ့အတွက် တခုခုဆိုလည်း မောင်နှမ နှစ်ယောက် တိုင်ပင်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ့်မနာလိုသူတွေကို လှည့်ကြည့်မနေနဲ့ပေါ့။ လှည့်ကြည့်တဲ့အချိန်က ကိုယ်ပဲ ကျန်ခဲ့မှာဆိုတော့ ကိုယ့်ရှေ့ကို ကြည့်ပြီးပဲ ကြိုးစားနေတယ်။ မောင်လေးလည်း အဲ့လိုပဲ မှာတယ်။ မောင်နှမ နှစ်ယောက်ပဲ ရှိတော့ တခုခုဆို တိုင်ပင်ဖြစ်တယ်။ တယောက်တည်း တွေဝေတာတော့ မရှိဘူး။ တမိသားစုလုံးကို ဘာကိစ္စမဆို ပြောပြတယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။

မေမြင့်မိုရ်ကတော့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်နေသူ ဖြစ်ပြီး မောင်လေးဖြစ်သူ သျှင်းမြတ်နဲ့ အတူ အနုပညာ အလုပ်တွေ လုပ်ကိုင်နေပါတယ်။

You may also like these stories:

“အရိပ်” ဇာတ်လမ်းထဲက စုစုလှိုင်ဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်ထားတယ်ဆိုတဲ့ မေမြင့်မိုရ်

“ကျန်းမာရေး ဝန်ထမ်းတွေကို ဂုဏ်ယူတယ်”လို့ သရုပ်ဆောင် မေမြင့်မိုရ် ပြော

The post ကိုဗစ်ကာလပြီးရင် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိနေတဲ့ မေမြင့်မိုရ် appeared first on ဧရာဝတီ.

အမေရိကန် သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်မယ်လို့ Paris Hilton ပြော

$
0
0

အမေရိကန် Rap အဆိုတော် Kanye West က အခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် လူတော်တော်များများက အဲ့ဒါဟာ စတန့်ထွင်လုံး သက်သက်သာဖြစ်တဲ့အကြောင်း ဝေဖန်ခဲ့ကြပါတယ်။

အခုလိုမျိုး အဆိုတော် West ရဲ့ ကြေညာချက်အပေါ် နာမည်ကျော် အနုပညာရှင်တော်တော်များများက ဟာသအဖြစ် အရွှန်းဖောက် ပြောဆိုခဲ့ကြပါတယ်။ မင်းသမီး Tiffany Haddish က သူလည်း သမ္မတအဖြစ် ရွေးကောက်ခံမယ်လို့ ရွှတ်နောက်နောက် ပြောခဲ့ပါတယ်။ သူတို့တွဲဖက်အဖြစ် ဟာသပညာရှင် Dave Chappelle ကို ရွေးချယ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်မီဒီယာတွေမှာ ထင်ရှားသူ Paris Hilton ကလည်း အဲ့ဒီလို ဟာသနှော ပြောဆိုမှုမှာ ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့မှာ သူလည်း သမ္မတအဖြစ် ရွေးကောက်ပွဲ ဝင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် Hilton က နောက်ခံမှာ အိမ်ဖြူတော်ကို ပန်းရောင် ပြောင်းထားပြီး ပန်းရောင် ဝတ်စုံ ဝတ်ဆင်ထားကာ ခွေးလေးနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံကို တင်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံအတွက် ပုံစာမှာ “သမ္မတဖြစ်မယ့် Paris” လို့ ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၁၆ ခုနှစ်မှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကမ်ပိန်း ကြွေးကြော်မှုဖြစ်တဲ့ “Make America Great Again”ကို ဆင်တူ တုပတဲ့အနေနဲ့ သူ့ရဲ့ ကမ်ပိန်းကြွေးကြော်မှုကို “Make America Hot Again” လို့ သတ်မှတ်မှာ ဖြစ်တဲ့အကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက် Hilton ဟာ “Paris for President” ဆိုတဲ့ ဗီဒီယိုကို တင်ခဲ့ပြီး အဲ့ဒီဗီဒီယိုထဲမှာ သူရဲ့ အင်တာဗျူး တခုကို ဖော်ပြထားပါတယ်။ အဲ့ဒီ အင်တာဗျူးထဲမှာ သူ့ရဲ့ တွဲဖက်ရွေးကောက်ခံသူအဖြစ် အဆိုတော် Rihanna ကို ရွေးချယ်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့မှာတော့ သူဟာ Oval Office ထဲက သမ္မတစားပွဲပေါ်မှာ လဲလျောင်းနေတဲ့ ပုံစံနဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံ ၂ ပုံကို တင်ခဲ့ပါတယ်။ ပုံစာမှာတော့ကတော့ “Oval Office ဟာ ပြန်ပြင်ဆင်ဖို့နဲ့ အမျိုးသမီး တယောက်ရဲ့ ထိတွေ့မှုကို လိုနေပြီဖြစ်တယ်လို့ ကျမ ဆုံးဖြတ်ထားပါတယ်”လို့ ရေးသားထားပါတယ်။

Ref: straitstimes

You may also like these stories:

ကိုဗစ်ကာလပြီးရင် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိနေတဲ့ မေမြင့်မိုရ်

ထိထိရောက်ရောက်ဖြစ်မယ့် ကာရိုက်တာမျိုး ရိုက်ချင်သေးတဲ့ ဈူးဈူးဈာန်

ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ

The post အမေရိကန် သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်မယ်လို့ Paris Hilton ပြော appeared first on ဧရာဝတီ.

ဟောလိဝုဒ် မှုခင်းရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Donnie Yen

$
0
0

မင်းသား Donnie Yen ဟာ “Golden Empire” လို့ အမည်ရတဲ့ ဟောလိဝုဒ် ရုပ်ရှင်အသစ်တကားကို ကိုယ်တိုင် ထုတ်လုပ်ပြီး ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

အသက် ၅၆ နှစ်အရွယ် မင်းသားဟာ အဲ့ဒီ သည်းထိတ်ရင်ဖိုရုပ်ရှင်မှာ အမေရိကန်နဲ့ မက္ကဆီကို အစိုးရတွေက အလိုရှိနေတဲ့ ဘိန်းဘုရင်တဦးအနေနဲ့ သရုပ်ဆောင်မှာ ဖြစ်တယ်လို့ Deadline မီဒီယာမှာ ဖော်ပြပါတယ်။ အခုရုပ်ရှင်ကတော့ နိုင်ငံတကာမှာ အအောင်မြင်ဆုံး မူးယစ်ရာဇာတဦးရဲ့ အတွင်းပိုင်း ဘဝအကြောင်းနဲ့ အဲ့ဒီဇာတ်ကောင်ရဲ့ ရှုပ်ထွေးမှုတွေကို ဖော်ထုတ်ပြသမှာ ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ကို ငွေကြေးစိုက်ထုတ်မယ့် Starlight Media ရဲ့ စီအီးအို Peter Luo က ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Chasing The Dragon” ရုပ်ရှင်ထဲက တကယ့် ဂိုဏ်းစတားတဦးအဖြစ် မင်းသားရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရှုခဲ့ပြီးတဲ့နောက် မင်းသားကို သူ့ရဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်စေချင်ခဲ့တာလို့ ဆိုပါတယ်။

