Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

တသက်မမေ့နိုင်စရာ ပြက်လုံးများကို ချန်ရစ်ခဲ့သူ လူရွှင်တော် မန်းဝင်း

$
0
0

လူရွှင်တော်တော်တော်များများရဲ့ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာတဦးဖြစ်ခဲ့တဲ့ ဟာသလူရွှင်တော်မန်းဝင်းဟာ တသက်မမေ့နိုင်စရာ ပြက်လုံးကို ချန်ရစ်ခဲ့ပြီး ဒီပြက်လုံးတွေလည်း နောက်လူတွေက အမြဲပြက်ပေးနေဦးမှာဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက် လူရွှင်တော်များက အခုလို ပြောပြထားပါတယ်။

လူရွှင်တော် ထက်ထက်

“ကျနော်တို့ရဲ့ အစ်ကို ဆရာ အပေါင်းအသင်းပေါ့။ အထူးသဖြင့်တော့ အစ်ကိုလိုမျိုး ရင်းနှီးတဲ့ ဟာသလူရွှင်တော်ကြီး ကိုမန်းဝင်း သူ့ရဲ့နောက်ဆုံးခရီးလေးမှာ လူရွှင်တော်တယောက်အနေနဲ့ရော ဆရာတယောက်အနေနဲ့ရော တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ အရမ်းဝမ်းနည်းမိပါတယ်။ သူ့ဆီကလည်း ပညာတွေ ယူခဲ့ဖူးတော့ သူ့ရဲ့စိတ်ရင်းစိတ်ထား အရမ်းကောင်းတဲ့ လူရွှင်တော်ပါ”

“သူနဲ့ ပတ်သက်ပြီးတော့ တသက်လုံး မမေ့တဲ့ ပြက်လုံး ရှိပါတယ်။ မင်းသားလျှောက်တဲ့ ပြက်လုံးမျိုးပေါ့။ ကျနော်ရယ်၊ ကိုမန်းဝင်းရယ်၊ ကိုမန်းဝင်းရဲ့သမီး ဟေမာမန်းဝင်းရယ်၊ သားဖြစ်သူ ချမ်းသာမန်းဝင်းရယ်၊ နောက်ဒါရိုက်တာ ကိုကြည်သာရယ် အဲ့ ၅ ယောက်ဆုံရင် အဲ့ပြက်လုံးက အရမ်းရယ်ရတာ။ ပရိသတ်လည်း ခွက်ထိုးခွက်လှန် ရယ်ပါတယ်”

“နောက်ပိုင်း ၁ ယောက်မပါ၊ ၂ယောက်မပါ ဖြစ်တဲ့အခါမှာ ပြက်ချင်တယ် အဲ့ပြက်လုံးကို။ ဒါပေမဲ့ သူမပါလာတော့ ပရိသတ် သိပ်မရယ်ဘူး။ ဒါကတော့ ကျနော့်ဘဝအတွက် တသက်လုံး အမှတ်တရဖြစ်စေမှာပါ။ အစ်ကိုရယ် နေကောင်းအောင်နေဗျာ။ ပြန်ကမယ်ဗျာ။ ပြန်ကကြမယ်ဗျာ”

လူရွှင်တော် ဧရာ

“သူကအရင်သွားနှင့်တာပေါ့။ ဘာပဲပြောပြော ဘဝအမောတွေက လွတ်သွားပြီပေါ့။ ကျနော်တို့က ဒီလောကဓံခံရင်းနဲ့ ကျန်ခဲ့ကြမှာပေါ့”

လူရွှင်တော် ဒီလုံး

“ကိုမန်းဝင်းက ကျနော်တို့ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာထဲမှာပါပါတယ်။ ကျနော်လည်း အချစ်ဆုံး လူရွှင်တော်တယောက်ပါ။ စိတ်မချမ်းသာဘူး။ ကိုမန်းဝင်း ကောင်းရာမွန်ရာ ရောက်ပါစေ။ ကိုမန်းဝင်းရဲ့ပြက်လုံးလေးတွေကို ကျနော်တို့ အမြဲပြက်နေမှာပါဗျာ”

ကံပွင့်

“လူဆိုတာက သေမျိုးချည်းပဲလေ။ တနေ့ကျရင်တော့ ဒီလမ်းကို သွားကြရမှာပဲ။ ဒါပေမဲ့ ခက်တာက လူတွေအားလုံးက သေပေမယ့် ကျနော်တို့ လူရွှင်တော်ကျတော့ ပြည်သူက ချစ်တဲ့အခါကျတော့ ဦးမန်းဝင်းကျတော့ ပိုဆိုးတာပေါ့။ ပရိသတ်က အရမ်းချစ်တယ်။ ပရိသတ်ကိုလည်း သူကချစ်တယ်။ ပရိသတ်ကချစ်တဲ့ သူတယောက်ရဲ့ နောက်ဆုံးခရီးက ဒီပရိသတ်တွေ အများကြီးနဲ့တွေ့ရတော့ ဝမ်းသာသင့်တာ မဟုတ်ပေမယ့် ရင်ထဲမှာတော့ ကြည်နူးမှုပဲပြောပြော သူ့နောက်ဆုံးခရီးကို အားရတာပေါ့”

“ဦးမန်းဝင်းရဲ့ နောက်ဆုံးခရီးမှာ ဘဝကူးတွေကောင်းပါစေ။ နောင်တမလွန်မှာလည်း ပြည်သူချစ်တဲ့ အနုပညာရှင် ဖြစ်ပါစေ။ တကယ်လို့ နိဗ္ဗာန် မရောက်သည့်တိုင် သူချစ်တဲ့မိသားစု သူချစ်တဲ့ ပရိသတ်နဲ့ ပြန်လည်ဆုံတွေ့ပါစေလို့ ဆုတောင်းပေးပါတယ်”

You may also like these stories:

“ဦးမန်းဝင်း ရုတ်တရက် ဆုံးပါးသွားတာ မယုံနိုင်ခဲ့ဘူး”

 

The post တသက်မမေ့နိုင်စရာ ပြက်လုံးများကို ချန်ရစ်ခဲ့သူ လူရွှင်တော် မန်းဝင်း appeared first on ဧရာဝတီ.


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရုပ်ရှင်ကဏ္ဍများ ဆွေးနွေးမှု ပြုလုပ်မည်

$
0
0

ကိုဗစ်ကာလမှာ ရုပ်ရှင်ကဏ္ဍများအပေါ် သက်ရောက်မှုများနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၂၃ ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အပါအဝင် မင်္ဂလာရုပ်ရှင်ရုံများ ပိုင်ရှင်တို့ Live မှတဆင့် အပြန်အလှန် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

“၂၂ ရက်နေ့မှာ ရီဟာဇယ်လုပ်ဖို့ ၂၃ ရက်နေ့မှာ ရန်ကုန်တိုင်းရုံးကို သွားရမယ် ထင်တယ်။ အသေးစိတ်တော့ မသိသေးပါဘူး။ လောလောဆယ်တော့ မင်္ဂလာ ဦးဇော်မင်း ပါမယ်ပဲ သိထားပါတယ်။ ဘာမှတော့ မပြင်ဆင်ရသေးပါဘူး”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။

ဆွေးနွေးသွားမယ့် အကြောင်းအရာများကိုတော့ မပြင်ဆင်ရသေးဘဲ အသေးစိတ်ကိုတော့ နောက် တရက် ၂ ရက်ခန့်မှ သိရမယ်လို့ ဆိုပါတယ်။

“ဇူလိုင် ၂၃၊ ၂၀၂၀ မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်ကဏ္ဍ များအပေါ် သက်ရောက်မူများနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် မင်္ဂလာ ရုပ်ရှင် ဥက္ကဋ္ဌ ဦးဇော်မင်းတို့ Live အပြန်လှန်ဆွေးနွေးခြင်းများ ပြုလုပ်မည်။ အစစ အရာရာအဆင်ပြေပါစေ” လို့ Bo Bo Entertainment မှ ထုတ်လုပ်သူ ကိုဘိုစန်းကလည်း ပြောထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့သို့ လာရောက်ပြီး MRTV-4 ရိုက်ကွင်း ၊ ရုပ်ရှင်လောကမှ ရိုက်ကွင်းနှင့် ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကွင်း ပုံစံတူ သရုပ်ပြရိုက်ကွင်းများကို ကြည့်ရှုကာ အကြံပြု ဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြပေးသွားမယ်လို့လည်း သိရပါတယ်။

COVID-19 ကပ်ရောဂါကြောင့် မတ်လအတွင်းမှာ ပွဲလမ်းသဘင်များ မကျင်းပရ၊ လူစုလူဝေးများ မပြုလုပ်ရ၊ ရုပ်ရှင်ရုံများ ပိတ်ခဲ့ပြီး ရိုက်ကွင်းများကိုလည်း နားထားခဲ့ရတာဟာ အခုအချိန်ထိပဲ ဖြစ်ပါတယ်။

ရုပ်ရှင်လောကသားများ၊ ရုံပိုင်ရှင်များ အနေနဲ့လည်း ရုပ်ရှင်ရုံများ အမြန်ဖွင့်လှစ်စေရေးနဲ့ ရုပ်ရှင်များပြန်လည် ရိုက်ကူးခွင့်ရရေးကို မျှော်လင့်လျက်ရှိကြပါတယ်။

You may also like these stories:

“ရုပ်ရှင်ရုံကနေ ကူးသွားရင် ရုပ်ရှင်သမားတွေကို မကြည်မလင် ဖြစ်လိမ့်မယ်”

The post နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရုပ်ရှင်ကဏ္ဍများ ဆွေးနွေးမှု ပြုလုပ်မည် appeared first on ဧရာဝတီ.

ညီမကို ကယ်တင်ခဲ့တဲ့ ကောင်လေးအတွက် ဒိုင်းအစစ် ပို့ပေးမယ့် Chris Evans

$
0
0

ဟောလိဝုဒ်စတား မင်းသား Chris Evans ဟာ ခွေးတကောင် ကိုက်မယ့်ရန်ကနေ ညီမဖြစ်သူကို ကာကွယ်ပေးခဲ့တဲ့ အစ်ကိုဖြစ်သူ ကောင်လေးတဦးထံ ဗီဒီယိုသတင်း စကားတခု ပို့ပေးခဲ့ပြီး Captain America ဒိုင်း အစစ်ကို ပို့ပေးမယ်လို့် ကတိပေးခဲ့ပါတယ်။

အသက် ၆ နှစ်အရွယ် ကောင်လေး Bridger ရဲ့ အဒေါ် Nicole Noel Walker ဆိုသူက Instagram ပို့စ်တခုမှ တဆင့် Avengers အဖွဲ့ထံ ပထမဆုံး အကြောင်းကြားခဲ့ပြီးနောက် အဲ့ဒီ ကလေးငယ်ထံ သတင်းစကားပါးခဲ့တာလည်း ဖြစ်ပါတယ်။