Luo က “Donnie ရဲ့ အရည်အချင်းတွေကတော့ ငြင်းလောက်စရာ မရှိပါဘူး။ ပြီးတော့ ဒီလိုမျိုးကောင်းမွန်တဲ့ ဇာတ်လမ်း တခုကို အသက်သွင်းဖို့ စိတ်ကူးယဉ် ပုံဖော်မယ့်နေရာမှာ အသုံးချနိုင်မှာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Golden Empire ရုပ်ရှင်ဟာ အာရှ သရုပ်ဆောင်တယောက်က ကမ္ဘာတဝှမ်းက ပရိသတ်တွေအတွက် ရည်ရွယ်ပြီး ဦးဆောင်မယ့် ပထမဆုံး မူးယစ်ဆေးဝါးအခြေပြု ရုပ်ရှင်ဖြစ်ပြီး အာရှ၊ မြောက်အမေရိကနဲ့ တောင်အမေရိကတိုက်တွေအထိ အဲ့ဒီရုပ်ရှင်က ကျယ်ပြန့်နိုင်မှာ ဖြစ်တဲ့အကြောင်း Luo က ပြောဆိုထားပါတယ်။

မင်းသား Yen ဟာ ဟောလိဝုဒ်နဲ့ စိမ်းတဲ့သူတော့ မဟုတ်ပါဘူး။ သူဟာ “Rogue One: A Star Wars Story” ရုပ်ရှင်နဲ့ “xXx: Return Of Xander Cage” ရုပ်ရှင်တွေမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ Ip Man ရုပ်ရှင် ၄ ကားမှာလည်း သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် သြဂုတ်လထဲမှာ ရုံတင်ဖို့ရှိတဲ့ “Mulan” ရုပ်ရှင်မှာလည်း ပါဝင်လာဦးမှာပါ။ မင်းသားဟာ ၂၀၁၂ ခုနှစ်က အထူးနာမည်ကျော်ကြားခဲ့တဲ့ ဗီဒီယိုဂိမ်းတခုကို အခြေခံထားတဲ့ အက်ရှင်ရုပ်ရှင် “Sleeping Dog” မှာလည်း ပါဝင် သရုပ်ဆောင်ဦးမှာပါ။ အဲ့ဒီရုပ်ရှင်မှာ သူဟာ ဟောင်ကောင်လျှို့ဝှက်အဖွဲ့တဖွဲ့ကို ဖော်ထုတ်ရမယ့် ရဲအရာရှိတဦးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။

Ref: cnalifestyle

You may also like these stories:

ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ

ထိထိရောက်ရောက်ဖြစ်မယ့် ကာရိုက်တာမျိုး ရိုက်ချင်သေးတဲ့ ဈူးဈူးဈာန်

ကိုဗစ်ကာလပြီးရင် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိနေတဲ့ မေမြင့်မိုရ်

The post ဟောလိဝုဒ် မှုခင်းရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Donnie Yen appeared first on ဧရာဝတီ.

ကိုဗစ်ကြောင့် မဲလ်ဘုန်းမြို့ကို ဒုတိယအကြိမ် Lockdown ပြန်ချ

$
0
0

သြစတြေးလျနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်နေပါတယ်။ ဒါကြောင့်လည်း သြစတြေးလျ အစိုးရအနေနဲ့ ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ မဲလ်ဘုန်းမြို့ကို ဒုတိယအကြိမ် Lockdown ပြန်ချခဲ့ပါတယ်။ မဲလ်ဘုန်းမြို့ဟာ သြစတြေးလျမှာ ဒုတိယအကြီးဆုံးမြို့တော် ဖြစ်ပါတယ်။

ကိုဗစ် ကူးစက်မှု ပြန်လည် မြင့်တက်လာတဲ့အတွက် လူဦးရေ ၅ သန်းနီးပါး နေထိုင်တဲ့ မဲလ်ဘုန်းမြို့ကို ၆ ပတ်ကြာ Lockdown ချသွားမှာဖြစ်သလို မရှိမဖြစ် လိုအပ်တဲ့ အကြောင်းပြချက်က လွဲပြီး အိမ်ပြင်ထွက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း မြို့တော်ပတ်ဝန်းကျင်မှာ အချိန်မရွေး၊ နေရာမရွေး စစ်ဆေးမှုတွေ ပြုလုပ်သွားပါလိမ့်မယ်။

မဲလ်ဘုန်းမြို့ဟာ ဗစ်တိုးရီးယားပြည်နယ်နဲ့ နယ်နိမိတ်ချင်း နီးစပ်နေပြီး ကိုဗစ်ကူးစက်မှု ပြန်လည် မြင့်တက်ခဲ့တဲ့အတွက် ပြည်နယ် နယ်စပ်ဂိတ်တွေကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက ပြန်လည် ပိတ်ပင်ခဲ့ပါတယ်။ မဲလ်ဘုန်းမြို့ဟာ ကူးစက်သူ အရေအတွက် ပြန်လည် မြင့်မားလာခဲ့ပေမယ့် မဲလ်ဘုန်းမြို့သား တွေရဲ့ ခံနိုင်ရည်ရှိမှုကို ဝန်ကြီးချုပ်ဖြစ်သူ Scott Morrison က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

တဆက်တည်းမှာပဲ ဝန်ကြီးချုပ်က အခုကြုံတွေ့နေရတဲ့ စွန့်လွှတ် အနစ်နာခံမှုဟာ မဲလ်ဘုန်းမြို့တမြို့တည်းအတွက်သာ မဟုတ်ဘဲ သြစတြေးလျနိုင်ငံသားတွေအတွက်ပါ အကျိုးရှိတဲ့ စွန့်လွှတ်မှုဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။

ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ်ဖြစ်သူ Daniel Andrews ကလည်း မဲလ်ဘုန်းမြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့အတွင်း ကူးစက်လူနာ ၁၉၁ ယောက် တွေ့ရှိခဲ့တဲ့အတွက် ကပ်ရောဂါဆိုး နောက်တကြိမ် ပြန်စနေပြီလို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သြစတြေးလျနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူ အရေအတွက် ၉,၀၅၆ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၁၀၆ ယောက် ရှိသွားခဲ့ပါပြီ။ ကမ္ဘာတဝှမ်းလုံးမှာလည်း ကူးစက်သူအရေအတွက် ၁၂ သန်း ကျော်သွားခဲ့ပါပြီ။

သြစတြေးလျနိုင်ငံအနေနဲ့ ဧပြီလအတွင်းမှာ COVID-19 ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ သုံးသပ်ခဲ့ပြီးနောက် ဇူလိုင်လအတွင်းမှာတော့ ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဝန်ထမ်းတွေကို နေအိမ်ကနေသာ အလုပ်လုပ်ခိုင်းပြီး မရှိမဖြစ် လိုအပ်တဲ့ ကိစ္စအတွက်သာ အပြင်ထွက်ကြဖို့ သြစတြေးလျအစိုးရက တိုက်တွန်းထားပါတယ်။

Ref: BBC

You may also like these stories:

ဟောလိဝုဒ် မှုခင်းရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Donnie Yen

အမေရိကန် သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်မယ်လို့ Paris Hilton ပြော

ကိုဗစ်ကာလပြီးရင် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိနေတဲ့ မေမြင့်မိုရ်

The post ကိုဗစ်ကြောင့် မဲလ်ဘုန်းမြို့ကို ဒုတိယအကြိမ် Lockdown ပြန်ချ appeared first on ဧရာဝတီ.