Captain America မင်းသား Chris က “သူငယ်ချင်းရေ၊ မင်းက သူရဲကောင်းတယောက်ပါ။ မင်းလုပ်ခဲ့တဲ့အရာက အရမ်းကို သတ္တိရှိပါတယ်။ ကိုယ်ကျိုးစွန့်ခဲ့တယ်။ မင်းရဲ့ ညီမလေးက မင်းလို အစ်ကိုကြီးကို ပိုင်ဆိုင်ထားရတာ အရမ်းကံကောင်းတာပဲ။ မင်းရဲ့ မိဘတွေက မင်းအတွက် အရမ်းဂုဏ်ယူနေကြမှာပါ” လို့ Bridger ကို ပြောကြားခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုကို အဒေါ်ဖြစ်သူ Walker က အွန်လိုင်းပေါ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။ Walker ရဲ့အဆိုအရ Bridger ဟာ သူ့ညီမလေးကို ကိုက်ဖို့ ကြိုးစားနေတဲ့ ခွေးတကောင်နဲ့ သူ့ ညီမလေးကြားကို ဝင်ရောက်ခဲ့ပြီး အသက် ၄ နှစ် အရွယ် ညီမဖြစ်သူကို ကယ်တင်ခဲ့တာလို့ သိရပါတယ်။ အဲ့ဒီ ကလေးငယ်ဟာ ခွေးကိုက်ခံရလို့ အချက် ၉၀ ချုပ်လိုက်ရတယ်လို့လည်း ဆိုပါတယ်။

Avengers ပရိသတ်တဦးဖြစ်တဲ့ Bridger ထံ ဒိုင်းပို့ပေးမယ့်အကြောင်း မင်းသား Chris က “မင်းနဲ့ ထိုက်တန်ဖို့ Captain America ဒိုင်းအစစ်တခုကို ပို့ပေးမယ်” လို့ ပြောဆိုခဲ့ပါတယ်။

မင်းသားက ဆက်ပြီး “အမျိုးကောင်းသား တဦးအနေနဲ့ ကြီးပြင်းလာပါ။ မင်းလိုမျိုးလူတွေ ငါတို့ လိုအပ်နေတယ်။ ဒဏ်ရာတွေ ပြန်သက်သာလာဖို့က ခက်ခဲတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါမြင်ရတာကို အခြေခံပြီး ပြောရမယ်ဆိုရင် အဲ့ဒါက မင်းကို လဲပြိုရလောက်အောင် ဖြစ်မယ်လို့ မထင်ပါဘူး” လို့ ဗီဒီယိုမှာ ပြောဆိုခဲ့ပါတယ်။

မင်းသား Chris အပြင် Hulk မင်းသား Mark Ruffalo ကလည်း Bridger ရဲ့ သတ္တိရှိမှုအကြောင်း ပြောဆိုခဲ့ပြီး သူသိဖူးသမျှ လူတွေ အများကြီးထက် သာလွန်တဲ့သူ တယောက်ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

ဟောလိဝုဒ်စတားတွေဖြစ်ကြတဲ့ မင်းသမီး Anne Hathaway ၊ “Captain Marvel” မင်းသမီး Brie Larson ၊ “The Flash” စီးရီးမင်းသား Grant Gustin နဲ့ မင်းသား Robbie Amell တို့ကလည်း Bridger အတွက် ချီးကျူးစကားတွေ ပြောဆိုခဲ့ကြပါတယ်။

Ref: hindustantimes

You may also like these stories:

အကြိုက်ဆုံး စူပါဟီးရိုးမှာ ပင့်ကူလူသားလို့ Chris Evans ပြော

Quarantine ကာလအတွင်း ခွေးလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို Chris Evan ပြန်မျှဝေ

The post ညီမကို ကယ်တင်ခဲ့တဲ့ ကောင်လေးအတွက် ဒိုင်းအစစ် ပို့ပေးမယ့် Chris Evans appeared first on ဧရာဝတီ.

၂၀၂၀ အတွက် လူကြည့်အများဆုံးရုပ်ရှင်အဖြစ် “Peninsula” စံချိန်တင်

$
0
0

သည်းထိတ်ရင်ဖို ဇွန်ဘီရုပ်ရှင်ဖြစ်တဲ့ “Peninsula” ဟာ ပထမဆုံး ဖြန့်ချိပြသတဲ့နေ့မှာပဲ ကြည့်ရှုသူ ပရိသတ် ၃ သိန်းခွဲ ကျော်ရှိခဲ့ပြီး ဒါဟာ COVID-19 ကြောင့် အထိနာခဲ့ရတဲ့ တောင်ကိုရီးယားရုပ်ရှင်လောကမှာ အခုနှစ်အတွက် အဖွင့်ပွဲစဉ် လူကြည့်အများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဖြန့်ချိသူက ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက အထူးအောင်မြင်ခဲ့တဲ့ “Train to Busan” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်တဲ့ “Peninsula” ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ကြည့်ရှုတဲ့ပရိသတ် ၃၅၂,၉၂၆ ဦး ရှိခဲ့တယ်လို့ Next Entertainment World ကုမ္ပဏီက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အဖွင့်ပွဲစဉ်မှာ ပရိသတ် ၂ သိန်းခွဲကျော် ကြည့်ရှုခဲ့တဲ့ “The Man Standing Next” ရုပ်ရှင်ရဲ့ စံချိန်ကို ကျော်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ Yeon Sang-ho ရိုက်ကူးပြီး မင်းသား Gang Dong-won နဲ့ မင်းသမီး Lee Jung-hyun တို့ပါဝင်ထားကြတဲ့ “Peninsula” ရုပ်ရှင်ဟာ “Train to Busan” ရုပ်ရှင်ထဲမှ ဖြစ်ရပ်အပြီး ၄ နှစ်အကြာ ဇွန်ဘီရောဂါ ကူးစက်ခံထားရတဲ့ ကိုရီးယားကျွန်းဆွယ်ပေါ် မှာ အသက်ရှင် ကျန်ရစ်သူတွေအကြောင်း ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ဟာ တရက်တည်းမှာပဲ ပြသခဲ့တဲ့ အခြားနိုင်ငံတွေမှာလည်း အခြေအနေ ကောင်းခဲ့တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့၊ စင်ကာပူနိုင်ငံမှာ စတင် ရုံတင်ပြသခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ ဝင်ငွေ စင်ကာပူ ဒေါ်လာ ၁ သိန်း ၄ သောင်းကျော် ရရှိခဲ့ပြီး နိုင်ငံတွင်း ပြသခဲ့ဖူးသမျှ ကိုရီးယားရုပ်ရှင်တွေမှာ အဖွင့်ပွဲစဉ် ဝင်ငွေအများဆုံးဖြစ်ခဲ့ပါတယ်။

ထူးခြားဆန်းကြယ် ရုပ်ရှင်ဖြစ်တဲ့ “Along with the Gods: The Last 49 Days” က အဖွင့်ပွဲစဉ်မှာ စင်ကာပူ ဒေါ်လာ ၁ သိန်း ၁ သောင်းကျော် ရရှိခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ရဲ့ နောက်မှာတော့ “Train to Busan” နဲ့ “Parasite” ရုပ်ရှင်တို့က အစဉ်လိုက် ရပ်တည်နေကြပါတယ်။

ထိုင်ဝမ် ရုံဝင်ငွေ စာရင်းမှတော့ “Peninsula” ရုပ်ရှင်ဟာ ဇူလိုင်လ ၁၅ ရက်နေ့ တရက်တည်းမှာ ဒေါ်လာ ၈ သိန်း ရရှိခဲ့ပြီး လွန်ခဲ့တဲ့ ၄ နှစ်က ရရှိခဲ့တဲ့ “Train to Busan” ရုပ်ရှင်ရဲ့ ပွဲဦးထွက် ဝင်ငွေ ဒေါ်လာ ၇ သိန်း ကျော်ကို ကျော်တက်သွားခဲ့ပါတယ်။

အခု “Peninsula” ရုပ်ရှင်ဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်ထံ တရားဝင် ဖိတ်ကြားခံထားရပြီး ထိုင်ဝမ်၊ ထိုင်း၊ ဂျပန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ အပါအဝင် နိုင်ငံနဲ့ နယ်မြေပေါင်း ၁၈၀ ကျော်ထံ ရောင်းချထားပြီး ဖြစ်ပါတယ်။ မြောက်အမေရိက တလွှားမှာတော့ သြဂုတ်လ ၈ ရက်နေ့မှာ စတင်ပြသဖို့ ရှိပြီး အဲ့ဒီအချိန် မတိုင်မီ ဇူလိုင်လ ၂၄ ရက်နဲ့ သြဂုတ်လ ၆ ရက်နေ့တို့မှာ ဗီယက်နမ်နဲ့ နယူးဇီလန်နိုင်ငံတွေမှာ ပြသသွားဖို့ရှိနေပါတယ်။

Ref: Yonhap

You may also like these stories:

“Train To Busan” နောက်ဆက်တွဲရုပ်ရှင် “Peninsula” ရဲ့ ပိုစတာ ထွက်ပေါ်လာ

“Train to Busan” ရုပ်ရှင်ကို VR အသွင်အမျိုးမျိုးဖြင့် ခံစားကြည့်ရှုနိုင်တော့မည်

“Train To Busan” နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်များကို အတည်ပြု

The post ၂၀၂၀ အတွက် လူကြည့်အများဆုံးရုပ်ရှင်အဖြစ် “Peninsula” စံချိန်တင် appeared first on ဧရာဝတီ.

“တန်ဖိုးကြီး အနုပညာသမားတွေ ဆုံးရှုံးရမှာ ကြောက်တယ်”လို့ ကျင်ဝှက် ပြော

$
0
0

ဇူလိုင်လမှာ ကြွေလွင့်သွားတဲ့ အနုပညာရှင်တွေအတွက် စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ လူရွှင်တော် ကျင်ဝှက်က တန်ဖိုးကြီး အနုပညာသမားတွေကို ဆုံးရှုံးရမှာ ကြောက်တယ်လို့ ဆိုပါတယ်။

“ဒီလက ပညာရှင်တွေ ဆုံးရှုံးရတဲ့ ဇူလိုင်လလို့ ပြောရမယ်။ တော်တော် နှမြောစရာ ကောင်းတယ်။ ဖြစ်နိုင်ရင် သူတို့ အသက်တွေကို ပြန်ငယ်စေချင်တယ်။ ပရိသတ်တွေကို ပျော်စေပြီး ပရိသတ်ချစ်ရတဲ့ ပုဂ္ဂိုလ်တွေမို့ အရမ်းကို နှမြော စိတ်မကောင်းဖြစ်ရတယ်။ ဦးမန်းဝင်းကိုရော၊ ဦးကျော်ဟိန်းကိုရော ဆုံးရှုံးလိုက်ရတယ်။ ကျနော်တို့ အနုပညာသမားတွေကို ဆုံးရှုံးရမှာ အရမ်းကြောက်တယ်”

“အခုတော့ တန်ဖိုးကြီးတွေကို ဆုံရှုံးရတယ်။ ကိုမန်းဝင်းနဲ့ အမှတ်တရတွေ ရှိတယ်။ သူက ကျနော့်ကို တွေ့တာနဲ့ နောက်ပြောင်ပြီး ဆဲခေါ်တဲ့ နာမည် ရှိတယ်။ အဲ့ဒါတွေက အမှတ်တရတွေပေါ့ဗျာ။ ကျနော့်ကို အရမ်းချစ်တယ်။ တကယ့် ညီအစ်ကိုလို နေခဲ့ကြတဲ့ အစ်ကိုတယောက် ဆုံရှုံးရတာ အရမ်းဝမ်းနည်းပါတယ်”လို့ ကျင်ဝှက်က ပြောပါတယ်။

အရမ်းကြိုက်ခဲ့ရတဲ့ သရုပ်ဆောင် ကျော်ဟိန်း ကွယ်လွန်သွားတဲ့အတွက်လည်း ဝမ်းနည်း စိတ်မကောင်း ဖြစ်ရတယ်လို့ ကျင်ဝှက်က ဆိုပါတယ်။