ပျောက်ဆုံးနေတဲ့ မင်းသမီး Naya Rivera သေဆုံးပြီလို့ ယူဆရ

$
0
0

အမေရိကန်မင်းသမီး Naya Rivera ဟာ လတ်တလောမှာ ပျောက်ဆုံးနေပြီး သေဆုံးပြီလို့ ယူဆရကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်၊ နေ့လယ်ချိန်က ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Piru ရေကန်ထဲက လှေတစင်းပေါ်မှာ “Glee” ရုပ်သံစီးရီးမင်းသမီး Naya ရဲ့အသက် ၄ နှစ်အရွယ် သားလေး Josey ကို တယောက်တည်း တွေ့ရှိခဲ့ရပြီးတဲ့နောက် မင်းသမီးကို ရှာဖွေရေး လုပ်ငန်းစဉ်တွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

TMZ မီဒီယာရဲ့အဆိုအရ မင်းသမီးရဲ့ ခင်ပွန်းဟောင်း Ryan Dorsey နဲ့ ရရှိခဲ့တဲ့ သားလေး Josey ကို အိပ်ပျော်လျက် အနေအထားနဲ့ ငှားရမ်းထားတဲ့ လှေတခုပေါ်မှာ အခြား လှေစီးနင်းသူတဦးက တွေ့ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ မိခင်ဟာ ရေကူးနေခဲ့တာ ဖြစ်ပေမယ့် လှေပေါ်ကို ပြန်တက်မလာခဲ့ကြောင်း Ventura ကောင်တီ ရဲမှူးကြီးထံ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ရေငုပ်သမားတွေက အဲ့ဒီရေကန်ထဲကို ချက်ချင်းဆိုသလို ရှာဖွေမှုတွေ စတင်ခဲ့ပေမယ့် ညမိုးကြီးချုပ်လို့ ရှာဖွေရေးလုပ်ငန်းတွေ ရပ်နားလိုက်ရချိန်အထိ မင်းသမီးရဲ့ သဲလွန်စကို တွေ့ရှိခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ရဲဌာနကလည်း ရေနစ်ပြီလို့ ယူဆရတဲ့ မင်းသမီးကို ကယ်တင်ဖို့ လေကြောင်းနဲ့ ရေငုပ်အဖွဲ့တွေ စေလွှတ်ထားတယ်လို့ ပြောပါတယ်။

မင်းသမီး Naya ရဲ့ အသက်ကယ်အင်္ကျီက လှေပေါ်မှာ ရှိနေဆဲဖြစ်ပြီး သူ့ရဲ့ ပိုက်ဆံအိတ်ကိုလည်း လှေငှားရမ်းတဲ့ ကုမ္ပဏီအနီးနားက ပါကင်ထဲမှာ ထိုးထားတဲ့ ကားထဲမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မင်းသမီးရဲ့ သားလေး Josey ကတော့ အခြေအနေကောင်းမွန်ပြီး မိသားစုဝင်တွေနဲ့အတူ ရှိနေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၉ ရက်နေ့ မိုးလင်းတာနဲ့ ရှာဖွေရေးလုပ်ငန်းတွေကို ပြန်လည် စတင်ခဲ့ပါတယ်။ အခု သီတင်းပတ်အစောပိုင်းတုန်းက အသက် ၃၃ နှစ်အရွယ် မင်းသမီးဟာ သူ့ရဲ့ သားလေးကို ပွေ့ဖက်ထားတဲ့ ဓာတ်ပုံတပုံကို သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ တင်ခဲ့ပါတယ်။

ပုံစာမှာတော့ “ကျမတို့ နှစ်ယောက်သာ” လို့ ရေးသားခဲ့ပါတယ်။ မင်းသမီးဟာ မကြာသေးခင်တုန်းက သားလေးကို ချီးမွမ်းခဲ့ပြီး သားဖြစ်သူက တနေ့ သူ့ခြေရာကို နင်းနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ “သားလေးက နေ့တိုင်း ပြဇာတ်တွေ လေ့ကျင့်တယ်။ သူဟာ ပြဇာတ်မင်းသားလေး တယောက် ဖြစ်လာနိုင်တယ်”လို့ ဆိုပါတယ်။

မင်းသမီးဟာ သားလေးကို “Step Up: High Water” ရိုက်ကွင်းဆီ ခေါ်လာခဲ့ဖူးပြီး ကင်မရာရှေ့မှာ မိခင်နဲ့အတူ ပါဝင်ရမှာကို ကြောက်လန့်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မင်းသမီးက “ကျမက ရိုက်ကူးရေး လုပ်နေခဲ့တယ်။ သူက ရိုက်ကွင်းပေါ်မှာ ကျမကို ကြည့်နေခဲ့တယ်။ ကျမတို့ နောက်တဆင်းန် မရိုက်ခင်မှာ သူက သားလည်း မေမေနဲ့အတူ အလုပ်လုပ်ချင်တယ်တဲ့။ ကျမကလည်း မင်းလည်း မေမေနဲ့ အလုပ်လုပ်ရမှာပေါ့လို့ ပြန်ပြောလိုက်တယ်” လို့ ပြောဆိုဖူးပါတယ်။

You may also like these stories:

မင်းသမီး မီဂန်မာကယ်နဲ့အတူ ရုပ်ရှင်ရိုက်ဖို့ ကြိုးပမ်းနေတဲ့ Tom Cruise

စကားလက် ဂျိုဟန်ဆန်ရဲ့ အိမ်ထောင်ကွဲ ဇာတ်လမ်းတွေကို မြင်ရမယ့် “Marriage Story” ရုပ်ရှင်

The post ပျောက်ဆုံးနေတဲ့ မင်းသမီး Naya Rivera သေဆုံးပြီလို့ ယူဆရ appeared first on ဧရာဝတီ.

Irrfan Khan ဆီကနေ အရာအားလုံး ခိုးယူချင်တယ်လို့ Tom Hanks ပြော

$
0
0

နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီးတဲ့နောက် မင်းသားကြီး Tom Hanks ဟာ ဟောလိဝုဒ်မှာ စိတ်သဘောမနော အကောင်းဆုံး ပုဂ္ဂိုလ်ဆိုတဲ့ နာမည်ကျော်ကြားမှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ပရိသတ်တွေဟာ မင်းသားကြီးနဲ့ သူတို့တွေ တွေ့ဆုံချိန်မှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေအကြောင်း၊ မင်းသားကြီးဟာ သူတို့အတွက် ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အကြောင်း ပြောဆိုကြတာတွေလည်း ရှိပါတယ်။

တခါက ဒါရိုက်တာကြီး Steven Spielberg က “တကယ်လို့ Norman Rockwell သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် Tom ရဲ့ ပုံတူပန်းချီကို ရေးဆွဲဦးမှာဖြစ်တယ်” လို့ ပြောဆိုခဲ့ဖူးပါတယ်။

၂၀၁၉ ခုနှစ်တုန်းက မင်းသားကြီးက “ကျနော်က ဘယ်သူ့ကိုမှ ကြောက်ရွံ့အောင် မလုပ်ခဲ့ဘူးဆိုတာကို သိခဲ့တာ အချိန်တော်တော်တော့ ကြာခဲ့ပါပြီ။ ကျနော့်မှာ ပုန်းကွယ်နေတဲ့ ထူးခြားတဲ့အစွမ်း ရှိတယ်လို့ ထင်ပါတယ်” လို့ The New York Times သတင်းစာကို ပြောဆိုခဲ့ဖူးပါတယ်။ မင်းသားကြီး Hanks ဟာ ဇူလိုင်လ ၉ ရက်နေ့မှာ အသက် ၆၄ နှစ်ပြည့်ခဲ့တာ ဖြစ်ပါတယ်။

မင်းသားကြီးဟာ Inferno ရုပ်ရှင်မှာ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ ကွယ်လွန်သူ မင်းသား Irrfan Khan အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ သူက “Irrfan Khan အကြောင်း မကြိုက်တဲ့ အချက်တချက် ရှိတယ်။ ကျနော်က အားလုံးထဲမှာ အပြတ်မိုက်တဲ့သူလို့ ထင်ခဲ့တာ။ လူတိုင်းက ကျနော် ပြောတဲ့စကားလုံးတိုင်းကို သေချာနားထောင်ကြတယ်”

“ကျနော်ရှိပြီဆိုရင် လူတိုင်းက နည်းနည်းတော့ ရှိန်ကြတယ်။ ဒါပေမဲ့ Irrfan Khan ရောက်လာပြီဆိုရင်တော့ သူဟာအခန်းထဲမှာ အလန်းဆုံးလူ ဖြစ်သွားတော့တာပါပဲ” လို့ သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောဆိုခဲ့ပါတယ်။ မင်းသား Irrfan ရဲ့ သရုပ်ဆောင်တဲ့ပုံစံကို သဘောကျပြီး သူတို့အတိုင်း လိုက်လုပ်ဖို့တောင် ကြိုးစားခဲ့တယ်လို့ မင်းသားကြီး Hanks က ဆိုပါတယ်။

မင်းသားကြီးက “ကျနော်က သူ့ဆီကိုသွားပြီးတော့ Irrfan Khan ရေ၊ ငါ မင်းဆီက နိုင်သလောက် အရာတိုင်းကို ခိုးယူမယ်။ ရုပ်ရှင်တွေထဲမှာ တိတ်တိတ်လေးပဲ စကားပြောဖို့ စကြိုးစားမယ်။ ကျနော်အရမ်းကောင်းတဲ့ ဝတ်စုံကို ဝတ်မယ်။ ပြီးတော့ ကျနော်ပြောတဲ့ ဝါကျတိုင်းရဲ့ အဆုံးသတ်ကို ရှည်ရှည်ထားပြီး ပြောမယ်လို့ ပြောခဲ့တယ်။ အဲ့ဒီလိုလုပ်ပြီးတော့ ကျနော်ဟာ အခန်းထဲက ခပ်မိုက်မိုက် လူတယောက်ကို ပုံတူပွားမှု လုပ်ဆောင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

ရိုက်ကူးရေး မစခင်မှာ မင်းသားကြီး Hanks က Irrfan ထံကို လက်ရေးနဲ့ ရေးထားတဲ့ စာတစောင် ပို့ခဲ့ပါတယ်။ အဲ့ဒီစာထဲမှာ “အခုရုပ်ရှင်ဟာ အားရကျေနပ်ဖို့ အကောင်းဆုံး ရုပ်ရှင်တကား ဖြစ်လာမှာပါ။ ကျနော်တို့ အတူတူ ပါဝင်ရမယ့် ဇာတ်ဝင်ခန်း ပိုများလာမှာပါ။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ငါတို့ ကမ္ဘာကြီးကို ကယ်တင်ရတော့မှာပေါ့” လို့ ပြောရေးသားခဲ့ပါတယ်။

မင်းသားကြီး Hanks က အိန္ဒိယရုပ်ရှင်လောကထဲက သရုပ်ဆောင်တဦးကို ချီးကျူးတာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်မှာ မင်းသားကြီးက “နှစ်တွေ တော်တော်များများ ကျနော်တို့အတွက် အိန္ဒိယ ရုပ်ရှင်တွေမှာ Big B (အမီတာဘဂျမ်း) ကို မျက်မှန်ကြီး တကားကားနဲ့ မြင်တွေ့ခဲ့ရပါတယ်။ လူဆိုးတွေကို ရိုက်နှက်တာမျိုး လုပ်ခဲ့တယ်။ အဲ့ဒါဘာကြောင့်လဲ ဆိုတာကိုတော့ ကျနော် နားမလည်ခဲ့ဘူး။ တကယ်လို့ လူတိုင်းက ရုပ်ရှင်အကြောင်း ပြောရမယ်ဆိုရတော့ အဲ့ဒီအကြောင်းကနေ စပြောရပါမယ်” လို့ ဆိုပါတယ်။

မင်းသားကြီး Hanks ရဲ့ ဂန္တဝင် ရုပ်ရှင်ဖြစ်တဲ့ “Forrest Gump” ကို ဘောလိဝုဒ်မှာ “Laal Singh Chaddha” ရုပ်ရှင်အဖြစ် ဖန်တီးနေပြီး အဓိကသရုပ်ဆောင်ကတော့ မင်းသား Aamir Khan ဖြစ်ပါတယ်။ မင်းသား Aamir ကို အိန္ဒိယရဲ့ Tom Hanks လို့ ခေါ်ဆိုကြပါတယ်။

Ref: hindustantimes

You may also like these stories:

ပျောက်ဆုံးနေတဲ့ မင်းသမီး Naya Rivera သေဆုံးပြီလို့ ယူဆရ

ကိုဗစ်ကြောင့် မဲလ်ဘုန်းမြို့ကို ဒုတိယအကြိမ် Lockdown ပြန်ချ

ဟောလိဝုဒ် မှုခင်းရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Donnie Yen

The post Irrfan Khan ဆီကနေ အရာအားလုံး ခိုးယူချင်တယ်လို့ Tom Hanks ပြော appeared first on ဧရာဝတီ.

ချစ်သုဝေတို့ သားအဖ အမှုကို ပလပ်တာ “အံ့သြစရာကောင်းတယ်”လို့ ရှေ့နေ ပြော

$
0
0

သရုပ်ဆောင် ချစ်သုဝေရဲ့ဖခင်ဖြစ်သူ ရေးဆွဲခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကားနဲ့ ပတ်သက်ပြီး ဦးဇော်ဝင်းနဲ့ ချစ်သုဝေတို့အား သာသနာညှိုးနွမ်းစေမှုနဲ့ သင်္ဃန်းကျွန်းတရားရုံးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ့ရက္ခတအဖွဲ့မှ ဦးတိုက်လျှောက်ထားခဲ့ရာ ဇူလိုင်လ ၉ ရက်နေ့က အမှုအား ပလပ်ခံခဲ့ရပါတယ်။

ဒီလို အမှုပလပ်ခံရတဲ့အပေါ် တရားရုံးရဲ့အမိန့်က အံ့သြစရာကောင်းတယ်လို့ တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ့ရက္ခိတအဖွဲ့မှ ရှေ့နေဦးအေးပိုင်က တရားရုံးက အထွက်မှာ ပြောပါတယ်။

“ဒီချတဲ့အမိန့်အပေါ်မှာတော့ ကျနော့်ရဲ့ သုံးသပ်ချက်က ရှေ့နေတယောက်လည်း ဖြစ်တယ်။ သုံးသပ်ကြည့်လိုက်တဲ့အခါကျတော့ တရားရုံးရဲ့အမိန့်က လွဲမှားနေတယ်။ ကာလ သတ်မှတ်ချက်မှာ အွန်လိုင်းကနေ ဖြန့်ကျက်လိုက်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး”

“အဆိုတော် ချစ်သုဝေရဲ့ ပြန်ပြီးရှင်းတာတွေ ရှိပါတယ်။ သူကိုယ်တိုင်လည်းပဲ ဟုတ်တယ် ဝန်ခံပါတယ်။ အဲ့အပေါ်မှာ တရားရုံးက ပလပ်တဲ့အမိန့် အံ့သြစရာ ကောင်းနေတယ်လို့ ခံစားရပါတယ်။ ဒါလေးကိုတင်ပြပါတယ်။ ကျနော်တို့က ပုဂ္ဂိုလ်ရေး မကျေနပ်လို့ မဟုတ်ပါဘူး” လို့ ရှေ့နေ ဦးအေးပိုင်က ပြောပါတယ်။

တရားရုံးက ပလပ်ခဲ့ပေမယ့် ဥပဒေအရ ဆက်လက် ဆောင်ရွက်ခွင့်ရှိပြီး အထက်ရုံးတက်လို့ရတာကြောင့် တိုင်ပင်ပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“တရားရုံးကတော့ ဒီအကြောင်းအရာတွေဟာ တရားစွဲရတဲ့ အကြောင်းအရာတွေက ဥပဒေပြဋ္ဌာန်းချက်နဲ့ မညီဘူးဆိုပြီး ကျင့် ၂၀၃ နဲ့ ပယ်လိုက်တယ်။ သို့သော် ဒီလို ပလပ်လိုက်ခြင်းက ကျနော်တို့မှာ ဥပဒေအရ ဆက်လက် ဆောင်ရွက်ခွင့် ရှိပါတယ်။ အထက်ရုံး တက်လို့ ရပါတယ်။ အထက်ရုံး တက်ဖို့ပြင်ဆင်မှုကိုတော့ တိုင်ပင်ပြီးတော့ ဆောင်ရွက်ကြမှာပါ” လို့ ဦးအေးပိုင်က ပြောပါတယ်။