“ဦးကျော်ဟိန်း ကွယ်လွန်သွားတာ ဝမ်းလည်း ဝမ်းနည်းတယ်။ နှမြောလည်း နှမြောတယ်။ ကျနော်က သူ့ Crazy လေ။ မဆုံခဲ့ရဘူး။ တကားမှ မရိုက်လိုက်ရဘူး။ ကျနော်တို့ကို ပရိသတ် သိလာပြီဆိုတဲ့အချိန် သူဘုန်းကြီး ဝတ်သွားပြီ။ တကားလောက်တော့ တွဲရိုက်ချင်တာ၊ မရိုက်လိုက်ရဘူး။ အဲ့ဒါတော့ စိတ်မကောင်းဘူး။ ဦးကျော်က အရမ်းတော်တဲ့ မင်းသားပါ။ သူ့ကို မှီဖို့ မင်းသားတွေ တော်တော်ကြိုးစားဖို့ မလွယ်ဘူး”

“ဒါကြောင့် နှမြောတယ်။ သူက ပြောတဲ့အတိုင်း လုပ်တတ်တယ်။ ကတိတည်တယ်။ ယောကျာ်း စစ်တယ်။ အဲ့ဒါတွေကို ချစ်တယ်။ လေးစားတယ်။ တချို့က ပြောရင် ပြောတဲ့အတိုင်း လုပ်ချင်မှ လုပ်တာ။ ဖြစ်လာတဲ့ပေါ်မှာပဲ အဆင်ပြေအောင် လမ်းလျှောက်ကြတာ များတယ်။ သူက တကယ်ကို တော်တဲ့သူပါ။ နှမြောတာလည်း အရမ်းပဲ။ ဝမ်းလည်း ဝမ်းနည်းတယ် ”လို့ ကျင်ဝှက်က ပြောပါတယ်။

လူရွှင်တော် ကျင်ဝှက်ကတော့ Five Stars အဖွဲ့ဝင်တဦးအဖြစ် ဖျော်ဖြေရေးပွဲတွေမှာလည်း ပါဝင်ဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီး၊ ဗီဒီယို ဇာတ်ကားတွေကိုလည်း ရိုက်ကူးထားပါသေးတယ်။

You may also like these stories:

၂၀၂၀ အတွက် လူကြည့်အများဆုံးရုပ်ရှင်အဖြစ် “Peninsula” စံချိန်တင်

ညီမကို ကယ်တင်ခဲ့တဲ့ ကောင်လေးအတွက် ဒိုင်းအစစ် ပို့ပေးမယ့် Chris Evans

တသက်မမေ့နိုင်စရာ ပြက်လုံးများကို ချန်ရစ်ခဲ့သူ လူရွှင်တော် မန်းဝင်း

The post “တန်ဖိုးကြီး အနုပညာသမားတွေ ဆုံးရှုံးရမှာ ကြောက်တယ်”လို့ ကျင်ဝှက် ပြော appeared first on ဧရာဝတီ.

ရေရှည်အတွက် စီးပွားရေးလုပ်ငန်းကို ရွေးချယ်ဖြစ်တဲ့ ဆုကဗျာ

$
0
0

အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့ သရုပ်ဆောင် ဆုကဗျာက အနုပညာအလုပ်တွေ ရပ်နားပြီးတဲ့ နောက်မှာ ကျောက်မျက်ရတနာ လုပ်ငန်း လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

“ဆုကဗျာက တောက်လျှောက် အနုပညာအလုပ်တွေ လုပ်ပြီး ရပ်လိုက်ပြီး ဆုရတီနာမည်နဲ့ ၂၀၂၀ အစမှာ ကျောက်မျက်ရတနာ လုပ်ငန်းကို တည်ထောင်ထားပါတယ်။ ကျောက်မျက်ရတနာ လုပ်ငန်းကတော့ ပညာသင်ရင်းနဲ့ လုပ်ကိုင်ဖြစ်တဲ့ လုပ်ငန်းလေးပါ။ အနုပညာမလုပ်တာ ကြာပြီ။ ၂၀၁၁၊ ၂၀၁၂ လောက်ကတည်းက မလုပ်တော့ဘူး”

“မီဒီယာ အလုပ်ကနေ ခွဲထွက်လိုက်ပြီး အခုစီးပွားရေးပဲ လုပ်လိုက်တာ။ “တစ်စစ်တမက် ကိုယ်နဲ့ သက်ကို” ဇာတ်ကားမှပဲ ပြန်ရိုက်ဖြစ်တာ။ အဲ့ဒါကလည်း ဂုဏ်ပြုဇာတ်လမ်းမို့ ပြန်ရိုက်ဖြစ်တာပါ။ ဇာတ်လမ်းတွဲတွေ ဇာတ်ကားတွေ ပြန်ရိုက်ဖို့ ပြောတယ်။ ကိုယ့်အတွက် အချိန်လည်း သိပ်မပေးရဘူး။ ကိုယ့်စီးပွားရေးလည်း မလစ်ဟင်းတာမျိုးဆို ရိုက်ပေးဖြစ်မှာပါ”လို့ ဆုကဗျာက ပြောပါတယ်။

ဆက်လက်ပြီး ဆုကဗျာက အနုပညာ အလုပ်ကို ချစ်ပေမယ့် ရေရှည် ရပ်တည်ဖို့အတွက် စီးပွားရေး လုပ်ငန်းကိုပဲ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

“ဖြူဖြူထွေးနဲ့လည်း ရိုက်ပေးဖို့ ပြောထားတယ်။ အနုပညာအလုပ်ကို ဆုကဗျာ ချစ်ပါတယ်။ သံယောဇဉ် ရှိတာပဲ။ ရေရှည် ရပ်တည်ဖို့ စီးပွားရေးလုပ်ငန်းကိုပဲ ရွေးချယ်ချင်တာ။ အဲ့ဒါကြောင့် စီးပွားရေးကို ဇောက်ချ လုပ်ကိုင်ဖြစ်တာပါ”လို့ ဆုကဗျာက ပြောပါတယ်။

ဆုကဗျာဆိုတဲ့ နာမည်ကို အနုပညာ မလုပ်တော့ပေမယ့် သိနေပေးကြလို့ ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“ဆုကဗျာကို အခုချိန်ထိ သိပြီးချစ်နေပေးတဲ့ ပရိသတ်တွေ ရှိတယ်။ အရမ်းကျေးဇူးတင်တယ်။ ဆုကဗျာက အရင်ကလည်း အနုပညာသေချာ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ဆုကဗျာဆိုတဲ့ နာမည်လေးကို သိနေပေးကြလို့လည်း အရမ်း ကျေးဇူးတင်ပါတယ်။ ဆုကဗျာ အနုပညာပဲလုပ်လုပ်၊ ဘာသာရေးလုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ် အကုန်လုံး ကျန်းမာ ချမ်းသာကြပါစေ ဆုတောင်းပါတယ်”လို့ ဆုကဗျာက ပြောပါတယ်။

သရုပ်ဆောင် ဆုကဗျာကတော့ အနုပညာတွေ မလုပ်ဖြစ်တော့ပေမယ့် နိုင်ငံတော် ဂုဏ်ပြု ဇာတ်ကားတွေမှာတော့ ပါဝင် သရုပ်ဆောင်ပေးနေပါသေးတယ်။

You may also like these stories:

“တန်ဖိုးကြီး အနုပညာသမားတွေ ဆုံးရှုံးရမှာ ကြောက်တယ်”လို့ ကျင်ဝှက် ပြော

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရုပ်ရှင်ကဏ္ဍများ ဆွေးနွေးမှု ပြုလုပ်မည်

အသက် ၆၀ ပြည့်ရင် တရားအားထုတ်တော့မယ့် ဒါရိုက်တာ ကြည်ဖြူသျှင်

The post ရေရှည်အတွက် စီးပွားရေးလုပ်ငန်းကို ရွေးချယ်ဖြစ်တဲ့ ဆုကဗျာ appeared first on ဧရာဝတီ.

ပရဟိတအလုပ်ကို ခေတ္တရပ်နားကာ အဓိဋ္ဌာန်ဝင်မယ့် ကျော်သူ

$
0
0

နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ပဲ့ကိုင်ရှင် ဦးကျော်သူဟာ ပရဟိတအလုပ်တွေ ခေတ္တရပ်နားကာ အဓိဋ္ဌာန် စတင်ဝင်ရောက်တော့မယ်လို့ သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

“ကျနော် ရန်ကုန်မြို့တွင် ပရဟိတလုပ်ငန်းမြတ်အား ခေတ္တ ခဏနား၍ အဓိဋ္ဌာန်ဝင်ခြင်း၊ မြေအောက်ရေကြောလုံးဝ မရှိဟု သတ်မှတ်ထားသော ပြည်မြို့အနောက်ဖက်ကမ်းရှိ ပရဟိတတောင်တော်ပေါ်တွင် အဓိဋ္ဌာန်ပြုသစ္စာဆို အားစိုက်မှုများကြောင့် ရေရရှိပြီး အရိပ်ရသစ်ပင်ကြီးများ ရှင်သန်ရေးအတွက် ပညာရှင်များဖြင့် ၁၉ ဇူလိုင်တွင် ဆောင်ရွက်ခြင်း၊ ရွှေလိပ်မင်းဘုရားအတွက် ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် အတွက် ခရီးစတင်ထွက်ပြီ ဖြစ်ပါသည်”လို့ ကျော်သူက Facebook မှာ ရေးသားထားပါတယ်။

ကျော်သူက သာသနာပြုလုပ်ငန်းတွေကို အဆက်မပြတ် လုပ်လေ့ရှိပြီး ကောင်းမှုအားလုံးကို အမျှပေးဝေသွားမယ်လို့ ဆိုပါတယ်။

“အဓိဋ္ဌာန်ခရီးမှာ မိမိ၏ သီလ၊ သမာဓိ၊ သစ္စာကောင်းမှုများကြောင့် ရရှိလာမည့် ကောင်းမှုအားလုံးကို ချစ်သူ မုန်းသူ၊ သိသူ မသိသူများ အားလုံးတို့အား အမျှပေးဝေပါမည်ဖြစ်ကြောင်း မေတ္တာထား အသိပေးအပ်ပါသည်။ သက်ရှည်ကျန်းမာချမ်းသာ သောကကင်းဝေးငြိမ်းချမ်း သာယာဝပြောကြပါစေ”လို့ ဆိုထားပါတယ်။

ဦးကျော်သူဟာ နာရေးကူညီမူအသင်း(ရန်ကုန်) ကို ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလက (၁၉) နှစ်ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။

You may also like these stories:

The post ပရဟိတအလုပ်ကို ခေတ္တရပ်နားကာ အဓိဋ္ဌာန်ဝင်မယ့် ကျော်သူ appeared first on ဧရာဝတီ.

ကိုရီးယားအနုပညာရှင်တွေရဲ့ Tiktok အကောင့်တွေ ဖျက်ခံရ

$
0
0

တရုတ်ပိုင် ဗီဒီယိုတွေ ဝေမျှနိုင်တဲ့ Social network ဝန်ဆောင်မှုတခုဖြစ်တဲ့ Tiktok ဟာ နိုင်ငံတကာမှာခေတ်စားနေတဲ့ App တွေထဲက တခု ဖြစ်ပါတယ်။ လုံခြုံရေးကိစ္စရပ်တွေ ရှိနေပြီး မိခင်တရုတ်နိုင်ငံကိုယ်တိုင် သုံးစွဲခွင့် ပိတ်ပင်ထားသလို၊ အိန္ဒိယနိုင်ငံမှာလည်း မကြာခင်က ပိတ်ပင်ခဲ့ပါတယ်။

အခုလည်း Tiktok မှာ ကိုရီးယားအနုပညာရှင်တွေရဲ့ အကောင့်တွေ ပျက်သွားတာကို ပရိသတ်တချို့ကြောင့် သိရှိခဲ့ကြပါတယ်။ Follower အများအပြားရှိတဲ့ ကိုရီးယားနာမည်ကျော်တွေရဲ့ Tiktok အကောင့်တွေ ဖျက်သိမ်းသွားတာနဲ့ပတ်သက်ပြီး ပိုင်ရှင် ByteDance ကုမ္ပဏီဘက်က အသေးစိတ် ထုတ်ဖော် ပြောသွားတာမျိုး မရှိပါဘူး။

အနုပညာလောကကနေ ခေတ္တ ပျောက်ကွယ်သွားခဲ့ဖူးတဲ့ အဆိုတော် Gary ဆိုရင် နိုင်ငံတကာ ပရိသတ်တွေနဲ့ တရုတ် ပရိသတ်တွေအတွက် ကြားခံ ဆက်သွယ်နိုင်အောင် ဖွင့်လှစ်ထားတာပါ။

Tiktok အကောင့်ဖွင့်ပြီး မကြာခင်မှာပဲ တရုတ်ပရိသတ်တွေရဲ့ အားပေးမှုကြောင့် Follower ၁ ဒဿမ ၅ သန်းနီးပါးရှိခဲ့ပါတယ်။ ခုတော့ Gary ရဲ့ Tiktok အကောင့်ကို ရှာလို့ မတွေ့တော့ပါဘူး။ သူအကောင့်မှာ တင်ထားတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေပါ ပျက်သွားခဲ့တာပါ။

အခုလို Tiktok အကောင့်ပျက်သွားတာ Gary တယောက်တည်း မဟုတ်ပါဘူး။ တခြား ကိုရီးယား နာမည်ကျော်တွေဖြစ်တဲ့ HyunA, Super Junior အဖွဲ့က Hee Chul, Rain, MAMAMOO အဖွဲ့နဲ့ Hyoyeon တို့လည်း ပါပါတယ်။

အဆိုတော် HyunA ဆိုရင် Follower ၂ ဒဿမ ၈ သန်းကျော်တောင် ရှိခဲ့တာပါ။ ကိုရီးယားအနုပညာရှင်တွေရဲ့ Tiktok အကောင့်တွေ ပျက်သွားတဲ့အကြောင်းကို တရုတ် ပရိသတ်တဦးက ဇူလိုင် ၁၂ ရက်က “ကိုရီးယားအနု ပညာရှင်တွေရဲ့ အကောင့်တွေ ရှာလို့ မတွေ့တော့ဘူး” လို့ ဆိုရှယ်မီဒီယာပေါ်တင်လိုက်ရာက သတိထားမိလာကြတာပါ။

Tiktok ဘက်က တာဝန်ရှိသူတဦးကတော့ “ဒါက အနုပညာရှင်တွေရဲ့ အေဂျင်စီနဲ့ ဆိုင်တဲ့ ကိစ္စပါ။ ဘာကြောင့် ဆိုတာတော့ ကျနော်တို့ဘက်က ဒီ့ထက်ပိုပြီး ပြောလို့မရပါဘူး” လို့ ပြောပြသွားပါတယ်။

တရုတ် ပရိသတ်တချို့ကတော့ ဒါဟာ တရုတ်ဘက်က ကိုရီးယားထုတ်ကုန်နဲ့ အနုပညာယဉ်ကျေးမှုတွေကို ပိတ်ပင်တာနဲ့ သက်ဆိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမဲ့လည်း တခြားအနုပညာရှင်တွေဖြစ်တဲ့ Seventeen အဖွဲ့နဲ့ သရုပ်ဆောင် Ryu Joon Yeol တို့လို Tiktok အကောင့်တွေကတော့ ကျန်ရှိနေပါတယ်။

Ref: Allkpop

You may also like these stories:

၂၀၂၀ အတွက် လူကြည့်အများဆုံးရုပ်ရှင်အဖြစ် “Peninsula” စံချိန်တင်

ညီမကို ကယ်တင်ခဲ့တဲ့ ကောင်လေးအတွက် ဒိုင်းအစစ် ပို့ပေးမယ့် Chris Evans

The post ကိုရီးယားအနုပညာရှင်တွေရဲ့ Tiktok အကောင့်တွေ ဖျက်ခံရ appeared first on ဧရာဝတီ.


Big Bag Cover Song Contest ပြုလုပ်ကျင်းပမည်

$
0
0

အိမ်မှာနေရင်း သီချင်းဆိုဝါသနာပါတဲ့ Big Bag Fans တွေအတွက် အွန်လိုင်းမှတဆင့် ယှဉ်ပြိုင်နိုင်မယ့် Big Bag Cover Song Contest ကို ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီပြိုင်ပွဲကို အကုန်လုံးဝင်ပြိုင်ဖို့အတွက်လည်း ဖိတ်ခေါ်ပါတယ်။ ဆုအတွက် Surprise Gift တွေလည်းပေးဖို့အတွက် စီစဉ်ထားပါတယ်။ နောက်ပြီးတော့ ပွဲမှာ ဆုရမယ့်လူကို Like တွေ Share တွေနဲ့ရွေးမှာမဟုတ်ဘူး။ ကျနော်တို့ Big Bag Band ကနေ အကောင်းဆုံးလူကို ရွေးသွားမှာဖြစ်ပါတယ်” လို့ အဆိုတော် ကျားပေါက်က ဆိုထားပါတယ်။

ဒီပြိုင်ပွဲကိုတော့ Tay နဲ့ Big Bag တို့က ပူးပေါင်းပြီး ပြုလုပ်သွားမှာဖြစ်ပြီး Big Bag သီချင်းတွေထဲက ကြိုက်နှစ်သက်ရာ သီချင်းတပုဒ်ကို လွတ်လပ်စွာ သီဆိုယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

သီဆိုယှဉ်ပြိုင်ရမယ့် ရက်တွေကတော့ ဇူလိုင်လ ၁၉ ရက်နေ့ကနေ သြဂုတ်လ ၁၆ရက်နေ့ထိ ဖြစ်ပြီး Tay App မှာ ကိုယ်ပိုင်အကောင့်ဖွင့်ကာ ယှဉ်ပြိုင်လိုတဲ့ ဗီဒီယိုကို တင်ပေးရမှာဖြစ်ပါတယ်။ ဒီ Cover Song ဗီဒီယိုကိုလည်း ပြိုင်ပွဲဝင်ရဲ့ ကိုယ်ပိုင် Facebook အကောင့်ကနေ Public နဲ့ မျှဝေပေးရမှာဖြစ်ပါတယ်။

ဆုရရှိမယ့်သူကို ရွေးချယ်ရာမှာတော့ Like & Share တွေနဲ့ ရွေးချယ်သွားမှာမဟုတ်ဘဲ Tay အဖွဲ့မှ ရွေးချယ်ထားတဲ့ ဆန်ခါတင် ၁၀ဦးထဲက အကောင်းဆုံး ၁ဦးကို Big Bag အဖွဲ့မှ ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပါဝင်ယှဉ်ပြိုင်သူထဲက အကောင်းဆုံး ၁ ဦးကို Big Bag အဖွဲ့မှ Surprise Gift တခုပေးဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

The post Big Bag Cover Song Contest ပြုလုပ်ကျင်းပမည် appeared first on ဧရာဝတီ.

ကချင်ရိုးရာကြက်ကင်ရောင်းနေတဲ့ အဆိုတော်မိုင်းမိုင်ဆိုင်း

$
0
0

ကချင်တိုင်းရင်းသူတယောက်ဖြစ်တဲ့ အဆိုတော်မိုင်းမိုင်ဆိုင်းကတော့ လက်ရှိမှာ ကချင်ရိုးရာကြက်ကင်ကို ကိုယ်တိုင်ပြုလုပ် ရောင်းချပေးလျက် ရှိပါတယ်။

ကချင်ရိုးရာကြက်ကင်ကိုတော့ ကိုဗစ်ကာလအတွင်း မြစ်ကြီးနားမှာ လုပ်ကိုင်ရာမှ အခုဆိုရင် ရန်ကုန်ပြန်လည် ရောက်ရှိလာပြီး ရန်ကုန်မှာလည်း နေ့စဉ်ရောင်းချနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ကြက်ကင်ရောင်းနေတာကို သူငယ်ချင်းတယောက်က လှောင်ပြောင်သလို ပြောဆိုမှုတွေကြောင့် စိတ်ခုခဲ့ပေမယ့် ဒီကာလမှာ အလုပ်မရှိဘဲ သုံးဖြုန်းနေတာကမှ သနားစရာကောင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူငယ်ချင်းတယောက် ကျနော်ကြက်ကင်ရောင်းတာနဲ့ပတ်သက်ပြီး လှောင်သလိုပြောင်သလိုနဲ့ အသားသည်လေးအခုမှ လူမှန်နေရာမှန်ဆိုပြီး သနားသလိုလှောင်တယ်။ စိတ်တော့တချက် ခုသွားတယ်။ သူကစတာလို့ပြောပေမယ့် ကျနော်ကတော့ ဒီနောက်ပိုင်းစိတ်လည်းမဆိုးချင်တော့သလို ရန်လည်းမတွေ့တော့ပါဘူး”

“ တကယ်တော့ ဒီကာလမှာ အလုပ်မရှိအကိုင်မရှိ သုံးဖြုန်းစားသောက်ပျော်ပါးနေတဲ့သူကမှ တကယ် သနားစရာကောင်းတာ သူမသိရှာဘူး” လို့ မိုင်းမိုင်ဆိုင်းကပြောပါတယ်။

မိုင်းမိုင်ဆိုင်းက အခုလိုဈေးရောင်းတာဟာလည်း ပေါ်ပင်ထလုပ်တာမျိုးမဟုတ်ဘဲ တကယ်စိတ်ရောကိုယ်ပါနှစ်ပြီး အကောင်းဆုံးလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းမိုင်ဆိုင်းရဲ့ MMS ကချင်ရိုးရာကြက်ကင်ကိုတော့ နေ့တိုင်းရောင်းချပေးနေပြီး နေ့ခင်း ၁ နာရီမတိုင်ခင်မှာ မှာယူပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

“အရမ်းပင်ပန်းပေမယ့် ၁ရက်မှ မနားချင်သေးပါဘူး။ အခုမှအစဆိုတော့ ရတဲ့နေ့ရလိုက် ၊ မရတဲ့နေ့ မရလိုက် ဖြစ်နေရင် မှာတဲ့သူတွေအတွက် ဘယ်နေ့ရလဲ မလဲ စဉ်းစားရခက်နေမှာစိုးလို့ပါ။ တနင်္ဂနွေမှာနားဖို့လုပ်ပေမယ့် ရုံးသမား သူငယ်ချင်းအချို့တောင်းဆိုမှုကြောင့် မနားတော့ပါဘူး” လို့ မိုင်းမိုင်ဆိုင်းကပြောပါတယ်။

မိုင်းမိုင်ဆိုင်ကတော့ ကချင်ရိုးရာကြက်ကင်ကို ငွေကျပ် ၁သောင်း ၃ထောင် ၊ ဝက်ကင်ကို ၁သောင်း ကျပ်နဲ့ရောင်းချပေးနေတာပဲဖြစ်ပါတယ်။

You may also like these stories:

လက်ပွားလေးပါတဲ့ အဆိုတော်မေမဒီရဲ့ “ပွားစိန်”ဆိတ်စွပ်နံပြား

အခြေခံ လူတန်းစားတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ ငွေဇင်လှိုင်း

The post ကချင်ရိုးရာကြက်ကင်ရောင်းနေတဲ့ အဆိုတော်မိုင်းမိုင်ဆိုင်း appeared first on ဧရာဝတီ.