အခုလို တရားစွဲတာဟာ ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲ တာဝန်ပေးလို့ လုပ်ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်

“ဒီလို တရားစွဲတယ်ဆိုတာလည်း ကျနော့်ရဲ့ပုဂ္ဂိုလ်ရေး မဟုတ်ဘူး။ မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာကွန်ရက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ကျနော့်ကို တာဝန်ပေးလို့ စွဲတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းကို ပြန်တင်ပြပြီးတော့ ဒီအပေါ်မှာ ဘာဆက်လုပ်ကြမလဲ ဥပဒေဘောင်အတွင်းက လုပ်ကြမှာပါ” လို့ ရှေ့နေဖြစ်သူ ဦးအေးပိုင်က ပြောပါတယ်။

သရုပ်ဆောင် ချစ်သုဝေရဲ့ ဖခင်ဖြစ်သူက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ရေးဆွဲခဲ့တဲ့ ပန်းချီကားမှာ ဥဏ္ဏလုံ မွေးရှင်တော် ထည့်သွင်း ရေးဆွဲခဲ့တာဖြစ်ပြီး အဲဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း ချစ်သုဝေက သူကိုယ်တိုင် နားမလည်ခဲ့တာကြောင့် ဖခင်ဖြစ်သူကို အကြံမပေးနိုင်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ အပတ်က လူမှုကွန်ရက် မီဒီယာမှာ ပြန်ရှင်းပြခဲ့ပါတယ်။

You may also like these stories:

Irrfan Khan ဆီကနေ အရာအားလုံး ခိုးယူချင်တယ်လို့ Tom Hanks ပြော

ပျောက်ဆုံးနေတဲ့ မင်းသမီး Naya Rivera သေဆုံးပြီလို့ ယူဆရ

ဟောလိဝုဒ် မှုခင်းရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Donnie Yen

The post ချစ်သုဝေတို့ သားအဖ အမှုကို ပလပ်တာ “အံ့သြစရာကောင်းတယ်”လို့ ရှေ့နေ ပြော appeared first on ဧရာဝတီ.


ဇာတ်လမ်းတွဲမှာ တွဲရတဲ့ မင်းသားနဲ့ အမြင်ခံရတာ သဘာဝပဲလို့ ဝင့်ယမုံနိုင် ပြော

$
0
0

ဇာတ်လမ်းတွဲတွေမှ တဆင့် ပရိသတ် အားပေးမှု ရရှိခဲ့တဲ့  သရုပ်ဆောင် ဝင့်ယမုံနိုင်က ဇာတ်လမ်းတွဲတွေမှာ တွဲဖက် သရုပ်ဆောင်ရတဲ့ မင်းသားတွေနဲ့ တွဲတယ်လို့ မြင်ကြတာ သဘာဝပဲလို့ ဆိုပါတယ်။

“ကိုအောင်ရေချမ်းနဲ့က “ကျွန်မက မဟေသီ” ကားမှာမှ စရိုက်ဖူးတာ။ အဲ့မှာ စရိုက်ဖူးပေမယ့် အပေးယူမျှတယ်။ အဲ့တုန်းက ယမုံက “စိတ်၏ခြေရာ” ရိုက်ပြီးမှ အဲ့ကားကို ဝင်တာ သူတို့က အရင် ရိုက်နေကြပြီ။ အဲ့မှာ ယမုံ့ ကာရိုက်တာက အရမ်းအေးပြီးတော့ နူးညံတဲ့ပုံစံ၊ ရိုက်နေကျ မဟုတ်တော့ သေချာကြိုးစား လေ့လာရတယ်။ ရိုက်ကွင်းပေါ်မှာလည်း အမှတ်တရတွေ ရှိပါတယ်”

“တချို့ပရိသတ်တွေလည်း ကိုယ်နဲ့ တွဲရိုက်တဲ့ မင်းသားတချို့နဲ့ တွဲမြင်လို့ လိုက်ဖက်တယ်၊ အားပေးတယ်၊ ကြိုက်တယ် ပြောပေမယ့် တချို့ကျတော့ တွဲရိုက်တာများလာရင် သတ်သတ်ကို ပြောချင်ကြတာတွေလည်း ရှိတယ်။ မြင်ကြမှာ သဘာဝပါပဲ။ ဘာမှတော့ မဖြစ်ပါဘူး။ သရုပ်ဆောင် အချင်းချင်း ကတော့ မျက်နှာ ပူရတာတွေ မရှိပါဘူး။ ဒါတွေ သိပြီးသားဆိုတော့ နားလည်ပါတယ်”လို့ ဝင့်ယမုံနိုင်က ပြောပါတယ်။

ယောကျ်ားဆန်တဲ့ စိတ်ဓာတ် အပြည့်အဝ ရှိတဲ့သူကို သဘောကျတယ် ဆိုတဲ့ ဝင့်ယမုံနိုင်က အချစ်ရေးပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။

“ချစ်သူက ရှိသလား၊ မရှိသေးဘူးလားလည်း ပြောပြလို့မရသေးဘူး။ အချိန်တန် သိလာမှာပါ။ လူပဲလေ အသည်းနှလုံး ရှိတာပေါ့။ ယမုံ သဘောကျတာကတော့ ယောကျ်ားဆန်တဲ့ စိတ်ဓာတ် အပြည့်အဝရှိရမယ်။ ဘယ်အရာမဆို မားမားမတ်မတ် ရပ်တည်နိုင်ရမယ်”

“ဘယ်အချိန်မဆို ကိုယ့်ချစ်သူကို ကာကွယ်ပေးနိုင်ရမယ်၊ တယောက်နဲ့ တယောက် လေးစားမှု ရှိရမယ်။ ကိုယ့်အပေါ် သည်းခံပေးနိုင်ရမယ်၊ သစ္စာရှိရမယ်။ ယမုံအချစ်ကို တယောက်နဲ့ တယောက် တန်ဖိုးထားပြီး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာရှိရှိ ချစ်တာကိုတော့ ယမုံက ပိုမြတ်နိုးတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဝင့်ယမုံနိုင်က အခုခေတ်မှာ Relationship တွေ မကြာခဏ ပြတ်စဲကြတဲ့အပေါ်လည်း အခုလို ဆိုပါတယ်။

“အခုခေတ်မှာ Relationship က ပြတ်လိုက်၊ တွဲလိုက်ဖြစ်တာတွေ ရှိတယ်။ ဒါကလည်း ကိုယ့်ပေါ်မှာပဲ မူတည်တယ်။ ပျက်ကြတဲ့သူတွေလည်း သူတို့အကြောင်းတွေ ရှိမယ်။ မြဲတဲ့သူတွေမှာလည်း သူတို့ အကြောင်းတွေ ရှိမယ်။ ကိုယ်တိုင်လည်း အဆင်ပြေတဲ့သူနဲ့ တွေ့နိုင်သလို မပြေတဲ့သူနဲ့ တွေ့နိုင်တယ်။ အတတ်နိုင်ဆုံးတော့ ညှိနှိုင်းရမှာပေါ့”လို့ ဝင့်ယမုံနိုင်က ပြောပါတယ်။

ဝင့်ယမုံနိုင်ကိုတော့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲ “The Sign Of Love Series” ကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ချိန်မှာတော့ ဝင့်ယမုံလှိုင် ဆိုတဲ့ နာမည်နဲ့ လုပ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ဝင့်ယမုံနိုင်ဆိုတဲ့ နာမည်ကို ပြောင်းလဲခဲ့ပါတယ်။

You may also like these stories:

ကိုဗစ်ကာလပြီးရင် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိနေတဲ့ မေမြင့်မိုရ်

မွေးနေ့အလှူ လုပ်ဖြစ်ပုံကို ပြောပြတဲ့ အောင်ရေချမ်း

ဇာတ်လမ်းတွဲအသစ်တခုမှာ မြင်ရဦးမယ့် ကူးကူးဇင်အောင်

The post ဇာတ်လမ်းတွဲမှာ တွဲရတဲ့ မင်းသားနဲ့ အမြင်ခံရတာ သဘာဝပဲလို့ ဝင့်ယမုံနိုင် ပြော appeared first on ဧရာဝတီ.