ပရိသတ်ကို မေးခွန်း ၁၅ ခုပြန်မေးခဲ့တဲ့ နေတိုး

$
0
0

အကယ်ဒမီနေတိုးကတော့ အမြဲတမ်းပရိသတ်တွေမေးတဲ့ မေးခွန်းတွေပဲဖြေလာရတာ များနေပြီဖြစ်တဲ့အတွက် ပရိသတ်ကို မေးခွန်းပြန်မေးချင်စိတ်ဖြစ်ပေါ်လာတာကြောင့် မေးခွန်း ၁၅ခုကို မေးမြန်းခဲ့ပါတယ်။

“မေးတာတွေပဲဖြေလာရတာ များလာတော့ တခါတခါ ပရိသတ်ကိုလည်း ပြန်မေးချင်စိတ်ဖြစ်ဖြစ်လာပါတယ်။ အဲဒါကြောင့် မေးခွန်း ၁၅ ခုမေးဖို့ စဉ်းစားထားပါတယ်” လို့ နေတိုးကပြောပါတယ်။

ဒီမေးခွန်းတွေကတော့ သူ့ကို အပြင်မှာမြင်ဖူးလား ၊ စကားပြောဖူးလား ၊ ထိတွေ့ဖူးလား ၊ Message ပို့ဖူးလား ၊ လက်ဆောင် တခုခုပေးဖူးလား ၊ သူ့ဆီက လက်ဆောင်တခုခုပြန်ရဖူးလား ၊ သူ့ကိုစနောက်ဖူးလား ၊ သူ့ဆီက တုန့်ပြန်မှုတခုခုရဖူးလား ၊ ဓါတ်ပုံတွဲရိုက်ဖူးလား အစရှိတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။

ဒီအစီအစဉ်ကိုတော့ နေတိုးက သူနဲ့ပရိသတ်တွေကြားထဲမှာ အမှတ်တရတခုကို ဖန်တီးစုစည်းခြင်းသက်သက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ မေးခွန်းများဖြေပေးတဲ့သူတွေကိုလည်း နေတိုးက တဦးချင်းစီကို Reply ပြန်ထားပြီး Facebook ကသတ်မှတ်ချက် ကျော်လွန်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။

နေတိုးကတော့ အခုလို ကိုဗစ်ကာလအတွင်းမှာ ပရိသတ်နဲ့အဆက်မပြတ်စေရန် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Live များ ၊ ပုံများတင်တာတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။

နှင်းဆီအဖွဲ့ရဲ့ အွန်လိုင်း Unplugged Show ကိုလည်း စက်တင်ဘာလ ၂ရက်နေ့ ည၇နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး မင်းမော်ကွန်း ၊ နေတိုး ၊ ကျော်ကျော်ဗိုလ် ၊ ထွန်းထွန်း ၊ ရဲလေး တို့က ဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

The post ပရိသတ်ကို မေးခွန်း ၁၅ ခုပြန်မေးခဲ့တဲ့ နေတိုး appeared first on ဧရာဝတီ.

အောက်တိုဘာလမှာ အက်ရှင် ကာတွန်းစာအုပ် ဖြန့်ချိဖို့ရှိနေတဲ့ Keanu Reeves

$
0
0

ရုပ်ရှင်သရုပ်ဆောင်၊ ဂီတပညာရှင်နဲ့ ရုပ်ရှင်ထုတ်လုပ်သူ Keanu Reeves ဟာ အခုတော့ ကာတွန်းစာအုပ် ရေးသားသူ တယောက်အနေနဲ့ ပရိသတ်ရှေ့မှောက် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

John Wick မင်းသား Reeves ဟာ နာမည်ကျော်ဂရက်ဖစ် ဝတ္ထုရေးဆရာ Matt Kindt နဲ့အတူ “BRZRKR” ဆိုတဲ့ ဝတ္ထုကို ပူးတွဲ ရေးသားနေတယ်လို့ ဆိုပါတယ်။ Alessandro Vitti က အဲ့ဒီ ကာတွန်းဝတ္ထုကို ရေးဆွဲပေးမှာဖြစ်ပြီး Boom! Studios စတူဒီယိုကနေတဆင့် အဲ့ဒီဝတ္ထုစီးရီးကို ဖြန့်ချိမှာ ဖြစ်ပါတယ်။

အတွဲ (၁၂) နဲ့ ဖြန့်ချိမယ့် အဲ့ဒီစီးရီးဟာ ကိုယ့်ရဲ့ဘဝ ဖြစ်တည်မှုအကြောင်းကို ဖော်ထုတ်ရမယ့် Berzerker လို့ခေါ်တဲ့ မသေမျိုး စစ်သည်တော်တဦးရဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

ဇာတ်လမ်း အကြောင်းအရာမှာတော့ “ကမ္ဘာကြီးပေါ်မှာ ရာစုနှစ်နဲ့ချီပြီး လှည့်လည်သွ ားလာခဲ့ပြီးတဲ့နောက် Berzerker ဟာ သူခိုလှုံဖို့ နေရာတခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက် အကြမ်းတမ်းဆုံးနဲ့ အန္တရာယ်အကြီးမားဆုံး တိုက်ပွဲတွေကို တိုက်ခိုက်ဖို့ အမေရိကန် အစိုးရအတွက် အလုပ်လုပ်ပေးခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။

မင်းသား Reeves က “တကယ်လို့ အဲ့ဒီကာတွန်းကို ရုပ်ရှင်တကားအနေနဲ့ ဖန်တီးမယ်ဆိုရင်တော့ Berzerker ဇာတ်ရုပ်မှာ သရုပ်ဆောင်ချင်ပါတယ်။ တကယ်လို့ ကျနော်သာ သရုပ်မဆောင်ဖြစ်ခဲ့ဘူးဆိုရင်တော့ တကယ့်ကို ပျော်ဖို့ကောင်းတဲ့ ဇာတ်လမ်းဖြစ်မှာပါ။ တခြားတယောက်ယောက်လည်း သရုပ်ဆောင်နိုင်ပါတယ်” လို့ USA Today ကို ပြောကြားခဲ့ပါတယ်။

“Matrix 4” ရုပ်ရှင်အစမ်းလေ့ကျင့်မှုအတွက် ဘာလင်မြို့ကို ရောက်ရှိနေတဲ့ မင်းသားက Kindt နဲ့အတူ Skype ကနေ တဆင့် ပုံမှန် ဆက်သွယ်နေပြီး ဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အလှည့်အပြောင်းနဲ့ လှည့်ကွက်တွေကို ထည့်နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

USA Today ရဲ့အဆိုအရ အက်ရှင်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပါဝင်တဲ့အဲ့ဒီကာတွန်းရဲ့ အဓိက ဇာတ်ကောင်ရဲ့ ဖခင်ဟာ စစ်ပွဲနတ်ဘုရားဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ သောင်းလောက်က မွေးဖွားခဲ့တဲ့ သွေးနှောလူသား ဖြစ်တယ်လို့ သိရပါတယ်။

BRZRKR ရဲ့ ပထမအတွဲကို လာမယ့် အောက်တိုဘာလမှာ ဒစ်ဂျစ်တယ်ပိုင်းကရော Print အပိုင်းမှာပါ ဖြန့်ချိဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ မင်းသား Reeves ဟာ လာမယ့် သြဂုတ်လ ၂၈ ရက်မှာ ဖြန့်ချိဖို့ ပြင်ဆင်ထားတဲ့ “Bill And Ted Face The Music” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: cnalifestyle

You may also like these stories:

စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ Marvel ရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ Keanu Reeves

ချစ်သူရသွားပြီ ဖြစ်တဲ့ မင်းသား Keanu Reeves

 

The post အောက်တိုဘာလမှာ အက်ရှင် ကာတွန်းစာအုပ် ဖြန့်ချိဖို့ရှိနေတဲ့ Keanu Reeves appeared first on ဧရာဝတီ.

မင်းသား ဆူရှန့်ဟာ စိတ်ကျရောဂါ ခံစားခဲ့ရကြောင်း ဆရာဝန်တွေ ပြော

$
0
0

ပြီးခဲ့တဲ့လက ကွယ်လွန်ခဲ့တဲ့ ဘောလိဝုဒ်မင်းသား Sushant Singh Rajput ရဲ့ သေဆုံးမှုအကြောင်း စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် စိတ်ရောဂါ အထူးကုဆရာဝန်နဲ့ စိတ်ရောဂါကုထုံး ပညာရှင် ၃ ဦးရဲ့ ထုတ်ပြန်ချက်တွေကို ရဲတပ်ဖွဲ့က မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ အကြီးတန်းအရာရှိတဦးက ဇူလိုင်လ ၂၀ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ရဲတပ်ဖွဲ့ လက်ထောက် ကော်မရှင်နာမင်းကြီး Abhishek Trimukhe က သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က အဲ့ဒီမှတ်တမ်းတွေကို လွန်ခဲ့တဲ့ ၃၊ ၄ ရက်လောက်က မှတ်တမ်းတင်ခဲ့တာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ကွယ်လွန်သူ မင်းသားဟာ စိတ်ကျန်းမာရေးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေခဲ့တာကြာပြီဖြစ်ပြီး အခုလိုမျိုး ဆရာဝန်တွေဲ့ ပြောဆိုချက်ကိုလည်း သေဆုံးမှုဖြစ်စဉ် တစိတ်တပိုင်းအဖြစ် မှတ်တမ်းတင်ထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ မင်းသား Sushant ဟာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကတည်းက စိတ်ကျရောဂါအတွက် ကုသမှုခံယူနေရတာဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

အသက် ၃၄ နှစ်အရွယ် မင်းသားကို ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့တုန်းက Bandra အရပ်မှာရှိတဲ့ သူ့ရဲ့ တိုက်ခန်းထဲမှာ သေဆုံးလျက်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဒါဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ မင်းသားဟာ စိတ်ကျရောဂါအတွက် ဆေးသောက်နေရခဲ့ရတာကို မွမ်ဘိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဟာ ဒါရိုက်တာ Sanjay Leela Bhansali ၊ ဘောလိဝုဒ် သရုပ်ဆောင်ရေးရာ ဒါရိုက်တာ Mukesh Chhabra ၊ မင်းသမီး Sanjana Sanghi နဲ့ မင်းသား Sushant ရဲ့ သူငယ်ချင်း Sandip Singh တို့အပါအဝင် လူပေါင်း ၃၆ ဦးဆီက မှတ်တမ်းတွေကိုလည်း ရယူထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းသားရဲ့ သူငယ်ချင်း Rhea Chakraborty ဟာလည်း ရဲတပ်ဖွဲ့ထံ မှတ်တမ်းရယူပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူ Aditya Chopra ဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့တုန်းက Versova ရဲစခန်းမှာ ဒီဖြစ်စဉ်နဲ့ ဆက်စပ်လို့ မှတ်တမ်းပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းသားဟာ Shuddh Desi Romance, Raabta, Kedarnath နဲ့ Sonchiriya တို့လိုမျိုး နာမည်ကျော် ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ “MS Dhoni: The Untold Story” ရုပ်ရှင်မှာ ခရစ်ကတ်ကစားသမား Mahendra Singh Dhoni အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေက သဘောကျ နှစ်ခြိုက်ခဲ့ပါတယ်။

Ref: hindustantimes

You may also like these stories:

အောက်တိုဘာလမှာ အက်ရှင် ကာတွန်းစာအုပ် ဖြန့်ချိဖို့ရှိနေတဲ့ Keanu Reeves

ကိုရီးယားအနုပညာရှင်တွေရဲ့ Tiktok အကောင့်တွေ ဖျက်ခံရ

၂၀၂၀ အတွက် လူကြည့်အများဆုံးရုပ်ရှင်အဖြစ် “Peninsula” စံချိန်တင်

The post မင်းသား ဆူရှန့်ဟာ စိတ်ကျရောဂါ ခံစားခဲ့ရကြောင်း ဆရာဝန်တွေ ပြော appeared first on ဧရာဝတီ.

ပထမဆုံးရင်သွေး လွယ်ထားရပြီဖြစ်တဲ့ အဆိုတော် Nicki Minaj

$
0
0

အဆိုတော် Nicki Minaj ဟာ ပထမဆုံး ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့မှာ ကြေညာခဲ့ပြီး သူ့ရဲ့ ကိုယ်ဝန်ဆောင် ဗိုက်ပုံတွေကို တင်ခဲ့ပါတယ်။

“Bang, Bang” သီချင်းအဆိုတော် Nicki ဟာ ဖုံးကာမထားတဲ့ ကိုယ်ဝန်ဆောင်ဗိုက်ကို လှစ်ဟပြထားပြီး ရတနာ စီခြယ်ထားတဲ့ အတွင်းခံ ဘရာစီယာ ဝတ်ဆင်ထားတဲ့ သူ့ရဲ့ ပုံတပုံကို Instagram အကောင့်မှာတင်ခဲ့ပါတယ်။ ပုံစာမှာတော့ “ကိုယ်ဝန်ဆောင်” လို့ ရေးခဲ့ပါတယ်။

တခြား ပို့စ်တခုမှာတော့ သူက “အချစ်၊ အိမ်ထောင်၊ ရင်သွေးလွယ်ထားရမှု၊ စိတ်လှုပ်ရှားမှုနဲ့ ကျေးဇူးတွေ ပြန့်လျှံ စီးဆင်းနေပြီ။ ဆုမွန်ကောင်းတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ရေးခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် အဆိုတော် Nicki ဟာ ငယ်သူငယ်ချင်း Kenneth Petty နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်းနဲ့ မိသားစုဘဝကို စတင်ဖို့ ဂီတလောကနေ အနားယူမယ့်အကြောင်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ကြေညာခဲ့လို့ ပရိသတ်တွေ အံ့သြသင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူဟာ Single သီချင်းတွေ တော်တော်များများကို ဖြန့်ချိခဲ့ပြီး အယ်လ်ဘမ်အသစ်အတွက် အလုပ်လုပ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက “Pink Friday” အယ်လ်ဘမ်နဲ့ ဂီတလောကထဲကို စတင် ရောက်ရှိခဲ့ပြီး အငြင်းပွားဖွယ် မှတ်ချက်စကားတွေ၊ တခြားအဆိုတော်တွေနဲ့ စကား အချေအတင်ဖြစ်မှုတွေ၊ ရောင်စုံ ဆံပင်တုတွေ၊ စိတ်အခြေအနေ မူမမှန်တဲ့ အကြောင်းအရာတွေနဲ့လည်း လူသိများသူဖြစ်ပါတယ်။

သူဟာ အမေရိကန် ဂီတဆု ၆ ဆု ရရှိခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် American Idol အစီအစဉ်မှာ အငြင်းပွားဖွယ် ဒိုင်လူကြီး တဦးအနေနဲ့လည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ Time မဂ္ဂဇင်းရဲ့ ကမ္ဘာပေါ်မှာ လွှမ်းမိုးနိုင်မှုအရှိဆုံးလူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

Ref: ewn

You may also like these stories:

မင်းသား ဆူရှန့်ဟာ စိတ်ကျရောဂါ ခံစားခဲ့ရကြောင်း ဆရာဝန်တွေ ပြော

အောက်တိုဘာလမှာ အက်ရှင် ကာတွန်းစာအုပ် ဖြန့်ချိဖို့ရှိနေတဲ့ Keanu Reeves

ကိုရီးယားအနုပညာရှင်တွေရဲ့ Tiktok အကောင့်တွေ ဖျက်ခံရ

The post ပထမဆုံးရင်သွေး လွယ်ထားရပြီဖြစ်တဲ့ အဆိုတော် Nicki Minaj appeared first on ဧရာဝတီ.

နေတိုးနဲ့ ကောလာဟလတွေကို ပြန်ဖြေရှင်းခဲ့တဲ့ သရုပ်ဆောင် ပန်းပန်

$
0
0

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အကောင့်တခုကနေ သရုပ်ဆောင် နေတိုးနဲ့ ပန်းပန်တို့ရဲ့ စုံတွဲဓာတ်ပုံများကို တင်ခဲ့ပြီး အဆိုပါပုံများနဲ့ ပတ်သက်ကာ ပန်းပန်က အခုကို ပြန်ဖြေရှင်းခဲ့ပါတယ်။

“ပန်းကို ဒီလိုအချိန်မှာ ဘာမှ လာမမေးကြပါနဲ့။ ကိုယ်ချင်းစာနာကြပါ။ ပြီးပြီးသား ကိစ္စတွေကို မေ့ပစ်လိုက်တာလည်း ကြာလှပါပြီ။ ဒီလိုတွေ ဖြစ်လာအောင် ကိုယ်ချင်းစာစိတ် မရှိ၊ ရည်ရွယ်ချက်ရှိရှိနဲ့ မဟုတ်မမှန် သတင်းအရင် သွားပို့တဲ့သူသာလျှင် သတ္တိရှိရှိ ထွက်ရှင်းလိုက်ပါ” လို့ ပန်းပန်က ပြောပါတယ်။

အဆိုပါ ကိစ္စရပ်များကို မေ့ပစ်ခဲ့တာလည်းကြာပြီဖြစ်ပြီး မဟုတ်မမှန် သတင်းပို့တဲ့သူသာ သတ္တိရှိစွာ ရှင်းပြဖို့ ပန်းပန်က ဆိုပါတယ်။

ဆက်လက်ပြီး “နောက်ပြီး နောက်ဆက်တွဲ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ပုံတွေ ထပ်သွားပို့တဲ့ နောက်ကျော ဓားထိုးသူတွေလည်း သူများတကာ စိတ်ဒုက္ခရောက် မျက်ရည်ကျနေတာကို ဝမ်းသာနေလိုက်ကြပါတော့နော်”လို့ ပန်းပန်က ပြောပါတယ်။

ဒီအကြောင်းအရာတွေကိုတော့ အနုပညာရှင်တွေရဲ့ အကြောင်းအရာများကို အမြဲတမ်းတင်နေတဲ့ Page တခုမှာ တင်ထားတာဖြစ်ပြီး နေတိုးနဲ့ ပန်းပန်တို့က အရင်က ချစ်ကြိုက်ခဲ့ဖူးကြောင်းလည်း ပြောထားပါတယ်။

လတ်တလောမှာလည်း နေတိုးရဲ့ အချစ်ရေးကိစ္စများကို အဆိုပါ Page မှာ ဖော်ထုတ်နေတာဖြစ်ပြီး နေတိုးကတော့ သူ့ရဲ့အချစ်ရေးကိစ္စများကို သိုဝှက်ထားတာတဲ့ မင်းသားတဦးလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် နေတိုးနဲ့ ပန်းပန်ကလည်း ယခင်က ဇာတ်ကားများ အတူတူ တွဲရိုက်ဖူးကြတာကိုလည်း တွေ့ရမှာဖြစ်ပြီး ပန်းပန်ကတော့ အခုအချိန်မှာ အနုပညာအလုပ်များကို အနည်းငယ်မျှသာ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

You may also like these stories:

ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ

နေတိုးနဲ့ တွဲပြီး သရုပ်ဆောင်ရမှာ အရမ်းရှိန်နေတဲ့ နေခြည်ဦး

ရိုက်ကူးရေးတွေ ပြန်စမယ့်ရက်ကို စောင့်နေတဲ့ ဇင်မျိုး

The post နေတိုးနဲ့ ကောလာဟလတွေကို ပြန်ဖြေရှင်းခဲ့တဲ့ သရုပ်ဆောင် ပန်းပန် appeared first on ဧရာဝတီ.


“ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော်မှာ ၁၀ သိန်း လှူဒါန်းခဲ့တဲ့ နေတိုး

$
0
0

သဘင်ပညာရှင်များ စုပေါင်းပြုလုပ်ထားတဲ့ “ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော်အတွက် သရုပ်ဆောင် နေတိုးက အလှူငွေ ၁၀ သိန်း ပါဝင် လှူဒါန်းခဲ့ပါတယ်။

“သဘင်ပညာရှင်များရဲ့ “ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော် အစီအစဉ်အတွက် ထပ်မံပြီးတော့ အလှူငွေ ၁၀ သိန်း ပါဝင် လှူဒါန်းဖြစ်ပါတယ်။ “ကုသိုလ်လည်းရ ဝမ်းလည်းဝ” ဆိုတဲ့ မြန်မာစကားပုံလေးတခုကို သွားသတိရမိပါတယ်။ ကောင်းသော အသက်မွေးခြင်းဖြင့် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသကဲ့သို့ ကောင်းသော အမှုကို သူတပါးအတွက် စေတနာကောင်းနဲ့ ဆောင်ရွက်ပေးခြင်းဖြင့် မိမိအကျိုးလည်း တပါတည်းပြည့်စုံတယ်လို့ ဆိုလိုတာပါ” လို့ နေတိုးက ပြောပါတယ်။

အလှူလုပ်ချင်တဲ့အတွက် အစားအသောက်များကို အခုလို အွန်လိုင်းပေါ်ကနေ မှာယူနိုင်အောင် ကြိုးစားကြတဲ့ သဘင်ပညာရှင်များနဲ့ မှာယူစားသောက်ကြတဲ့ မိဘပြည်သူတွေဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝစေမှာအမှန်ပဲလို့ ဆိုပါတယ်။

“အလှူလုပ်ချင်လို့ အစားအသောက်များကို အခုလို အွန်လိုင်းပေါ်ကနေ မှာယူလို့ရအောင် ကြိုးစားနေကြတဲ့ သဘင်ပညာရှင်တွေရော မှာယူစားသောက်ကြတဲ့ မိဘပြည်သူတွေ အားလုံးအားလုံးဟာ “ကုသိုလ်လည်းရ ဝမ်းလည်းဝ” ဆိုတဲ့အတိုင်း လောကီအတွက်ရော လောကုတ္တရာအတွက်ပါ နှစ်ဦးနှစ်ဖက်လုံး အကျိုးထူးရစေမှာ အမှန်ပဲ ဖြစ်ပါတယ်” လို့ နေတိုးက ပြောပါတယ်။

ဆက်လက်ပြီး “ဒါကြောင့်မို့လို့ လက်လှမ်းမီသော ပြည်သူများအနေနဲ့ သဘင်ပညာရှင်များရဲ့ နှလုံးသားများရဲ့ နှလုံးသားဖြင့် ချက်ပြုတ် ကြော်လှော်ထားသော အစားအစာ ဟင်းပွဲများကို မှာယူစားသုံးရင် ကုသိုလ်လည်းရ ဝမ်းလည်းဝကြပါစေ။ ပရိသတ်များ အားလုံးကိုလည်း ကုသိုလ်အမျှ ပေးဝေပါတယ်ခင်ဗျာ” လို့ ပြောထားပါတယ်။

အဆိုပါ သဘင်ပညာရှင်များ စုပေါင်းပြုလုပ်တဲ့ “ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော်ကတော့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေစာပုံပြိုကျမှုကြောင့် နစ်နာခဲ့တဲ့ ပြည်သူများအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

You may also like these stories:

နေတိုးနဲ့ ကောလာဟလတွေကို ပြန်ဖြေရှင်းခဲ့တဲ့ သရုပ်ဆောင် ပန်းပန်

ပရိသတ်ကို မေးခွန်း ၁၅ ခုပြန်မေးခဲ့တဲ့ နေတိုး

ကချင်ရိုးရာကြက်ကင်ရောင်းနေတဲ့ အဆိုတော်မိုင်းမိုင်ဆိုင်း

The post “ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော်မှာ ၁၀ သိန်း လှူဒါန်းခဲ့တဲ့ နေတိုး appeared first on ဧရာဝတီ.