နေကြာဆီရဲ့ Brand Ambassador ခန့်အပ်ခံရလို့ ဝမ်းသာနေတဲ့ ညီနန္ဒ

$
0
0

သရုပ်ဆောင် ညီနန္ဒကတော့ “Bonlife” နေကြာဆီမှ သူ့အား Brand Ambassador ခန့်အပ်တဲ့အတွက် အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။

“ကျနော့်ကို Bonlife နေကြာဆီက Brand Ambassador ခန့်တော့ ပြောမပြတတ်အောင် အတိုင်းမသိ ဝမ်းသာတယ်။ ကျနော့်ဆီကို လာချိတ်တာတွေ ရှိတယ်။ ကျနော်တို့က သေချာ စမ်းသပ်ပြီးမှ လက်ခံတာမို့ သူ့ကွာလတီက တော်တော်မိုက်တယ်။ ကွာလတီ ကောင်းတယ်၊ ဈေးလည်း သင့်တော်တာမို့ လက်တွဲတာပါ”

“တနှစ် ခန့်အပ်တယ်ဆိုပေမယ့် တခြား အနုပညာရှင်တွေလို သိန်းထောင်ချီတော့ မဟုတ်ပါဘူး။ ကျနော့်ကို ယုံယုံကြည်ကြည် အပ်ပေးတာနဲ့ အဆင်ပြေတယ်။ ကျနော့်ကို တနေ့ ၈ ပိဿာအထိ တနှစ်တိတိ စပွန်ဆာပေးတယ်။ ၈ ပိဿာ အထက်ဆိုရင် ကိုယ်စလှယ်ဈေးနဲ့ ဝယ်ရမယ်။ ကွာလတီ ကောင်းတော့ ကျနော်တို့ကလည်း သုံးရမှာပေါ့။ အခုလို ခန့်အပ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်”လို့ ညီနန္ဒက ပြောပါတယ်။

ထောပတ်ထမင်းရောင်းတာ ၃ လပြည့်တော့မှာ ဖြစ်ပြီး အခုလို ကိုဗစ်ကာလမှာ ထောပတ်ထမင်း ချက်ရောင်းဖြစ်ပုံလည်း အခုလိုပဲ ဆိုပါတယ်။

“ဇူလိုင် ၂၄ ရက်ဆိုရင်တော့ ထောပတ်ထမင်း ရောင်းတာ ၃ လ ပြည့်မှာပေါ့။ ကျနော်က ပလာတာရိုက်တတ်တာ။ သင်္ကြန် မတိုင်ခင် စဉ်းစားတာ ရောင်းမယ်လို့။ ဒါပေမဲ့ တနေ့ ရိုက်နိုင် ၅၀ ပေါ့။ အဲ့ထက် ပိုမရိုက်နိုင်ဘူး။ ယောက်ဖက ထောပတ်ထမင်းက အာလုံး ဝိုင်းလုပ်လို့ရတာပေါ့။ ပလာတာကျတော့ တယောက်တည်း လုပ်ရမှာဆိုတာနဲ့ ထောပတ်ထမင်းပဲ လုပ်ဖြစ်သွားတာပါ”လို့ ညီနန္ဒက ပြောပါတယ်။

စလုပ်ခါစ ပွဲနည်းနည်းသာ ချက်ရောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပွဲ ၅၀၀ ကျော်အထိ လက်ခံ ချက်ပေးနေပြီး ကြက်သားဈေး တက်ပေမယ့်လည်း ဈေးမတက်ဘဲ ရောင်းပေးနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ စတုန်းက ပွဲ ၃၀၊ ဒီရက်ပိုင်းတောင် ပွဲ ၅၀၀ ကျော်တယ်။ ကျနော့် ယောက်ဖကိုလည်း ပြောတယ်။ ပိုသာ ချက်၊ ပိုရင် လှူမယ်။ ကျနော့်ဆီကနေ ဝယ်ပြီး သွားလှူခိုင်းတာတွေလည်း ရှိတော့ ဝမ်းသာရတယ်။ ကျနော်တို့ ရွေးချယ်မှု မှန်သွားတာပေါ့”

“နောက်ထပ် အမယ်တွေကိုလည်း လှမ်းချင်တယ်။ ဒါပေမဲ့ ကြက်သား ထောပတ်ထမင်းကို လူပိုကြိုက်ကြတာ များတယ်။ အဲ့အတွက် နိုင်နိုင်နင်းနင်း လုပ်ချင်သေးတယ်။ ကြက်သားတွေ ဈေးတက်တာတောင် ကျနော်တို့ မတက်သေးပါဘူး။ အခုထိတော့ တောင့်ခံနေတယ်။ အရမ်း ဈေးတက်လာရင်တော့ ကျနော်တို့လည်း အတတ်နိုင်ဆုံး လုပ်ပြီး ရောင်းမှာပါ”လို့ ညီနန္ဒက ပြောပါတယ်။

လက်ဦးဆရာသမားတွေကို ထောပတ်ထမင်းနဲ့ ကန်တော့ချိန် သရုပ်ဆောင် ဒွေးနဲ့ အစ်ကို ဖြစ်သူ ဗျိုက်ကိုလည်း သတိရတယ်လို့ ဆိုပါတယ်။

“ကျနော် ဆရာသမားတွေကို လိုက်ပြီး ကန်တော့နေချိန် ကျနော့် အစ်ကို ကိုဗျိုက်နဲ့ ကိုသားကြီးကို သတိရတယ်။ အခုချိန် ကိုဗျိုက်ရှိရင်လည်း ညီအစ်ကို နှစ်ယောက်အားနဲ့ ပိုပြီးလည်း အောင်မြင်မှာပေါ့။ ဗျိုက်ကို သတိရချိန်တိုင်း သူ့အခွေလေး ထုတ်ပေးဖို့၊ မထုတ်ပေးနိုင်သေးတာတော့ စိတ်မကောင်းဘူး။ ကျနော် ထုတ်ပေးလို့ရမယ့် အချိန်မျိုးမှာ ကျနော် လုပ်မှာပါ”

“ကျနော် သွားကန်တော့ချိန်မှာ တယောက်ကို ၃၊ ၄ ပွဲ ကန်တော့တယ်။ ဦးညီညီထွန်းလွင်ကို ကန်တော့ချိန်ဘာလို့ ပွဲ ၃၀ နဲ့ ကန့်တော့ရလဲဆို ကိုသားကြီးရယ်၊ ဦးညီညီထွန်းလွင်ရယ်၊ ဦးနောင်ထွန်းလွင်ရယ်ကို ကန်တော့တာဖြစ်တာကြောင့် အဲ့လို သွားကန်တော့တာပါ”လို့ ညီနန္ဒက ပြောပါတယ်။

သရုပ်ဆောင် ညီနန္ဒကတော့ “ကိုနန္ဒ ထောပတ်ထမင်း” ဆိုပြီး ကိုဗစ်ကာလမှာ ထောပတ်ထမင်း ချက်ရောင်းကာ ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

You may also like these stories:

ကိုဗစ်ကာလပြီးရင် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိနေတဲ့ မေမြင့်မိုရ်

ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ

The post နေကြာဆီရဲ့ Brand Ambassador ခန့်အပ်ခံရလို့ ဝမ်းသာနေတဲ့ ညီနန္ဒ appeared first on ဧရာဝတီ.