“အလုပ်တွေ ပါးနေတာကြောင့် ရုပ်ရှင်တွေ ပြန်ရိုက်ရရင် ကောင်းမယ်”

$
0
0

COVID-19 ရောဂါကြောင့် ရိုက်ကူးရေးတွေ ရက်နားထားရပြီး ဒီကာလမှာ အလုပ်တွေ ပါးနေလို့ ရုပ်ရှင် ပြန်ရိုက်ရရင် ကောင်းမယ်လို့ လူကြမ်း သရုပ်ဆောင် အရိုင်းမင်းက ပြောပါတယ်။

“ဇာတ်ကားတွေ မရိုက်ရတာလည်း ၃ လကျော်လောက် ရှိပြီပေါ့။ နောက်ဆုံးရိုက်ခဲ့တာက ဒါရိုက်တာကိုပေါက်နဲ့ ၄ ရက်ပဲ ရိုက်ရသေးတယ်။ တီးတိန်မှာ ကိုဗစ်လူနာ တွေ့တော့ ပြန်လာရတာ။ ၄ ရက်ဆိုတော့ ကားတပိုင်းတောင် မကျသေးဘူး။ ဘာပဲဖြစ်ဖြစ် အလုပ်မရှိဘူးပေါ့”

“၃ လလောက်ကျော်၊ ၄ လလောက် အရမ်းခက်ခဲနေတာ။ အိမ်ငှားခလည်း မပေးနိုင်တာ ၃ လ ရှိပြီ။ အိမ်ရှင်က ကိုဗစ်ကာလပြီး အလုပ်တွေ ပြန်လုပ်ရမှ ပေးနိုင်သလောက်လေး ဖဲ့ပေးပါလို့တော့ ပြောတယ်။ အိမ်ရှင်ကလည်း တော်တော်လေး မျက်နှာထောက်တော့ တော်သေးတာပေါ့။ ရုပ်ရှင်တွေ ပြန်ရိုက်ရရင်တော့ အရမ်းကောင်းတာပေါ့”လို့ လူကြမ်းသရုပ်ဆောင် အရိုင်းမင်းက ပြောပါတယ်။

ဆက်လက်ပြီး အရိုင်းမင်းက သရုပ်ဆောင် အလုပ်ဆိုတာ ပုံသေ ဝင်ငွေ မရှိတဲ့ အတွက် ချွေတာပြီး သုံးရတာကြောင့် အခုလိုအချိန်မှာ အဆင်မပြေကြတာလို့ ဆိုပါတယ်။

“ကျနော်တို့က အစိုးရအလုပ် မဟုတ်ဘူး။ ပုဂ္ဂလိကအလုပ် ဆိုတော့ အလုပ်က ပုံသေ မရှိဘူး။ ကားရိုက်တဲ့ အချိန်ပဲ ပိုက်ဆံရတာ။ ကားရိုက် မရှိတဲ့အချိန် ချွေတာပြီး သုံးရတာ။ အခုလို ကိုဗစ်တွေ ဖြစ်တော့ အဆင်မပြေကြဘူးပေါ့”လို့ အရိုင်းမင်းက ဆိုပါတယ်။

အဆင်မပြေမှုတွေကို ပြောတဲ့အခါ ပရိသတ်အချို့က အနုပညာရှင်တွေက ငိုပြတယ်လို့ ပြောဆိုကြတဲ့အပေါ်လည်း အရိုင်းမင်းက အခုလိုပဲ ပြောပါတယ်။

“ကျနော်တို့ကို ငိုပြတယ်ဆိုပြီး ပြောဆိုနေကြတာတွေ ရှိတယ်။ ကျနော်တို့က ငိုပြတာ မဟုတ်ဘူး။ ကိုယ်ဖြစ်နေတဲ့အတိုင်းကို ကိုယ်ပြောတာပါ။ ကျနော်တို့က ညည်းတာ မဟုတ်ပါဘူး။ အဆင်မပြေတာကိုမေးလို့ ပြောပြတာပါ။ နိုင်ငံတော်က ထောက်ပံ့ငွေ မရဘူး။ ကျနော်တို့က အနုပညာရှင်ဆိုပြီး အထင်ကြီးတယ်။ နယ်မှာဆိုလည်း အဲ့လိုပဲ”

“ရုပ်ရှင်သမား ရေဝယ်သောက်ရင်တောင် ၂၀၀ ကနေ ၅၀၀ ဖြစ်သွားတယ်။ ကျနော်တို့က မင်းသား၊ မင်းသမီးလည်း မဟုတ်၊ ထုတ်လုပ်သူလည်း မဟုတ်ဘူး။ ပိုက်ဆံ တပဲခြောက်ပြားနဲ့ လိုက်ရိုက်ရတာ။ ရုပ်ရှင်သမားပိုက်ဆံ အများကြီးရတယ်လို့ ထင်ကြတယ်။ အထင်ကြီးတာလေးတွေလည်း လျှော့ကြပါလို့”လို့ အရိုင်းမင်းက ပြောပါတယ်။

လူကြမ်း သရုပ်ဆောင် အရိုင်းမင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်လာတာ အနုပညာသက်တမ်း ၃၇ နှစ်ကျော် ရှိပါပြီ။ မြန်မာ့ရိုးရာ လက်ဝှေ့သမားဘဝကနေ အနုပညာလောကကို ဝင်ရောက်လာတဲ့ အရိုင်းမင်းဟာ အနုပညာလုပ်ငန်းများကို အတတ်နိုင်ဆုံး မသေခင်ထိ ဆက်လက် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

You may also like these stories:

“ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော်မှာ ၁၀ သိန်း လှူဒါန်းခဲ့တဲ့ နေတိုး

ပရဟိတအလုပ်ကို ခေတ္တရပ်နားကာ အဓိဋ္ဌာန်ဝင်မယ့် ကျော်သူ

“တန်ဖိုးကြီး အနုပညာသမားတွေ ဆုံးရှုံးရမှာ ကြောက်တယ်”လို့ ကျင်ဝှက် ပြော

The post “အလုပ်တွေ ပါးနေတာကြောင့် ရုပ်ရှင်တွေ ပြန်ရိုက်ရရင် ကောင်းမယ်” appeared first on ဧရာဝတီ.

အသက် ၃၀ အရွယ်မှာ ကွယ်လွန်သွားတဲ့ ဂျပန်မင်းသား Haruma Miura

$
0
0

ဂျပန်မင်းသား Haruma Miura ကို ဇူလိုင် ၁၈ ရက်က သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ စုံစမ်းရေး သတင်းအရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။ အသက် ၃၀ အရွယ် မင်းသားကို တိုကျိုက နေအိမ်မှာ လဲကျနေတာ အရင်ဆုံး တွေ့ခဲ့ကြတာပါ။

တိုကျိုမြို့၊ Minato မှာရှိတဲ့ နေအိမ်ကို မန်နေဂျာဖြစ်သူက မင်းသားနဲ့ အဆက်အသွယ် မရတာကြောင့် လိုက်လာရာမှ လဲကျနေတာကို တွေ့ခဲ့ရပြီး ဆေးရုံပို့ပေးခဲ့ပေမယ့် သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရဲဌာနကတော့ မင်းသား Miura ဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တာ ဖြစ်တယ်လို့ ယူဆထားပါတယ်။ ဒါပေမဲ့ သေတမ်းစာ ကိုတော့ နေအိမ်မှာ မတွေ့ခဲ့ကြပါဘူး။

“Bloody Monday”, “Last Cinderella”, “Gokusen” စတဲ့ တီဗီဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားဟာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းအေဂျင်စီတခု ဖြစ်တဲ့ Amuse Inc နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အသက် ၇ နှစ် အရွယ်မှာပဲ NHK ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသခဲ့တဲ့ “Agri” မှာ ပွဲဦးထွက်ပါဝင်ခွင့်ရခဲ့ပါတယ်။

ဒီ့နောက်မှာတော့ ၂၀၀၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Koizora” နဲ့ ၂၀၁၀ ခုနှစ်က “Kimi ni Todoke” ရုပ်ရှင်တွေနဲ့ လူသိများလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ မင်းသား Miura ဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ စစ်ပွဲကာလအတွင်း တိုက်လေယာဉ်မှူး တဦးရဲ့အကြောင်းကို ပုံဖော်ထားတဲ့ “The Eternal Zero” ရုပ်ရှင်နဲ့ ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။

ရုပ်ရှင်ပိတ်ကားပေါ်တင် မဟုတ်ဘဲ ပြဇာတ် အများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ၂၀၁၆ ခုနှစ်က Broadway တေးသံစုံပြဇာတ်တပုဒ်ကို ဂျပန်နိုင်ငံက ပြန်လည်ပုံဖော်ထားတဲ့ “Kinky Boots” မှာ သရုပ်ဖော် ကပြခဲ့ပါတယ်။

မင်းသား Miura မသေဆုံးခင် ၃ ရက်အလိုမှာ Instagram အကောင့်ကနေ အသစ်ထွက်မယ့် ဇာတ်လမ်းတွဲ “Love Will Begin When Money End” ကို အားပေးဖို့ ပို့စ်တင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ ထွက် ရှိမယ့် “Brave: Gunjyo Senki” မှာလည်း ပါဝင်ထားပါတယ်။ မင်းသားရဲ့ အေဂျင်စီကတော့ သေဆုံးမှုအတွက် မယုံကြည်နိုင်သေးဘဲ အတည်ပြုပေးဖို့ တောင်းဆိုနေတဲ့ ပရိသတ်တွေကို တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။

Haruma Miura ကို ဂျပန် manga ကနေ ပြန်အသက်သွင်းထားတဲ့ “Attack On Titan” ဇာတ်ကားအပြင် “From Me To You” နဲ့ “The Eternal Zero” တွေက လူသိများကျော်ကြား စေခဲ့တာပါ။ ထွက်ရှိလာတော့မယ့် စင်ကာပူနိုင်ငံမှာပါ သွားရောက်ရိုက်ကူးထားတဲ့ “Confidence Man JP: Episode of the Princess ” ရုပ်ရှင်မှာလည်း မြင်တွေ့ရဦးမှာပါ။

Ref: Japan Times , CNA Lifestyle

You may also like these stories:

အောက်တိုဘာလမှာ အက်ရှင် ကာတွန်းစာအုပ် ဖြန့်ချိဖို့ရှိနေတဲ့ Keanu Reeves

၂၀၂၀ အတွက် လူကြည့်အများဆုံးရုပ်ရှင်အဖြစ် “Peninsula” စံချိန်တင်

ညီမကို ကယ်တင်ခဲ့တဲ့ ကောင်လေးအတွက် ဒိုင်းအစစ် ပို့ပေးမယ့် Chris Evans

The post အသက် ၃၀ အရွယ်မှာ ကွယ်လွန်သွားတဲ့ ဂျပန်မင်းသား Haruma Miura appeared first on ဧရာဝတီ.