Personal Attack လုပ်ခံရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Mary

$
0
0

အဆိုတော် Mary က ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ Facebook စာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံများကို Share ပြီး Personal Attack ပြုလုပ်ခဲ့တဲ့သူများနဲ့ ကြုံတွေ့ရတဲ့အကြောင်းများ ရင်ဖွင့်ထားတာ တွေ့ရပါတယ်။

“Mary သာ အဆိုတော်တယောက် မဟုတ်ခဲ့ဘူး၊ ဒီလောကထဲသာ မဝင်လာခဲ့ဘူးဆိုရင် သာမန် မိန်းကလေးတွေထဲက မိန်းကလေးတယောက်ပါပဲ။ တချို့အရာတွေ တော်တော်များများတွေကို Mary ဂရုမစိုက်ဘဲ ထားနိုင်ပေမယ့် အခုလိုမျိုး Personal Attack လုပ်တာမျိူးတော့ Mary လက်မခံနိုင်ပါဘူး” လို့ Mary က ပြောထားပါတယ်။

Mary ကတော့ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ ဂီတနဲ့ သက်ဆိုင်တာတွေကို ကြိုက်သလိုဝေဖန်လို့ရပေမယ့် သူ့ရဲ့ဖြစ်တည်မှုကို စော်ကားတာမျိုးကိုတော့ အဆင်မပြေဘူးလို့ ဆိုပါတယ်။

“Mary ပရော်ဖက်ရှင်နယ် လုပ်နေတဲ့ Music အပေါ်မှာ ကြိုက်သလို ဝေဖန်လို့ရပါတယ်။ အဲ့လို အကြံပေးတာတွေအတွက်ကြောင့်လည်း ကျေးဇူးတင်ပါတယ်။ ရှေ့လျှောက်မှာ ပိုပြီး ပြင်ဆင်လို့လည်း ရတာပေါ့။ ဒါပေမဲ့ Mary ရဲ့ ဖြစ်တည်မှုကို လာစော်ကားတာမျိုးကျတော့ အဆင်မပြေပါဘူး။ အဆိုတော်ဖြစ်နေလို့ ပြောတိုင်းခံရမယ် ဆိုတာ ရှိပါသလား” လို့ Mary က ဆိုပါတယ်။

အခုလို ကိစ္စဖြစ်ပေါ်လာတဲ့အပေါ်မှာ ဘယ်လို အရေးယူလို့ရမလဲဆိုတာကိုလည်း Mary က အကြံတောင်းထားပါတယ်။

“ဒီလိုကိစ္စမျိုးကို Mary ဘယ်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး အရေးယူလို့ရမလဲဆိုတာ အကြံပေးပါဦး။ Mary ကို အခုချိန်ထိ ဘယ်လိုအခြေအနေဖြစ်ဖြစ် အားပေးလာတဲ့သူ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်” လို့ Mary က ရေးသားထားပါတယ်။

Mary ရဲ့ပုံကိုတော့ Body Shaming လုပ်တဲ့ အပြောအဆိုများ၊ မဖွယ်မရာ စကားများဖြင့် Personal အကောင့်မှာတင်ပြီး ပြောထားတာပဲ ဖြစ်ပါတယ်။

Mary ကတော့ ကိုယ်တိုင်လည်း အမျိုးသမီးများအား ကိုယ်ထိလက်ရောက် ကျူးလွန်မှုများကို ရပ်တန့်ဖို့အတွက် “ရောင်စုံခွန်အား” ဆိုတဲ့ Campaign မှာလည်း ပါဝင်ခဲ့ပြီး နောက်ထပ်လည်း အမျိုးသမီးများအတွက် ရပ်တည်ပေးသွားမယ်လို့ ဆိုပါတယ်။

You may also like these stories:

နေကြာဆီရဲ့ Brand Ambassador ခန့်အပ်ခံရလို့ ဝမ်းသာနေတဲ့ ညီနန္ဒ

ဇာတ်လမ်းတွဲမှာ တွဲရတဲ့ မင်းသားနဲ့ အမြင်ခံရတာ သဘာဝပဲလို့ ဝင့်ယမုံနိုင် ပြော

ချစ်သုဝေတို့ သားအဖ အမှုကို ပလပ်တာ “အံ့သြစရာကောင်းတယ်”လို့ ရှေ့နေ ပြော

The post Personal Attack လုပ်ခံရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Mary appeared first on ဧရာဝတီ.

မိုးအောင်ရင်ဘက်မှ သက်သေများအား ရုံးချိန်း ၇ ချိန်းဖြင့် စစ်ဆေးမည်

$
0
0

သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးမှ တရားစွဲဆိုထားတဲ့ အမှုရဲ့ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ ရုံးချိန်းမှာတော့ မိုးအောင်ရင်ဘက်ကို စစ်ဆေးသွားဖို့အတွက် ရုံးချိန်းများ ညှိနှိုင်းအတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

“ဒီနေ့ ရုံးချိန်းကတော့ ၁၇ ကြိမ်မြောက် ရုံးချိန်းဖြစ်ပါတယ်။ တရားလို မခင်မြတ်နိုးနဲ့ သူ့ရှေ့နေ ဦးချစ်လွင် လာပါတယ်။ စွပ်စွဲခံရသူ မိုးအောင်ရင်နဲ့ သူ့ရဲ့ရှေ့နေ ဒေါ်ခင်နုသာ လာပါတယ်။ ဒီနေ့မှာ အပြီးသတ် အကြို ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး ခံပြ သက်သေတွေကို စစ်ဆေးမယ့် ရုံးချိန်းများကို ညှိနှိုင်း အတည်ပြုကြပါတယ်”လို့ ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်း

ပြီးခဲ့တဲ့ရုံးချိန်းတွေမှာတော့ တရားလိုဖြစ်သူအား စစ်ဆေးပြီးဖြစ်ပြီး မိုးအောင်ရင်ဘက်ကို ရုံးချိန်း ၇ ချိန်းအတွင်း အပြီးစစ်ဆေးသွားမတယ်လို့ အတည်ပြုခဲ့ကြတယ်။

“ခံပြသက်သေက မိုးအောင်ရင် အပါအဝင် စုစုပေါင်း ၁၁ ဦး ပြထားပါတယ်။ ခံပြသက်သေ ၁၁ ဦးကို ရုံးချိန်းပေါင်း ၇ ချိန်းအတွင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်” လို့ ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

တရားလို မခင်မြတ်နိုး (ဓာတ်ပုံ – ယုဖြူဟန်/ဧရာဝတီ)

တရားလိုဖြစ်သူ မခင်မြတ်နိုးဘက်မှ တရားလိုပြ သက်သေ ၅ ဦးကိုတော့ စစ်ဆေးပြီးဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့က ပြန်ခေါ်သက်သေအဖြစ်လည်း ခင်မြတ်နိုးကို စစ်ဆေးပြီး ဖြစ်ပါတယ်။

မိုးအောင်ရင်ဘက်ကို စစ်ဆေးမှုအား သြဂုတ်လအတွင်းမှာ စတင်မှာဖြစ်ပြီး စက်တင်ဘာအထိ ရုံးချိန်းများကို ချိန်းဆိုထားပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုးအောင်ရင် အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

You may also like these stories:

Personal Attack လုပ်ခံရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Mary

နေကြာဆီရဲ့ Brand Ambassador ခန့်အပ်ခံရလို့ ဝမ်းသာနေတဲ့ ညီနန္ဒ

The post မိုးအောင်ရင်ဘက်မှ သက်သေများအား ရုံးချိန်း ၇ ချိန်းဖြင့် စစ်ဆေးမည် appeared first on ဧရာဝတီ.

မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝအကြောင်း

$
0
0

သရုပ်ဆောင် မင်းသားကြီး ကျော်ဟိန်းအား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ ရန်ကုန်မြို့မှာ အဖ ဦးဂျွန်မောင်စိန်နှင့် အမိ ဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် ကျော်ကြီး၊ အမည်ရင်းကတော့ ကျော်ဌေး ဖြစ်ပါတယ်။ မွေးချင်း မောင်နှမ ၆ ယောက်ရှိပြီး ကျော်ဟိန်းက ၄ ယောက်မြောက်သားလည်း ဖြစ်ပါတယ်။

ကျော်ဟိန်းဟာ ၁၉၅၂ ခုနှစ် ၊ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်းကနေ စတုတ္ထတန်းအထိ ကျောင်းစာသင်ကြားခဲ့ပြီး ၁၉၅၆ ခုနှစ်မှာတော့ အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဉ္စမတန်းကို တက်ရောက်သင်ကြားခဲ့ပါတယ်။

၁၉၅၇ ခုနှစ်မှာတော့ အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ ဆဋ္ဌမတန်း တက်ရောက်ခဲ့ပြီးနောက် ကျော်ဟိန်းဟာ သတ္တမတန်းကို ၂ ကြိမ်၊ အဋ္ဌမတန်း ဖြေဆိုပြီး၊ နဝမတန်း ၂ ခါကျလို့ ကျောင်းထွက်လိုက်ရကာ ၁၉၆၄ ခုနှစ်၊ ရန်ကုန်မြို့၊ မြို့နယ်အသီးသီးရှိ အလွတ်ပညာသင်ကျောင်း (ညကျောင်းအပါအဝင်)၊ ၂၃ ကျောင်း ပြောင်းရွှေ့သင်ကြားခဲ့တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ ကျော်ဟိန်းဟာ ကျောင်းမနေဖြစ်တော့ဘဲ အိမ်ကနေ ၁၆ ကြိမ်ဆင်းခဲ့ပြီး အိမ်ပြေးဘဝနဲ့ လမ်းပေါ်မှာ လေလွင့်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၅ ခုနှစ်၊ ကမာရွတ်မြို့နယ်၊ ဒေါ်သာထက်ကျောင်းမှာ နဝမတန်း (၃ ကြိမ်မြောက်) ပညာ သင်ကြားခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။

၁၉၆၆ ခုနှစ်မှာတော့ ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ်ပညာသင်ကျောင်းမှာ ဒသမတန်း သင်ကြားကာ ၃ လခန့် တက်ရောက်ခဲ့ပြီး ရေတပ်ထဲဝင်ကာ ၁၉၆၇ ခုနှစ်မှာ ရေတပ်က ထွက်ခဲ့ပါတယ်။ အဲဒီနောက် ကျော်ဟိန်းဟာ ဒဿမတန်း ပြန်ဖြေကာ ဆယ်တန်း(ခ) နှင့်အောင်မြင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း အထိ ပညာသင်ကြားခဲ့ပါတယ်။

ကျော်ဟိန်းဟာ ငယ်စဉ်က စိန်ဂေါ်လီဂိုဏ်းဝင် တဦးဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ရုပ်ရှင်လောကထဲရောက်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်မှ စတင်ပြီး ကျော်ဟိန်းဟာ ရုပ်ရှင်မင်းသမီး စန္ဒာနဲ့ အတူ “ဖူးစာလမ်းစုံ” ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။

မင်းသားကြီး ကျော်ဟိန်းဟာ “အကာကအချစ်၊ အနှစ်ကမေတ္တာ” ၊ “မွန်းတည့်ချိန်တွင် နေဝင်သည်”၊ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ၊ “ဝေလည်းမွှေး ကြွေလည်းမွှေး” ၊ “နေကမွေးတဲ့ လ” စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ အကယ်ဒမီ ၅ ဆု ရရှိခဲ့ပါတယ်။ “မွန်းတည့်ချိန်တွင် နေဝင်သည်” ဇာတ်ကားကိုတော့ ကျော်ဟိန်း ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။

၁၉၇၀ ခုနှစ်မှာ ကျော်ဟိန်း ပထမဆုံး ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ “စိန် သို့မဟုတ် စိန်” ဇာတ်ကား ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားရဲ့ ကြော်ငြာဒီဇိုင်း၊ ပိုစတာများအားလုံးကိုလည်း သူကိုယ်တိုင် နေမင်းထိပ်ခေါင် နာမည်နဲ့ ရေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် ကျော်ဟိန်းဟာ ဝတ္ထုတို၊ ဝတ္ထုရှည်အချို့ ရေးသားခဲ့ပြီး တေးစီးရီးတွေလည်း သီဆိုထုတ်လုပ်ခဲ့ပါတယ်။

ကျော်ဟိန်းဟာ ရုပ်သံကြော်ငြာတွေမှာလည်း သရုပ်ဆောင်ကြေး အများဆုံးရရှိတဲ့ မင်းသား တလက်ပါ။၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့မှာတော့ ကျော်ဟိန်းဟာ ရုပ်ရှင်လောကက အနားယူပြီး ရဟန်းဝတ်ခဲ့ပါတယ်။ ဘွဲ့တော်က ဦးကိတ္တိသာရ ဖြစ်ပြီး ရဟန်းမဝတ်ခင်ကလည်း “ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်”လို့ အမည်ပေးပြီး မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့ပါသေးတယ်။

ကျော်ဟိန်းက ဘုန်းကြီးဝတ်အနေနဲ့ စာပေများရေးသားတဲ့အခါမှာလည်း ကလောင်နာမည် ဦးကိတ္တိသာရ (ခေတ္တ ၃၁ ဘုံ) နဲ့ စာများ ရေးသားခဲ့ပါတယ်။ ကျော်ဟိန်း နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ “ကြိုးတန်း” ရုပ်ရှင်ကား ဖြစ်ပါတယ်။

ကျော်ဟိန်းက ၁၉၆၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ အနုပညာ သက်တမ်း နှစ်ပေါင်း ၄၁ နှစ်အတွင်း ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ကားပေါင်း ၂၂၂ ကား ရှိပြီး ဗီဒီယို ကားပေါင်း ၃၆၂ ကားနဲ့ သီဆိုခဲ့တဲ့ သီချင်းခွေပေါင်း ၁၄ ခွေအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအားလုံး ချစ်ခင် အားပေးရတဲ့ မင်းသားကြီး ကျော်ဟိန်း ( ဆရာတော် ဦးကိတ္တိသာရ) ဟာ ယနေ့ ဇူလိုင် ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၉ နာရီ ၂၇ မိနစ် အချိန်က ဩစတေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ ပျံလွန်တော်မူသွားပြီ ဖြစ်ပါတယ်။

တိုက်ဆိုင်စွာပဲ ယနေ့၊ ဇူလိုင်လ ၁၁ ရက်နေ့ဟာ သရုပ်ဆောင် ဒွေး (ခ) ကိုသားကြီး ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်နေ့လည်း ဖြစ်ပါတယ်။ ဆရာတော် ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) ပျံလွန်တော်မူချိန်မှာတော့ သက်တော် ၇၃ နှစ် ရှိပြီ ဖြစ်ပါတယ်။

ကိုးကား – wikipedia

You may also like these stories:

နေကြာဆီရဲ့ Brand Ambassador ခန့်အပ်ခံရလို့ ဝမ်းသာနေတဲ့ ညီနန္ဒ

Personal Attack လုပ်ခံရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Mary

မိုးအောင်ရင်ဘက်မှ သက်သေများအား ရုံးချိန်း ၇ ချိန်းဖြင့် စစ်ဆေးမည်

The post မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝအကြောင်း appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live