ရက်ဂေးသီချင်းခွေ ထုတ်မယ့် စတန့်သရုပ်ဆောင် ဆွိ

$
0
0

သရုပ်ဆောင်အပြင် အနုပညာနဲ့ ပတ်သက်ပြီး ဂီတကို ဝါသနာပါတဲ့ စတန့်သရုပ်ဆောင် ဆွိက ဂီတနဲ့ပတ်သက်ပြီး ရက်ဂေးသီချင်းတွေ ထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။

“ကိုဗစ်ကာလမှာ မင်းသား၊ မင်းသမီးတွေကို သင်တန်းပေးတာ အခု ဖွင့်မရသေးတော့ ထိုင်စားနေရတာပေါ့။ ကျနော့် မိဘက ချမ်းသာတော့ ကျနော်က အခု ထိုင်စားနေတာပေါ့။ ရုပ်ရှင်လည်း မရိုက်ရဘူး။ သီချင်းလည်း မဆိုရဘူး။ ကျနော် ရုပ်ရှင်ရယ်၊ အဆိုရယ်နဲ့ ရပ်တည်နေတာ အနှစ် ၃၀ ရှိပြီ။ တခြားစီးပွားရေးတော့ မလုပ်တတ်ဘူး။ အမွေတွေ ရှိတော့ အေးဆေးပဲ။ အခု အခွေထွက်ဖို့ လုပ်နေတယ်”

“တပုဒ် ၅ သိန်းနဲ့ သီချင်းတွေ ဝယ်ထားတာ ၉ ပုဒ် ရှိသွားပြီ။ ကျနော် ရေးတာလည်း ပါတယ်။ ကျနော် တယောက်ပဲ ဆိုထားတာ။ အဲ့သီချင်းတွေကို ပထမထွက်ဖို့ လုပ်ထားတာ။ အခုတော့ ကိုဗစ်ဖြစ်တော့ မထွက်ရသေးဘူး။ အွန်လိုင်းကနေတော့ အခွေထုတ်ပြီးမှ တင်ပေးမယ်။ အခွေ နာမည်ကိုတော့ “Reggae Lover” လို့ နာမည်ပေးထားတယ်” လို့ ဆွိက ပြောပါတယ်။

အခွေထုတ်တာ မမြတ်မှန်းသိပေမယ့် ရက်ဂေးလိုင်း အောင်မြင်အောင်ကြိုးစားသွားမယ်လို့ကို ဆွိကဆိုပါတယ်။

“အခွေထုတ်တာတော့ မမြတ်ပါဘူး။ မမြတ်မှန်းသိပေမယ့် အမှတ်တရတော့ ဖြစ်သွားတာပေါ့။ အဆိုတော် လောကမှာ အခွေထုတ်ဖူးတယ် ဆိုတာပဲပေါ့။ မြတ်တာ မမြတ်တာထက် ရက်ဂေးလိုင်းမှာလူသိသွားဖို့ပဲ အရေးကြီးတယ်။ ရက်ဂေးလိုင်းကို အောင်မြင်အောင် ကြိုးစားမယ်။ ရုပ်ရှင်လောကမှာ ဆွိပေါ့။ အဆိုတော်အနေနဲ့တော့ New Reggae ပေါ့”

“ကျနော်က အနုပညာလောကထဲကို ဝင်လာကတည်းက စတန့်နဲ့ ဝင်လာတာ။ စတန့်မင်းသား၊ လူကြမ်းတော့ မဟုတ်ဘူး။ ကျနော်က ရုပ်ရှင်လောကမှာ အနှစ် ၃၀ လုပ်ခဲ့တယ်။ စတန့်နဲ့ ပတ်သက်ပြီးလည်း သင်ပေးခဲ့တယ်။ လူကြမ်းအငယ်တွေလည်း မွေးထုတ်ပေးနိုင်ခဲ့တယ်။ ကျနော့်ကို ခေါ်ရိုက်ရင်တော့ ကျနော်က ရိုက်မယ်။ မရိုက်ရင်တော့ သီချင်းလိုင်းမှာ ပေါက်အောင် လုပ်မယ် ”လို့ ဆွိက ပြောပါတယ်။

စတန့် သရုပ်ဆောင် ဆွိကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာရဲ့ စတန့်ခန်းတွေမှာ မင်းသား၊ မင်းသမီးအစား လူစားထိုး ဝင်ရောက်ခဲ့သူ တဦးဖြစ်ပြီး ဂီတပိုင်းမှာလည်း ရက်ဂေးဂီတကို သီဆိုဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။

You may also like these stories:

“အလုပ်တွေ ပါးနေတာကြောင့် ရုပ်ရှင်တွေ ပြန်ရိုက်ရရင် ကောင်းမယ်”

“ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော်မှာ ၁၀ သိန်း လှူဒါန်းခဲ့တဲ့ နေတိုး

ရေရှည်အတွက် စီးပွားရေးလုပ်ငန်းကို ရွေးချယ်ဖြစ်တဲ့ ဆုကဗျာ

The post ရက်ဂေးသီချင်းခွေ ထုတ်မယ့် စတန့်သရုပ်ဆောင် ဆွိ appeared first on ဧရာဝတီ.

“Tenet” ရုပ်ရှင် ရုံတင်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း

$
0
0

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဒါရိုက်တာ Christopher Nolan ရဲ့ “Tenet” ရုပ်ရှင်ဟာ ရုံတင်ရက်ကို ၄ ကြိမ်လောက် ရွှေ့ဆိုင်းခံခဲ့ရပြီးတဲ့နောက် အခုတော့ Warner Bros. ရဲ့ ရုံတင်ရုပ်ရှင် ပြက္ခဒိန်ထဲကနေ ဖယ်ရှားခံလိုက်ရပြီလို့ သိရပါတယ်။

ရုပ်ရှင်ထုတ်လုပ်ရေးဥက္ကဋ္ဌတွေဟာ COVID-19 ကြောင့် ရုပ်ရှင်ရုံတွေ တော်တော်များများ ပိတ်ထားရလို့ ပုံမှန်အတိုင်း တကမ္ဘာလုံးမှာ တပြိုင်နက်တည်း ရုံတင်ဖို့ အစီအစဉ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။

ဒါရိုက်တာ Nolan ရဲ့ အဲ့ဒီရုပ်ရှင်ဟာ တရုတ်နိုင်ငံနဲ့ တခြားအရှေ့ပိုင်းနိုင်ငံတွေမှာ ပြသဖို့ မျှော်လင့်ရတယ်လို့ ဆိုပေမယ့် စတူဒီယိုရဲ့ အမှုဆောင်အရာရှိတွေက အမေရိကန်မှာပါ တပြိုင်နက်တည်း ပြသဖို့ စီစဉ်ထားတယ်လို့ ဆိုပြန်ပါတယ်။ သတင်းတွေရဲ့အဆိုအရ အဲ့ဒီရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ခန့်မှန်းကြပါတယ်။

Warner Bros. ရုပ်ရှင်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ Toby Emmerich က “ဒီဖြစ်စဉ်ကြီး တခုလုံးနဲ့ဆိုင်တဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ ကျနော်တို့ရဲ့ ရုပ်ရှင်ရုံမိတ်ဆက်တွေက ဘေးကင်းလုံခြုံစွာ ပြန်ဖွင့်နိုင်ပြီဆိုတာနဲ့ သူတို့တွေအတွက် ကျနော်တို့တွေက အကြောင်းအရာအသစ်တွေနဲ့ ထောက်ပံ့ပေးဖို့၊ ကျနော်တို့ရဲ့ ရုပ်ရှင်တွေကို အမြင့်ဆုံး အနေအထားနဲ့ အောင်မြင်စေဖို့ ဖြစ်ပါတယ်”

“ရုံတင်ပြသတဲ့သူတွေဆီက ကျနော်တို့ လက်ခံရရှိတဲ့ အားပေးမှုတွေကိုလည်း ကျေးဇူးတင်ပြီး ကမ္ဘာတဝန်းလုံးမှာ ရုပ်ရှင်ရုံကနေ ကြည့်ရှုနိုင်မယ့် အတွေ့အကြုံရအောင် လုပ်ပေးဖို့ ကတိကိုလည်း ဆက်တည်မှာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဆက်ပြီး သူက “ကံမကောင်းချင်တော့ ကပ်ရောဂါက ဆက်လက် တိုးပွားလာပြီး ကျနော်တို့ရဲ့ ရုံတင်မယ့် ရက်ကို ပြန်လည် တွက်ချက်ရဖို့ ဖြစ်လာပါတယ်။ ဒီလိုမျိုး မသေချာမှုတွေ ကြားထဲမှာ ကျနော်တို့ဟာ နောက်ထပ် ရုံတင်မယ့်ရက် နှစ်ခုအတွက် လက်ရှိရက်ချိန်း နှစ်ခုကို ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”

“Tenet ရုပ်ရှင်ကို ၂၀၂၀ ပြည့်နှစ်ထဲမှာ ရုံတင်ဖို့ ရက်အသစ်ကို ပြောပြပေးသွားမှာပါ။ ပုံမှန်အတိုင်း တကမ္ဘာလုံးမှာ ဖြန့်ချိနိုင်ဖို့ လုပ်ဆောင်မှာ မဟုတ်ဘဲ ကျနော်တိုရဲ့ ဈေးကွက်ပိုင်းဆိုင်ရာနဲ့ ဖြန့်ချိရေးပိုင်း အစီအစဉ်တွေဟာလည်း အဲ့ဒါနဲ့ ပတ်သက်လို့ တခုခု အကျိုးသက်ရောက်တာ ရှိမှာပါ” လို့ ဆိုပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ကမ္ဘာကျော် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်တဲ့ “The Conjuring 3” ကိုလည်း ၂၀၂၁ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

Ref: aceshowbiz

You may also like these stories:

Keanu Reeves ကို Constantine ဇာတ်ကောင်အဖြစ် လိုလားနေတဲ့ Warner Bros.

နောက်ထပ် The Mask ရုပ်ရှင်ကို Jim Carrey နဲ့ ရိုက်ကူးဖို့ စိတ်ဝင်စားနေတဲ့ Warner Bros.

လူတွေ အလုပ်မလုပ်မှာစိုးလို့ ရိုက်ကွင်းမှာ ထိုင်ခုံမထားတဲ့ Christopher Nolan

The post “Tenet” ရုပ်ရှင် ရုံတင်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live